Latest News

Wednesday, January 4, 2017

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ပြိုင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၎

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်များအနက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လစ်လပ်မဲဆန္ဒနယ်မြေများ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တို့အတွက် လစ်လပ် ၁၉ နေရာ၌ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ရှစ်ဦး စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“လွှတ်တော်ထဲမှာ အတိုက်အခံအဖြစ် ဆောင်ရွက်နိုင်ဖို့ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တယ်။ ကော့မှူးမြို့နယ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများဆုံး ဖြစ်မယ်လို့ မသိခဲ့ဘူး။ စာရင်းထွက်လာမှ သိတာပါ”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သော မဲဆန္ဒနယ်မြေ တစ်ခုဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက် တစ်ပါတီ(မြန်မာ)၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ အမျိုးသား တိုးတက်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် တစ်သီးပုဂ္ဂလ နှစ်ဦး၊ စုစုပေါင်း ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ကော့မှူးမြို့နယ်က ကရင်တိုင်းရင်းသား အများဆုံး နေထိုင်တဲ့မြို့ ဖြစ်တယ်။ ကရင်တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်ဖို့ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်တယ်”ဟု ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ(ဒု-ဥက္ကဋ္ဌ) ဦးအောင်ပြည်စိုးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက်ပါတီများကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော မဲဆန္ဒနယ် တစ်ခုဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာနယ် မြေများ၌ မဲဆွယ်ခွင့်ကို ဇန်နဝါရီ ၃၀ ရက်မှ မတ် ၃၀ ရက်အထိ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

J-07

Sources; The Voice

No comments:

Post a Comment