Latest News

Wednesday, January 18, 2017

ဆိတ်သုဉ်းစပြုလာသည့် မလေးတို့၏ လက်ခတ်သံ

ဆိတ်သုဉ်းစပြုလာသည့် မလေးတို့၏ လက်ခတ်သံ

ယနေ့ခေတ် အမျိုးသမီးကြီးငယ်မရွေး ၀တ်ဆင်နေသည့် အရောင်အသွေးစုံချည်ထည်များကို ဈေးသက်သက်သာသာဖြင့် ၀ယ်ယူရနေချိန်တွင် လုပ်ငန်းမရပ်အောင် မနည်းကျားကန်နေရသူများရှိနေသည်။ ယင်းမှာ အထည်တစ်ထည်ရရှိလာရန် နာရီပေါင်းများစွာ အချိန်ပေးရသည့် လက်ရက်ကန်း လုပ်ငန်းများပင်ဖြစ် သည်။ လက်ဖြင့် စည်းချက်မှန်မှန် ရက်လုပ်ရသည့် လက်ရက်ကန်းစင်များ တဖြည်းဖြည်း ပျောက်ကွယ်တော့မည့်အရေးမှ အသက်ဆက်ရှင်သန်ရန် ထိန်းသိမ်းထားသည့် ရွာများ ဧရာဝတီမြစ်တစ်ဖက်ကမ်း  သရက်မြို့နယ်တွင် ကျန်ရှိနေပါသေးသည်။

ပျောက်ကွယ်လုနီးနေသော လက်ရက်ကန်းစင်များကို ချင်းကုန်းကြီး၊ ဖောင့်ကအိုင့်၊ စမ်း လယ်၊ သူကြီးစား၊ မွန်းကြီး၊ ဖောင်းကတော၊ ထီးရိုး၊ ယင်း စသည့်ကျေးရွာများရှိ နေအိမ်များတွင် ယနေ့တိုင်မြင်တွေ့နိုင်သေးသည်။ ရိုးရာကို ဆက်လက်ထိန်းသိမ်းရင်း ၀င်ငွေရရန် ကြိုးပမ်းကြဆဲဖြစ်သည်။

 လောင်းလှေကလေးကဲ့သို့ သစ်သားတံ လွန်းကလေးများ၊ ရောင်စုံခြယ်သထားသော ချည်လုံးချည်ခင်များက ထိုဒေသရှိ နေအိမ်တိုင်း၏ မရှိမဖြစ် အဆင်တန်ဆာတစ်ခုကဲ့သို့ တွေ့မြင်နေရဆဲဖြစ်၏။

‘‘ကျွန်တော်တို့ဆီမှာက မိန်း ကလေးဆို ရက်ကန်းခတ်တတ်မှ၊ ယောက်ျားလေးဆို ထွန်တတ်မှ လူရာဝင်တာပဲ။ လူပျို၊ အပျိုအိမ် ထောင်ရက်သားကိစ္စ စဉ်းစားကြ ပြီဆိုရင် နှစ်ဖက်မိဘက ငွေကြေး ဆိုတာထက် ဒါတွေတတ်သလား၊ မတတ်သလား အရင်ကြည့်တာ။ မတတ်ရင် အိမ်ထောင်ကောင်းရ ဖို့ မလွယ်ဘူး’’ဟု သရက်မြို့နယ် ချင်းကုန်းကြီးရွာသား ကိုဝေလင်း က ၎င်းတို့ကျေးရွာတွင် ရိုးရာရက်ကန်းစင်ကလေးများ အသုံးဝင်နေဆဲအပေါ် ဂုဏ်ယူသည့်ဟန်ဖြင့်ဆိုလေသည်။

 ကိုဝေလင်းတို့ ရွာတွင်ယောက်ျားသားများအတွက် စိုက်ခင်းပျိုးခင်း ထွန်ယက်စိုက်ပျိုးခြင်းမှာ မသင်မနေရ ရိုးရာသင်တန်းများ ဖြစ်သကဲ့သို့ ၀ါဖတ်၊ ဂွမ်းသန့်၊ ချည်ငင်၊ ချည်ဆိုး၊ ဗိုင်းငင်စသည်များသည် မိန်းမပျိုလေးများ အတွက် ရက်ကန်းခတ်ပညာ အကြိုသင်တန်းများဖြစ်သည်။

နေ့လယ်နေ့ခင်း တစ်ရေး တစ်မော အိပ်စက်ရမည့် အား လပ်ချိန်ကလေးများမှာ ထိုရွာရှိ အိမ်ရှင်မများအတွက် ရက်ကန်းခတ်ချိန်ဖြစ်ပြီး အပျိုပေါက်မက လေးများအတွက် အိမ်တွင်းလက် မှုသင်တန်းတက်ရမည့် အချိန်ဖြစ် သည်။

မိသားစုပိုင် စိုက်ခင်း၊ ပျိုးခင်း များဆီမှ ၀ါပေါက်ဝါပွင့် သန့်သန့်ကလေးများ အိမ်သို့ရောက်ရှိလာ သည့် နှစ်တစ်နှစ်၏ ဆောင်းအလယ်ဆိုလျှင် အိမ်သူသက်ထားတို့၏ ရက်ကန်းလုပ်ငန်းစဉ်များ စတင်ကြတော့မည် ဖြစ်ပါသည်။

ဆွတ်ခူးလာစ ၀ါဂွမ်းကလေးများအား ၀ါစေ့နှင့် ၀ါဂွမ်းမျှင်ကို သီးခြားစီခွဲထုတ်ပစ်ရသော ဂွမ်း ဖမ်းခြင်းလုပ်ငန်းမှာ အိမ်တွင်းဖြစ် ရက်ကန်းလုပ်ငန်း၏ ပထမအဆင့် ချည်လုပ်ငန်းဖြစ်သည်။ ထို့နောက် တွင်မှ ဂွမ်းဖတ်ကလေးများ နူးညံ့လာပြီး ချည်ထုတ်လွယ်ကူစေရန် ဂွမ်းလှိမ့်ခြင်း၊ ဂွမ်းဖတ်ကလေး များအား ချည်ဖြစ်လာစေရန် ချည်ငင်ခြင်း၊ ဗိုင်းငင်ခြင်း၊ ချည်ရစ်ခြင်း၊ ချည်ငင်ပစ်ခြင်းများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ချင်းကုန်းကြီးကျေးရွာသူ အိမ်ရှင်မ ဒေါ်မမြင့်က ပြောပြသည်။

ထိုမျှသာမက ရရှိလာသော ချည်သားကလေးများကို လိုသလို ခြယ်သနိုင်ရန် ဆေး ဆိုးလုပ်ငန်းစဉ်များဖြစ်သည့် ချည်စိမ်(ရေ စိမ်ခြင်း)၊ ရေသားဝ(ရေစိမ်အသားကျ)လာမှ ပြန်ဆယ်ကာအ ရောင်ဆိုးခြင်း၊ နေလှန်းခြင်း၊ ချည်စာယူရာတွင် အဆင်ပြေစေသော ချည်သားမာမာကလေးများ ဖြစ်လာစေရန် ထမင်းစေ့ဖြင့် ရောနယ်ကာ ချည်စာယူခြင်း၊ ချည်သားချောမွေ့ရှင်းလင်းစေရန် ဆပ်သွားဖူးသွား ဘီးကလေးဖြင့် ချည်ရှင်းခြင်း၊ ချည်ကြိုးကလေးများကို ချားပေါ်တွင်တင်၍ ချည်ကြိုးဆက် ခြင်း (ချားလှည့်ခြင်း)၊ ရက်ကန်းတင်ရန် ချည်ကို တညင်းလုံးတွင် တင်ခြင်းများကို ဒေါ်မမြင့်တို့ကဲ့သို့အိမ်ရှင်မများ ထပ်မံလုပ်ဆောင်ကြရဦးမည်ဖြစ်သည်။

‘‘ရက်ကန်းရက်တာက မကြာ ဘူး။ ချည်အလုပ်က ကြာတာ။ ပုဆိုးတစ်ထည်စာရက်ရင် နေ့လယ်၊ နေ့ခင်းလေးပဲ ရက်ကန်းခတ်လိုက်။ နှစ်ရက်ဆိုပြီးပြီ’’ဟု  ဒေါ်မမြင့်က ရက်ကန်းစင်တင်နိုင်ရန်ချည်စာလုပ်ငန်းများ အဆင့်ဆင့် လုပ်ကိုင်နေရခြင်းကို ပြောပြသည်။

ချည်စာလုပ်ငန်းအားလုံးပြီး စီးလျှင်တော့ ဒေါ်မမြင့်တို့ အိမ်ရှင် မများအဖို့ မိသားစုဝင်များအတွက် ၀တ်ဆင်စရာ ဖျင်ထည် (ချည် ထည်)များကို အိမ်အောက်ရှိ ရိုး ရာရက်ကန်းစင်ကလေးတွင် တင် ကာ စတင်ရက်လုပ်နိုင်တော့မည် ဖြစ်သည်။

 ဒေါ်မမြင့်တို့ ရက်ကန်းလေးများမှ ဖျင်ထည်အင်္ကျီလုံချည်၊ စောင်၊ တဘက်များသာမက ရှေးယခင်များဆိုလျှင် စိုက်ပျိုးရသမျှ သီးနှံထည့်သိုရန် ဖျင်ကြမ်းအိတ်ကြီးများကိုပင် အိမ်တွင်းဖြစ် ရက် လုပ်ခဲ့သည်။

တန်ဖိုးနည်းသော ပီနန်အိတ် များပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် မှ ထိုဖျင်အိတ်ကြီးများကို မရက်လုပ်တော့ခြင်းဖြစ်သည်။

 သစ်ဝါးပေါချိန်ကဆိုလျှင် အိမ်ရှင်မတို့ ရက်ကန်းခတ်ရန် ရက်ကန်းစင်ကလေးမှာ တောထဲ မှရသည့် သစ်ဖြင့် ကိုယ်တိုင်လက် ဖြစ် လုပ်ကိုင်နိုင်သော်လည်း ယခု

အခါတွင် ရက်ကန်းစင်တစ်ခုလျှင် သစ်ဖိုးနှင့် လုပ်အားခအပါ ကျပ်နှစ်သိန်းခန့် ကုန်ကျရကြောင်း ချင်းကုန်းကြီးရွာမှ ကိုမြသိမ်းက ပြောပြသည်။

အထက်အညာ ပခုက္ကူဒေသ ဘက်ဆီမှ ချည်ချောချော အသား များဖြင့် အရောင်အသွေး မျိုးစုံ စက်ရက်ချည်ထည်များကို ဈေး ချိုချိုဖြင့် ရနေပြီဖြစ်၍ ရိုးရာချည် ရက်လုပ်ခြင်းဓလေ့ ပျောက်ကွယ် မသွားအောင် ကြိုးစားထိန်းသိမ်း ထားရကြောင်းလည်း ချင်းကုန်း ကြီးကျေးရွာဒေသခံများက ဆိုလေသည်။

ချည်ထည်အများဆုံး ထွက် သည့် မကွေးတိုင်း ပခုက္ကူကဲ့သို့ မြို့နယ်ကြီးများတွင် ရိုးရာရက်ကန်းခတ်လုပ်ငန်းများနှင့်  ရက်ကန်းခတ်သူအချို့ ရှိနေဆဲဖြစ်သော်လည်း ရက်ကန်းခတ်လုပ်ရာတွင်သုံးသည့် ချည်ကိုမူ ကိုယ်တိုင်ထုတ်ခြင်းမရှိတော့ဘဲ အိန္ဒိယနှင့် တရုတ်နိုင်ငံများဆီမှ ကျစ်လျစ်ပေါ့ပါး၍ ဈေးချိုသော ချည်ကိုဝယ်ယူ၍သာ ရက်လုပ်တော့ကြောင်း ပခုက္ကူမြို့မှ ဒီဘီဗီ သတင်းထောက် ကိုမြင့်နိုင်ကပြောသည်။

‘‘ကျွန်တော်တို့ဘက်က ရွာ တွေကတော့ ရက်ကန်းလုပ်ငန်းတွေကရှိနေဆဲပဲ။ ဒါပေမဲ့ ချည်ကို တော့ အိန္ဒိယကလာတဲ့ ချည်ကို ၀ယ်ပြီးရက်လုပ်ကြတာ။ ကျွန်တော်တို့ဆီက ရက်ကန်းလုပ်သားတွေက အိန္ဒိယနိုင်ငံဘက်ကို ရက်ကန်းလုပ်ငန်းတွေ သွားလုပ်ကြပြီး အဲဒီက ရက်ကန်းနည်းပညာနဲ့ အဆင်ဆန်းတွေထုတ်တာ’’ဟု မုံရွာဒေသခံတစ်ဦးက ရက်ကန်းလုပ်ငန်း တိုးတက်ပြောင်းလဲလာပုံကို ပြောကြားသည်။

‘‘ဖျင်ထည်က အေးတယ်။ ကိုယ့်ချွေးကလေးနဲ့ကိုယ် အေးနေ တာမျိုး။ ရာသီဥတုဒဏ်လည်း ခံ နိုင်တယ်။ အသားအရေကိုလည်း မထိခိုက်စေတော့ ရွာမှာက တော လုပ်တောကိုင်များတော့ အကြမ်း လည်းခံတဲ့ ဖျင်ပဲဝတ်ကြတယ်။ က လေးတွေကတော့ ခေတ်ပေါ်အ ၀တ်အစားဝတ်ချင်တာပေါ့။ အဲဒါ သူတို့ကြိုက်တဲ့ အရောင်ကလေး၊ အဆင်လေးဖြစ်အောင် လုပ်ပေးရ တာပဲ’’ ဟု ရိုးရာရက်ကန်းစင်ထွက် ဖျင်ထည်များအပေါ်တွင် ခေတ်လူ ငယ်တို့အကြိုက် နည်းလာနေသ ဖြင့် ၀တ်ဆင်ကြစေရန် ဆွဲဆောင် နေရပုံကို ချင်းကုန်းကြီးကျေးရွာသူ အိမ်ရှင်မ ဒေါ်ခင်ဌေးဝင်းက ပြောပြသည်။

ယနေ့အချိန်အထိ ချင်းကုန်း ကြီးကျေးရွာကဲ့သို့ သရက်မြို့နယ် အနောက်ဖျားဆီမှ ခေါင်လှသည့် ကျေးရွာကလေးများတွင် ရိုးရာအိမ်တွင်း ရက်ကန်းစင်ကလေး များက တည်ရှိနေဆဲ၊ ချောက်ချက် ချောက်ချက်စသည့် ရက်ကန်းခတ် သံလေးများလည်း ကြားနေရဆဲ ဖြစ်သည်။

ကြီးကြီးငယ်ငယ် ရွယ်ရွယ် လတ်လတ် အားလုံး နေပူပူတွင် ထူထဲသော မြန်မာ့ရိုးရာ ဂျင်းထည် ဟု တင်စားရမည့် ဖျင်ထည်အ ၀တ်အစားများ ၀တ်ဆင်နေကြဆဲ လည်း ဖြစ်သည်။

‘‘အခုက ဈေးပေါပြီး ချည် သားချောတဲ့ အထည်တွေလည်း ၀ယ်လို့ရနေပြီ။ ဒါပေမဲ့ ရိုးရာဆို တော့ အတတ်နိုင်ဆုံး ထိန်းသိမ်း ထားရတာပါပဲ။ ၀ါကလည်း ကိုယ့် စိုက်ခင်းက ရတာ။ ကျန်တာက လည်း အကုန်အိမ်လုပ်အားနဲ့ပဲ လုပ်တာလေ။ ဘာမှမကုန်ပါဘူး။ ချုပ်ခပဲကုန်တာ။ ပင်တော့ပင်ပန်း တာပေါ့။ ဒါပေမဲ့လည်း လုပ်နေ ကျ ဖြစ်သွားရင်တော့ ရက်ကန်းမ ခတ်ရ မနေတတ်ဘူး ဖြစ်သွားမှာ’’ ဟု ဒေါ်မမြင့်ကဆိုလေသည်။

ဒေါ်မမြင့်တို့ မိသားစုမှ အ သက်(၁၅)နှစ်အရွယ် ဆယ်တန်း ကျောင်းသူမှာလည်း ပြီးခဲ့သည့် နွေရာသီက ရက်ကန်းခတ်ခြင်းအ လုပ်ကို သင်ကြားခဲ့ပြီး ယခုအခါခြေနှစ်ချောင်းနင်း ရက်ကန်းကလေးကိုတော့ လည်ဝယ်စွာ ခတ်တတ်ခဲ့ပြီဖြစ်သည်။

‘‘ကျောင်းမှာတော့ သူငယ်ချင်းတွေက ရက်ကန်းခတ်တော့အံ့သြကြတယ်။ ဘယ်လိုခတ်တာလဲမေးကြတယ်။ ပြောပြရတော့ ဂုဏ်ယူမိတယ်။ အဘွားတို့လို ရက်ကန်းခတ်ပညာ အကုန်တတ်အောင် သင်မှာပါ။ အခုနှစ် သူငယ်ချင်းတွေကို ရွာကို အလည်ခေါ်ထားတယ်။ ရက်ကန်းခတ်တာ ပြချင်လို့’’ဟု သရက်မြို့ပေါ်တွင်  ဆယ်တန်းပညာသွားရောက်သင်ကြားနေသူ အဆိုပါ ချင်းကုန်းကြီးရွာသူကလေးက မိမိတို့ကျေးရွာမှ ရက်ကန်းခတ်ခြင်းနှင့် ပတ်သက်ပြီး ဂုဏ်ယူသည့်ဟန်ဖြင့် ပြောသည်။

သို့သော် ယခင်က အောင်လံ နယ်တစ်ဝိုက်ရှိ ကျေးရွာအများစု တွင် ထွန်းကားခဲ့သည့် မိသားစု တစ်စုအတွင်း အိမ်ရှင်မက မိသား စုဝင်များ ၀တ်ဆင်ဖို့ရာ ကိုယ်တိုင် ရက်လုပ်ပေးသည့် အိမ်တွင်းဖြစ် ရိုးရာ ရက်ကန်းစင် ဓလေ့မှာ ပျောက်ကွယ်မည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

‘‘ဒီရက်ကန်းစင်ကလေးက မိဘဘိုးဘွားလက်ထက်ကတည်း က လုပ်ခဲ့တာမို့ အိမ်အောက်မှာ ရှိပေမယ့် ရက်လုပ်မယ့်လူကတော့ မရှိပါဘူး။ လူငယ်တွေက အပြင်ထွက်ပြီး အလုပ်လုပ်ကြရသလို  အိမ်ရှိလူကြီးတွေကလည်း စိုက် ခင်းပျိုးခင်းတစ်ဖက်၊ ကျွဲ၊ နွားက တစ်ဖက်နဲ့ဆိုတော့ မလုပ်နိုင်ကြ တော့ဘူးလေ’’

ခြေတံရှည် ပျဉ်ထောင်အိမ် ကြီး၏ အောက်ထပ်တွင် ပင့်ကူအိမ်အများအပြား ရစ်သိုင်းဖွဲ့အုံနေပြီး ဖုန်အလိမ်းလိမ်းတက်နေ သော ရိုးရာရက်ကန်းစင်ကလေးကို လက်ညှိုးထိုးပြရင်း အောင်လံမြို့နယ် ကြက်ရုံးကလေးကျေးရွာနေ တောင်သူကြီးဦးဇော်မင်းက ပြောခြင်းဖြစ်သည်။

အိမ်ခြေလေးရာခန့် ရှိနေ သော အဆိုပါကျေးရွာတွင် လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ခန့်က အိမ်တိုင်းစေ့၌ ရိုးရာရက်ကန်းစင် ကလေးများနှင့် လုံမပျိုကလေးများ ၏ ရက်ကန်းခတ်သံများ စီစီဝေခဲ့သော်လည်း  ယခုအခါ တစ်ရွာလုံး တွင်မှ ရက်ကန်းတစ်စင်သာ ရှိ တော့သည်။

‘‘အ၀တ်အထည်တွေကဈေး ပေါပေါနဲ့ အရောင်စုံ၊ အသွေးစုံ ၀ယ်လို့ရနေတယ်လေ။ ဒီတော့ရိုးရာဖျင်ထည်ထွက်တဲ့ ရက်ကန်းအလုပ်ကို အခုခေတ်ကလေးမတွေ စိတ်မ၀င်စားတော့ဘူး။ သမီးတွေတောင် ဈေးရောင်း၊ စက်ချုပ်အလုပ်က ၀င်ငွေကောင်းနေတော့ ရက်ကန်းကို မခတ်ချင်ကြတော့ဘူး’’ဟု တစ်ရွာလုံးတွင်မှ တစ်စင်တည်းသာရှိသော ရက်ကန်းလေး၏ ပိုင်ရှင် အသက်(၆၀)နှစ်အရွယ် ဒေါ်လေးမေကပြောသည်။

ကျေးရွာအတွင်းရှိ လူငယ် လူရွယ်အများစုမှာ ၀င်ငွေကောင်း မွန်သည့် နိုင်ငံရပ်ခြားနှင့် မြို့ကြီး ပြကြီးများသို့ အလုပ်သွားရောက် လုပ်ကိုင်နေရပြီး အိမ်ရှိလူကြီးများ မှာလည်း စိုက်ခင်းပျိုးခင်းများနှင့် ကျွဲ၊ နွားများကြောင့် ရက်ကန်း လုပ်ငန်း မလုပ်ကိုင်နိုင်ကြတော့ ကြောင်း အောင်လံမြို့နယ် ကျောက်အိုးတောင်ကျေးရွာမှ အ သက်(၆၀)နှစ်အရွယ် အရှိုချင်း တိုင်းရင်းသားကြီးဦးဖိုးရင်ကပြောသည်။

‘‘အရင် လူပျိုဘ၀တုန်းက တော့ အမေဖြစ်သူကိုယ်တိုင် ရက် လုပ်ပေးတဲ့ ဖျင်ထည်ကလေးတွေ ၀တ်ပြီး တောင်ယာလုပ်ခဲ့တယ်။ အခုတော့ သားသမီးတွေက ၀င်ငွေကောင်းတဲ့ နိုင်ငံခြားသွားတာ စိတ်ဝင်စားတော့ ရက်ကန်းစင်က လေးလည်း အ၀တ်လှန်းတဲ့တန်း ဖြစ်နေတာပဲ။ ပိုက်ဆံမရတော့ ရက်ကန်းခတ်တတ်ဖို့လည်း မသင်ချင်ကြဘူးလေ’’ဟု ချင်းအမျိုးသားကြီး ဦးဖိုးရင်က မျိုးဆက်သစ်သားသမီးများ ရက်ကန်းလုပ်ငန်းအပေါ်တွင် စိတ်ဝင်စားမှုမရှိတော့ ခြင်းကို ၎င်း၏ငယ်ဘ၀နှင့် နှိုင်း ယှဉ်ပြောကြားသည်။

Sources: လင်းသက်နိုင် ( 7Day News Journal )

No comments:

Post a Comment