Latest News

Monday, January 2, 2017

စိတ်လျှော့...ကိုဆိတ်ဖွား

စိတ်လျှော့...ကိုဆိတ်ဖွား



ယခုတစ်လောကျွန်တော့်အာရုံထဲမှာ ငယ်စဉ်က ဖတ်ခဲ့ဖူးသည့် ဆရာမင်းသိင်္ခ၏ ၀တ္ထုဇာတ် ကောင်များ ပေါ်ပေါ်လာတတ် သည်။ ယုတ်မာရိုင်းစိုင်းသော ဗြိ တိသျှမျက်နှာဖြူ အရာရှိကြီးများ ၏ နဖူးအလယ်တည့်တည့်ကို သေနတ်ဖြင့်ပစ်ကာ လားပင်စင် ပေးလိုက်သည်ဟု ရေးထားခဲ့ သော မတစ်ထောင်တစ်ကောင် ဘွား။ မမင်းဖြူ မှန်မှန်ပြော ၀တ္ထု ထဲက မိုးသီးနှင့်သေတ္တာ။ နောက် တော့ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား။

မင်းသိင်္ခ၏ ဇာတ်ကောင်များ မှာ ဉာဏ်ပညာကြီးမြင့်သူများ၊ ရဲ စွမ်းသတ္တိရှိသူများ၊ အမှန်တရား ကို မြတ်နိုးသူများ၊ မဟုတ်မခံစိတ် ရှိသူများသာဖြစ်သည်။ သို့သော် လည်း သူတို့သည် စုံထောက်ကျော် ဆားပုလင်းနှင်းမောင်နှင့် တွေ့ဆုံချိန်မှာတော့ အဖမ်းခံကြရ၊ထောင်နန်းစံကြရ၊ ကြိုးစင် တက်ကြရသည်။ ထိုအခါမျိုးတွင် ကျွန်တော်တို့စိတ်ထဲ ၀မ်းနည်းသလို ခံစားရသည်။ ဆားပုလင်းနှင်း မောင်ကို သဘောကျသော်လည်း အမှန်တရားချစ်မြတ်နိုးသူ၊ ရဲစွမ်း သတ္တိရှိသူတို့ အဖမ်းခံရသောအ ခါ နှမြောတသစိတ်ဖြစ်ကြရ သည်။ တစ်ခါတစ်ရံ အမှန်တရား၊ တရားမျှတမှုဆိုသည်ကိုပင် ယုံ မှားသံသယဖြစ်ခဲ့ရသည်။

ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား ၀တ္ထုနိဂုံးမှာ ဆိတ်ဖွား အဖမ်းခံရပြီးနောက် ဆားပုလင်း နှင်းမောင်နှင့် အပြန်အလှန်ပြော သည့်စကားကို တစ်ခါတစ်ရံ ကြား ယောင်နေတတ်သည်။

‘‘ကိုဆိတ်ဖွားဟာ လူတော် တစ်ယောက်ဆိုတာ ကျုပ်အနေနဲ့ အကြွင်းမရှိလက်ခံတယ်။ ဒါပေမဲ့ လူကောင်းတစ်ယောက်လို့တော့ မဆိုနိုင်ပါဘူး။ ခင်ဗျားက သည်းခံ ခြင်းဆိုတဲ့ အလွန်တရာငြိမ်းအေး တဲ့ တရားတစ်ခု ချွတ်ယွင်းနေတယ်။ ဘယ်တော့ပဲ ဖြစ်ဖြစ် ပြဿနာပေါ်လာတိုင်း အကြမ်း ဖက်တဲ့နည်းကို သုံးလေ့ရှိတယ်။ နောက်ဆုံးမှာ ခင်ဗျားဟာ လူ သတ်မှုနဲ့ချည်း  ပြဿနာကို အဆုံး သတ်လေ့ရှိတယ်။ ကိုဆိတ်ဖွား။ ဒီအချက်ဟာ တရားဥပဒေက ခင်ဗျားကို မျက်နှာသာမပေးနိုင်တဲ့ အချက်ပဲ။

‘‘ဟာဟ။ သိပ်တော်တဲ့ ဆား ပုလင်းနှင်းမောင်။ စီအိုင်ဒီက ထွက်ပြီး ဓမ္မကထိကများလုပ်ဦးမ လို့လား။ ဟာ...ဟ...ဘာပဲဖြစ် ဖြစ် ဆိတ်ဖွားနဲ့ နှင်းမောင်တွေ့ကြ ဦးမယ်။ တွေ့ကြဦးမယ်။ ဆင်နဲ့ ခြင်္သေ့တို့ရဲ့ ကမ္ဘာဦးရန်ပွဲလို သဲ သဲမဲမဲကြီး တိုက်ခိုက်ရဦးမယ် ဆားပုလင်းနှင်မောင်’’

‘‘ဆင်နဲ့ ခြင်္သေ့တို့ရဲ့ ကမ္ဘာဦး စစ်မီးကို လောကနတ်သားဟာ စည်းစုပ်ကိုကိုင်ပြီး ငြှိမ်းသတ်ခဲ့ပါ တယ်။ ကိုဆိတ်ဖွား...ခင်ဗျားဟာ လူတော်တစ်ယောက်ပါပဲ။ အစစ အရာရာ တော်လွန်းလို့ ခင်ဗျားကို ပရော်ဖက်ဆာကြီးလို့တောင် လူ တွေက နောက်ရင်းပြောင်ရင်း ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခင် ဗျားဟာ ခင်ဗျားရဲ့ ရန်သူအစစ် အမှန်ကို မမြင်နိုင်လောက်အောင် ဒေါသဆိုတဲ့ တိမ်သလ္လာတွေ ဖုံး လွှမ်းနေပါကလား’’ဟုပြောကာ ဆားပုလင်းနှင်းမောင်က စီးက ရက်ကိုထုတ်၍ မီးညှိရှိုက်ဖွာလိုက် ပြီး မီးခိုးများ မှုတ်ထုတ်လိုက်လေ သည်။

‘‘ကျုပ်ရဲ့ ရန်သူအစစ်က ဘယ်သူလဲ...ဘယ်သူလဲ အင်္ဂ လိပ်အစိုးရလား’’ဟု ဆိတ်ဖွားက အော်ဟစ်၍ မေးလိုက်လေ၏။

‘‘ခင်ဗျားရဲ့ ရန်သူဟာ အင်္ဂ လိပ်အစိုးရလည်း မဟုတ်ဘူး။ တရားဥပဒေလည်းမဟုတ်ဘူး။ ပုလိပ်အဖွဲ့လည်း မဟုတ်ဘူး ဆရာဆိတ်ဖွား’’

‘‘ဒါဖြင့် ဘယ်သူလဲ...ဘယ် သူလဲ၊ ငါ့ရန်သူ’’

‘‘လက်စားချေခြင်းဟာ တ ရားသောအမှုဖြစ်တယ်လို့ လွဲမှား တဲ့ ခင်ဗျားဦးနှောက်ထဲက အယူ အဆတွေဟာ ခင်ဗျားရဲ့ ရန်သူအ စစ်ပဲ ကိုဆိတ်ဖွား’’

‘‘လက်စားချေခြင်းဟာ ရိုင်း စိုင်းမှားယွင်းတဲ့ အပြုအမူဖြစ်ပါ တယ် ကိုဆိတ်ဖွား’’

‘‘လက်စားချေခြင်းဟာ ချို မြိန်သော အရာဖြစ်တယ်...ဆား ပုလင်းနှင်းမောင်’’

‘‘လက်စားချေခြင်း အမှုတွေ ကို တရားဥပဒေက ခွင့်မပြုနိုင်သ လို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ကလည်း ခွင့်မပြုတော့ဘူး ကို ဆိတ်ဖွား။ ဒါကြောင့် ခင်ဗျားဟာ ကြိုးစင်တက်ရတော့မယ်။ ဒီအ တွက်တော့ စိတ်မကောင်းပါဘူး ကိုဆိတ်ဖွား’’

ကျွန်တော်သည် 7 Day Daily သတင်းစာ အချပ်ပိုပါ၊ လူပါးဝ Bus များရပ်ဆိုသည့် အ ဖွဲ့မှ ပုဂ္ဂိုလ်တစ်ဦးနှင့် အင်တာဗျူး ကို ဖတ်မိပြီး ထိုကဲ့သို့ အတွေးများ၊ အသံများ ပြန်လည်ရစ်ဝဲလာခြင်း ဖြစ်သည်။ လောကတွင် လူဆိုး လူယုတ်များရှိသလို လူကောင်း လူတော်များ၊ လူ့ယဉ်ကျေးများ လည်း အများအပြားရှိပါသည်။ တရားဥပဒေစိုးမိုးမှု ဟန်ချက်မညီ လေသောအခါ လူဆိုးလူယုတ်တို့ အားကောင်းလာစမြဲဖြစ်သည်။ ထိုအခါ အပြစ်မဲ့သူ လူအများစုက လူဆိုးလူယုတ်တို့၏ လက်ခုပ် တွင်းမှ ရေပမာ  သွန်လိုသွန်မှောက် လိုမှောက်ဘ၀မျိုးရောက်ကြရ သည်။ ထိုအခါမျိုးတွင် ရဲစွမ်းသ တ္တိရှိသူ၊ မဟုတ်မခံ စိတ်ရှိသူတို့ ပေါက်ကွဲတတ်ကြသည်။ မတရား သည့်ဘက်မှ၊ အနှိပ်စက်ခံသည့် ဘက်မှ မားမားမတ်မတ်ရပ်လို စိတ်မျိုးဖြစ်ပေါ်လာတတ်သည်။ တရားဥပဒေစိုးမိုးမှုကို မယုံကြည် ရသောအခါ၊ တရားမျှတမှုမဲ့သည် ဟု ထင်သည့်အခါ ဥပဒေအကာ အကွယ်အောက်သို့ မ၀င်တော့ဘဲ ကိုယ်တိုင်တရားစီရင်လိုလာ သည်။ ထိုအခါမျိုးတွင် တရား ဥပဒေကို ကိုယ်တိုင်ချိုးဖောက်မိ သလိုဖြစ်တတ်သည်။

ထိုတွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားသူက ‘‘ကျွန်တော်တို့က တော့ ခရီးသွားပြည်သူတွေကို စော်ကားတာ၊ ရိုင်းပျတာမျိုးတွေ ခံစားရတဲ့ အနေအထားမှာ ပြည် သူတွေအနေနဲ့ ဆန့်ကျင်ခွင့်ရှိ တယ်လို့ ယုံကြည်ပါတယ်။ ခရီး သွားပြည်သူတွေကို နိုင်ထက်စီး နင်းလုပ်တာတွေကို လက်မခံဘူး။ သက်ဆိုင်ရာ အာဏာပိုင်တာဝန် ရှိသူတွေက ထိထိရောက်ရောက် လုပ်ပေးတယ်ဆိုရင် ဒီလိုဖြစ်စဉ် တွေ ဖြစ်လာစရာအကြောင်းမရှိ ပါဘူး။ ထိရောက်တဲ့ အရေးယူမှု မရှိတဲ့အတွက် ကျွန်တော်တို့ ပြည် သူတွေကို ပြည်သူတွေက ပြန်လည်စောင့်ရှောက်တာက တရားမျှတမှုရှိတယ်လို့ ထင်ပါတယ်’’ တဲ့။

သူ့အဖြေကို ကျွန်တော်ဖတ် မိပြီး ခေါင်းနပန်းကြီးသွားသည်။ သတ္တိရှိသော၊ မတရားသည့်ဘက် မှ ရပ်တည်လိုသော၊ မဟုတ်မခံ လူအများသည် အာဏာပိုင်တို့၏ အရေးယူမှု နှောင့်နှေးနေခြင်းကို အားမလိုအားမရဖြစ်လာပုံရ သည်။ သို့သော်လည်း ဆိုးသွမ်းသူ လူရမ်းကားတို့ကြောင့် လူကောင်း တွေ ဥပဒေချိုးဖောက်မိပြီး တရား စီရင်ခြင်းခံရလျှင်ဖြင့် နစ်နာမှုများ ဖြစ်ပေါ်လာတော့ပေလိမ့်မည်။

တိုင်းဒေသကြီးအစိုးရအပါ အ၀င် သက်ဆိုင်ရာ အဖွဲ့အစည်း များအနေဖြင့် ယခုလိုကိစ္စမျိုးကို အလျင်အမြန် ကိုင်တွယ်သင့် သည်ဟု ထင်သည်။ အင်တာဗျူး ဖြေသူ ပြောသလို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိထိရောက် ရောက် ကိုင်တွယ်ခြင်းမရှိဟု ပြည် သူလုထုက ထင်လာလျှင် အစိုးရ တစ်ရပ်၏ ဂုဏ်သိက္ခာဆုံးရှုံးရခြင်း ပင်ဖြစ်သည်။ ပြောရလျှင် ခုလို ချိန်ခါမျိုးမှာသည်းခံပါဟု ရွှေပြည် အေးတရားဟောရမည့်အချိန်အ ခါမျိုးမဟုတ်ပေ။ ဥပဒေကို ကျူး လွန်သူများကို ကျူးလွန်သည့် အ လျောက် ပြစ်ဒဏ်များ စီရင်နိုင်ရန် အရေးကြီးသော အချိန်ဖြစ်သည်။ သို့မှသာ အစိုးရအပေါ် ပြည်သူ များ ယုံကြည်အားကိုးလာမည် လည်းဖြစ်သည်။ ယခုအခြေအနေ မှာ ပြည်သူများ အားကိုးရာမဲ့နေ သော အခြေအနေဖြစ်သည်။ ထို သို့သောအချိန်မျိုးတွင် မဟုတ်မခံ စိတ်ရှိသူများက စော်ကားခံရ သော ပြည်သူအချို့ကို ကာကွယ် ရင်း တောမီးလောင်ခိုက် လက်ခ မောင်းခတ်ချင်သော တောကြောင် တို့၏ အန္တရာယ်စက်ကွင်းသို့ ကျ ရောက်သွားလျှင် လူကောင်းလူ တော်များ ဆုံးရှုံးနစ်နာရပေလိမ့် မည်။ တစ်ခါတစ်ရံတော့လည်း အဖြစ်အပျက်တို့ကို သေချာဆန်း စစ်ရန် လိုပေလိမ့်မည်။ မိသားစု စားဝတ်နေရေး ဖြေရှင်းကာ လုပ် ကိုင်စားသောက် နေရသူချင်း အ တူတူ ရိုင်းပျသော၊ ကတ်သီးကတ် သတ်လုပ်သော၊ ခွတိုက်သော ခရီးသည်များကို ခရီးသွားရင်း ကြုံ ဖူးကြပါလိမ့်မည်။ ထိုထိုအခါမျိုး တွင်တော့ စိတ်မရှည်သော၊ လူအ များစုနှင့် ဆက်ဆံရသော ယာဉ် နောက်လိုက်များ ပေါက်ကွဲမိ တတ်ကြပါလိမ့်မည်။ သို့သော် မည်သို့ပင် ပေါက်ကွဲ သည်ဖြစ်စေ လက်နက်အားကိုး ဖြေရှင်းခြင်း၊ ရိုင်းပျစော်ကားခြင်းမျိုးကိုတော့ ရှောင်ရှားရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း များစွာ ဆင်းရဲဒုက္ခအမျိုးမျိုး၊ ဖိနှိပ် မှုအမျိုးမျိုးဖြင့် ကြုံခဲ့ရသော ပြည် သူလူထုထဲတွင် ခရီးသည်ရော ယာဉ်မောင်း ယာဉ်နောက်လိုက် များပါ ပါဝင်ပါသည်။ ထို့ကြောင့် လူအများစု၏ စိတ်တွင် ဆားပုလင်း နှင်းမောင် ပြောသလိုပင် သည်းခံ ခြင်းဆိုသည့် အလွန်တရာ ငြိမ်း အေးသော တရားတစ်ခု ချွတ်ယွင်း နေကြသည်မှာ အမှန်ပင်ဖြစ် သည်။ ထိုသို့ ပေါက်ကွဲလွယ်သော အခြေအနေမျိုးတွင် ရိုင်းစိုင်းသော အပြုအမူမျိုးကို ထိန်းချုပ်ရမည် ဖြစ်သကဲ့သို့ လက်စားချေခြင်းဆို သည်မှာ တရားမျှတသည်ဆိုသော အယူအဆမျိုးကိုလည်း မသိမ်း ဆည်းအပ်၊ စွန့်ပယ်အပ်သည်ဟု ထင်ပါသည်။ အဓိက တာဝန်ရှိ သော အာဏာပိုင်အဖွဲ့အစည်းတို့ ဥပဒေစိုးမိုးရေးဆောင်ရွက်မှု နှောင့်နှေးနေသမျှ ထိုကဲ့သို့ အဖြစ် အပျက်မျိုး ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ မိမိတို့ အနာဂတ်ကို မျှော်တွေးရင်း-စိတ် လျှော့ ကိုဆိတ်ဖွားဟုသာ တိုက် တွန်းချင်ပါသည်။။


Sources; 7Day News Journal

No comments:

Post a Comment