Latest News

Monday, January 2, 2017

အကြိမ်ကြိမ်လာတော့မည့် နှစ်သစ်များမှာ

အကြိမ်ကြိမ်လာတော့မည့် နှစ်သစ်များမှာ


(၁)

နှစ်သစ်တစ်နှစ်ရောက်ပြီမို့ ကုန်လွန်ခဲ့သည့် နှစ်ကိုပြန်လည် သုံးသပ်ကြ၊ ရောက်လာသည့်နှစ် အတွက် ဘာလုပ်မလဲတွက်ချက် ခန့်မှန်းကြ၊ အစီအစဉ်ဆွဲကြနှင့် လူသားကမ္ဘာမှာရော၊ ကိုယ့်နိုင်ငံမှာ ပါ လှုပ်လှုပ်သည်းသည်းရှိကြချိန်။

ပုဂ္ဂလလူသားတွေအနေဖြင့် ကိုယ်ပိုင်သီးသန့်လျှို့ဝှက်ဆု တောင်း၊ ဗြောင်ကျကျဆန္ဒ၊ ပွင့် ပွင့်လင်းလင်းပြောဆိုလုပ်ကိုင်မှု၊ မျိုသိပ်အောင့်အည်းစောင့်စည်း လိုက်ရခြင်းမျိုးတွေက နိစ္စဓူဝနေ့ စဉ်ဘ၀တွေထဲ အမြဲမပြတ်ရှိနေ ကြပါ၏။ ယခုလိုကာလကိုတော့ စပယ်ရှယ် ‘‘အထူး’’သီးသန့်ထား ကြမှာလည်း အများစုဖြစ်ပါမည်။ လောကနိယာမတစ်ရပ်ပေပဲ။ မဆန်းလှဟု မပြောလိုသော်ငြား ပျော်ခြင်း၊ မောခြင်းတွေယှဉ်တွဲ နေတတ်သည့် ဓမ္မတာကိုလည်း ချိန်ဆတွေးတောဖြစ်နေပါ၏။ ပျော်စရာ နှစ်သစ်ဖြစ်ပါစေဟု မေတ္တာကူးလူးဆုတောင်းပေးကြ တာ ကောင်းသည်ပင်။

ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာ၊ မော်လမြိုင်၊ တောင် ကြီးတို့လို လူဦးရေထူထပ်သိပ် သည်းသည့် မြို့ကြီးတွေမှာ ဤ အပျော်တွေပျံ့နှံ့နေမှာပိုများပေ မည်။ ပိုတွေ့မြင်ကြရမှာ သေချာ သည်ကလည်း အမှန်ဖြစ်ပေမည်။ ကိုယ်ရေးကိုယ်တာသောကတ ချို့လည်း ခဏတစ်ဖြုတ်ဖြစ်ဖြစ် လျော့ပါးသွားကြပါမည်။ ကူးလူး ပျံ့နှံ့ယှက်နွှယ်ဆက်စပ်တတ် သော လူနှင့် မိမိဝန်းကျင်၏ ချိတ် ဆက်မှုကို ဒီဇင်ဘာ ၃၁ ရက်ညက တွေ့မြင်နိုင်ရအလွယ်ဆုံးဟု ပြော နိုင်သည်။

ဟုတ်ပြီ။ နှစ်သစ်ကို၊ ၂၀၁၇ ခုနှစ်ကို စတင်ဝင်ရောက်လာပါ ပြီ။

(၂)

လူသားမျိုးနွယ်တစ်ရပ်လုံး မှာပဲ ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ် ရပ် နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်စေ၊ ကိုယ်ကျင်လည်ရာအ၀န်းအ၀ိုင်း (တွေ)မှာပဲ ဖြစ်စေ၊ အသိုက်အမြုံ ကွန်မြူနတီငယ်လေးနီးစပ်ရာ တူညီရာစုဖွဲ့ထားကြသည်မှာပဲ ဖြစ်စေ၊ နိုင်ငံသားတစ်ဦး၊ လူတစ် ယောက်စီမှာပဲ ဖြစ်စေ...ဘ၀သုံး မျိုး (လောကလောကီဘ၀ကို ဆို လို၏) ကိုယ်စီရှိနေကြပါ၏။ နိုင်ငံ ရေးဘ၀၊ စီးပွားရေးဘ၀၊ လူမှု ဆိုင်ရာလူရေးလူရာဖြစ်တည်မှု ဘ၀...။

အမေရိကန်သမ္မတအိုဘား မားကနေ နယူးယောက်က ခြေ သလုံးအိမ်တိုင်လူပေလူတေတစ် ဦးအထိ ရှိသည်။ ပူတင်၊ ရှိစီကျင်းဟင်ကနေ အော်တိုကရေစီဒဏ်ကို နင့်နေအောင်ခံစားရသော သာမန်အလုပ်သမားတစ်ဦးအထိ ရှိသည်။ဆယ်စု သုံးစုကျော်အာဏာရှင်ကြီး ဂမ်ဘီယာသမ္မတ (ယခုတော့ ရွေးကောက်ပွဲဟန်ပြလုပ်တာ ရှုံးသွားပြီး အာဏာလက်မလွှတ်ရအောင် နည်းမျိုးစုံသုံးနေသော အသက်ကိုးဆယ်) ယာယာဂျမေးကနေ ပြက္ခဒိန်တောင်မမြင်ဖူးသည့် ဂမ်ဘီယာလယ်သူရင်းငှား (လယ်ကူလီ)တစ်ဦးစီအထိရှိ သည်။ အာဖရိကဆာဟာရသဲကန္တာရ၀န်းကျင်ဒေသနိုင်ငံများ မှာ လက်နက်မှောင်ခိုသွင်းနေ သည့် ခေတ်ပျက်မိစ္ဆာသူဌေးတစ် ဦး (ဘီလျံနာဖြစ်ချင်ဖြစ်မည်) ကနေ ရေတစ်ခွက်သောက်ရဖို့ ငါးမိုင်လောက်သွားရှာနေရသူ (များ) အထိရှိသည်။ အိုင်တီပဂေး ဘီလ်ဂိတ်ကနေ မိုက်ခရိုဆော့ဖ်ရုံး ခွဲလေးတစ်ခုက သန့်ရှင်းရေးသမ လေးဆီအထိရှိသည်။

ကိုယ့်နိုင်ငံမှာကော..သမ္မတ ကြီး ဦးထင်ကျော်၊ နိုင်ငံ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကနေ မူလတန်းပင်မအောင်၊ မွေးရပ်စွန့်၍ ရန်ကုန်အထည်ချုပ် မှာနေ့စားလရှင်းဝင်လုပ်နေရင်း ၃၁ ရက် စနေနေ့ညဆိုင်းမဆင်းဖြစ်တော့ လခမထုတ်ရသေးသော နှစ်သစ်မနက်မှာ အခန်းခလာ တောင်းချိန် လက်ထဲငွေကျပ်တစ် သောင်းခွဲမရှိသည့် စက်မှုဇုန်အ လုပ်သမားလေးအထိရှိသည်။ ကာချုပ်ကြီးကနေ ကချင်ရှေ့တန်းကတုတ်ကျင်းထဲက အသက် ၂၀ မပြည့်တပြည့်စစ်သည်ပျိုလေးဆီ အထိရှိသည်။ ညက ကြယ်ငါးပွင့် ဟိုတယ်မှာ ကိုယ်ပိုင်ခြံထဲမှာ ပါတီကြီးတွေပေးခဲ့ပြီး နှစ်သစ်မနက် အရက်နာကျနေသူတချို့ကနေ ကျိန်းစပ်နေသော မျက်လုံးတွေကို ပွတ်ရင်းအိမ်အပြန်ဘတ်စ်ကားပေါ်က အသက် ၆၀ လုံခြုံရေးဝန် ထမ်းကြီးဆီအထိရှိသည်။

ဆွစ်ဇာလန်၊ နော်ဝေး၊ ဖင် လန်၊ ဂျပန်တို့မှာလည်း ယခုပြော ထားသလောက်မဟုတ်သည့်တိုင် ခပ်နာနာဖြစ်ရပ်တွေရှိမှာ သေချာ ၏။ သူတို့လည်း ထိုသို့ဘ၀သုံးမျိုး ထဲမှ မထွက်နိုင်ကြပါ။

အနုပညာပါရမီအင်မတန် ကြီးမားရင့်သန်လှသည်ဟု အများစုက နားလည်ထားကြသော ဗင်း ဆင့်ဗန်ဂိုး၊ ဂျိမ်းစ်ဂျွိုက်စ်တို့ပင် ဗာဟီရကိစ္စလုပ်ချိန်မျိုး၌ ဤဘ၀ သုံးမျိုးရိုက်ခတ်ခံကြရမှာ သေချာ ပါ၏။ နိုင်ငံရေးကို ငြင်းပယ်ဖယ် ထုတ်ထားသူတွေမှာပင် ရှိနေ၏။

(၃)

လူအမျိုးမျိုးအထွေထွေတို့ ဖြစ်တည်ရာသည် လောကီလော က မြေကမ္ဘာနှင့် ကိုယ်တိုင်ပိုင်ဆိုင်ထားကြသော ကိုယ်စီရှိကြသော စိတ်နှစ်ရပ်အပေါ်၌ များစွာမူ တည်၊ တည်မှီပါ၏။ ထိုထဲမှာမှ ကံ၊ ဉာဏ်၊ ၀ီရိယထပ်အရင်းတည် သည်။ သာမန်ပျမ်းမျှ (Average) လူသားတိုင်း လူစဉ်မီသည့် ဉာဏ် ရှိကြသည်ဟု ယူကြလျှင် ကံ (အလုပ်)နှင့် ၀ီရိယအရာကြောင့် နိမ့်မြင့်ကွာဟချက်ဖြစ်ပေါ်သည်။ ရလဒ်ထွက်သည်။ အချိန်ကာလ ပမာဏတစ်ရပ်ပေါ်မူတည်ပြန် သည်။ လူအများစုက အကြောက်တရားနှင့် မက်လုံးကြားနှစ်ရပ် တည်းထဲမှာ လှုပ်ခါယမ်းနေကြ တတ်စမြဲမို့ ပတ်ဝန်းကျင်သက် ရောက်ချက်ကလည်း အတော်ကြီး မားသည်ဟု ယူကြလျှင်လည်း ယူ နိုင်ပါ၏။ ပတ်ဝန်းကျင်ဆိုရာ၌ ကိုယ့်ဘေးနားကပ်လျက်ကနေ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံဆီ အထိ ပါဝင်သွားသလို လူ့အဖွဲ့ အစည်းတစ်ရပ်လုံးဆီအထိလည်း ဖြန့်ကြက်ကြည့်မြင်တွေးဆနိုင် ကြပြန်ပါ၏။

လူတွေပျော်ချင်ကြသည်။ ပျော်သည်ဆိုရာ၌တော့ နောက် ကွယ်အနက်အဓိပ္ပာယ်တွေ နက် ရှိုင်းရှုပ်ထွေးကျယ်ပြန့်များပြားစွာ ရှိနေမည် သေချာ၏။ ရိုးရိုးရှင်း ရှင်းကြည့်လိုက်လျှင်တော့ (၁) မိမိအပျော်သည် တစ်ပါးသူနစ်နာပြီး မှ ပျော်ရခြင်းလား။ (၂) တစ်ပါး သူကို အသုံးချ၍ ရည်ရွယ်ချက်ရှိရှိလုပ်ယူပြီးရသောအပျော်လား။ (၃) မှန်ကန်ရိုးစင်းဖြောင့်မတ် သော အပျော်လား...။ ဘာထရန် ရပ်ဆဲလ်ကတော့ ‘‘ပျော်ရွှင်မှုကို အောင်နိုင်ခြင်း’’စာအုပ်မှာ ဤသုံး ချက်ကို အဓိက ‘တည်’၍ လူပီသ သော ပျော်ရွှင်မှုကို ရှာဖွေစူးစမ်း လှစ်ဟပြသွားခဲ့သည်။ စာရေးသူ ကတော့ အတ္တ-ပရမျှခြေညီသော အပြစ်ကင်းသည့် အပျော်မျိုးကို လိုလားသည်။ လူပီသစွာ ရုပ်၊ နာမ်နှစ်ပါးမြင့်မားပျော်ရွှင်ချင်သည်။ ခန္ဓာကိုယ်ကျန်းမာမှုက လာဘ် လာဘတွေထဲမှာ ထိပ်ဆုံးကပါ ၏။ စိတ်ကျန်းမာရေးဒေါင်ဒေါင် မြည်ဖို့က လူသားပီသသော ကိုယ်ချင်းစာတရားတွေနှင့် ဆင်ခြင်တုံ ဉာဏ်စွမ်းမြင့်မားမှ ရနိုင်၏။ ကြိုး စားလျှင် လေ့ကျင့်ယူလျှင် လူ တိုင်းနှင့် လက်တစ်ကမ်းမှာပဲရှိ၍ ရကြစမြဲ ဖြစ်သည်။

(၄)

လစ်ဘရယ်ပညာရေး၊ တစ် နည်းပြောလျှင် ဒီမိုကရေစီပညာ ရေး၌ နိုင်ငံသားကောင်းစိတ် ဓာတ်၊ သဘောထားကြီးရင့်ကျက် မှု၊ စူးစမ်းလေ့လာခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုကို အဖန်ဖန်လေ့ ကျက်စေပြီး မျှတစွာဆင်ခြင်ချက် ဦးတည်ခြင်း၊ မိမိသူတစ်ပါးနှင့် ၀န်းကျင်ကိုပါ အကျိုးရှိစေသည့် စိတ်ထားတိမ်းညွှတ်ချက်၊ ငြိမ်း ချမ်းမှုဖြင့် မတူကွဲပြားစွာ အတူ တကွနေထိုင်ဖြစ်တည်နိုင်ရေး... စသဖြင့်တို့ကို မူလတန်းလောက် ကတည်းက စသင်ပေး၊ လေ့ကျင့် ပေး (ကိုယ်တိုင်တွေး၍ လုပ်စေ ခြင်း)တာမျိုးဖြစ်စေ၏။ ဤနေရာ မှာ လူတွေဖြင့် ဖွဲ့စည်းထားသော လူ့အသိုင်းအ၀ိုင်းများက ကွဲပြား ခြားနားချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်၏။

နိုင်ငံရေးသည် မီးဖိုချောင်နှင့်ပုခက်ထဲအထိ ရောက်နိုင်၏။ ရောက်၏။ စီးပွားရေးသည်နှစ် ဖက်ဖြစ်စေ၊ ဘက်အားလုံးဖြစ်စေ မျှတပြေပြစ်ခံစားကြရမှ ရေရှည် တည်မြဲခိုင်ခံ့ကောင်းမွန်တိုးတက် ၏။

လူမှုရေးသည် လူပီသချက် ဘယ်မျှ (ပျမ်းမျှ)ရှိသည်လဲအပေါ် တည်မှီ၍ တစ်ဦးချင်းမှစ၍ အ သိုက်အမြုံ၊ အ၀န်းအ၀ိုင်း၊ မျိုးနွယ်စု၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း..ဆီအ ထိ ခြေဆန့်သွား၏။

လောကီလူသားဖြစ်ရခြင်း တွင် ထိုအရာ၌ တန်းမျှညီတူနေ ကြခြင်း ဖြစ်ရာ ‘‘ယူသော်ရ၏’’ နိယာမဖြစ်လာစေပါသည်။ တရားသဖြင့်နှင့် မတရားမှုက ကွဲလွဲချက် ကြီးမားလွန်းသောကြောင့် ကိုယ် တိုင်ကိုယ်ကျ (သာမန်လူဖြစ်လျှင် ကိုပဲ) သိနိုင်ပါ၏။ မိမိလုပ်ရပ်ကို အကဲဖြတ်နိုင်သော ပေတံတွေ များစွာရှိပါလျက် လျစ်လျူရှုထားလျှင်တော့ မတတ်နိုင်။ အဓမ္မ လူသားပဲ စာရင်းပေါက်သွားပေမည်။

(၅)

မိမိတို့ ဤပညာရေးနှင့် ရာစု နှစ်တစ်ဝက်ကျော်ကင်းကွာခံခဲ့ ကြရပါ၏။ ဘာသာတရား (တို့) ၏ ဆိုဆုံးမမှုများအနီးကပ်ဆုံးရှိ နေပါလျက် နိုင်ငံရေးနှင့် စီးပွားရေးဘ၀ (များ) ပုံစံသွင်းစနစ်ချခံ၊ ပျက်စီးခဲ့ကြရသောကြောင့် ‘‘ကြား တုန်းခဏပဲ’’အဖြစ်ခံခဲ့ကြရသလို ဖြစ်ခဲ့ကြရပါသည်။

ပြီးခဲ့သည့် နှစ် ၂၀၁၆ ထဲမှာ နိုင်ငံရေးအင်စတီကျူးရှင်းများ (ဘယ်လောက်ပဲ၊ ဘာပဲ၊ ညာပဲ ဆိုသည်ကို ခဏလေးထားပေးပါ။ အားလုံးနီးပါးနားလည်ကြပါ၏) စတင်ပြောင်းလဲရွေ့လျားလာခဲ့ပါ ပြီ။ တည်ငြိမ်စွာရှေ့ဆက်ရေးအ ပြုသဘောမျှခြေတစ်ခုဆီ ရောက် ရန်တော့ လိုအပ်ချက်၊ စိန်ခေါ်မှု၊ အကျပ်အတည်းတွေ တစ်ပြုံတမ ရှိနေဆဲ။ ဘွင်းဘွင်းပိတ်ကနေ တော့ စတင်ထွက်ခွာလာနိုင်ခဲ့တာ သေချာသည်။ တစ်လှမ်းရလျှင် တစ်လှမ်း၊ အလှမ်းနှစ်ဆယ်ရ လျှင် အလှမ်းနှစ်ဆယ်...ဆက် ဆက်ရွေ့အောင် လျှောက်ကြရဦး ပေမည်။

စီးပွားရေး...ဘ၀ (များ)အ ဖြစ်ယူလျှင် နိုင်ငံရေးနှင့် တိုက် ရိုက်ပတ်သက်နေပါ၏။ အလား အလာကောင်းတွေ များသော် လည်း လက်ရှိအနေအထားအရ နိုင်ငံကချမ်းသာငြား စီးပွားရေးကို လူတစ်စုကပဲ ချုပ်ကိုင်ထားဆဲ။ အစိုးရနှင့် ပြည်သူလူထုက ဆင်း ရဲနေ၏။ ပိုဆိုးဖို့တော့မရှိ။

လူမှုရေး...လူမှုဆိုင်ရာဘ၀ များ ပိုမိုပြေပြစ်ကောင်းမွန်လာစေခြင်းသည် နိုင်ငံရေးဆိုင်ရာအုပ် ချုပ်မှုပုံစံ (PRT-Political Regime Type) ၊ စီးပွားရေး၌ ပြန်လည်ပျံ့ နှံ့စေရေးခွဲဝေမှု (Re-Distribution)တို့နှင့် များစွာသက်ဆိုင်ပါသည်။ နောက်ထပ်အရေးကြီးသည့် အ ထူးပြုအချက်တစ်ချက်က တစ်ဦး ချင်းထံမှ စတင်သည်။ ကိုယ်ကိုယ် တိုင်၊ မိမိကိုယ်ကိုယ် မိမိဒီမိုကရက် တစ်ဖြစ်အောင် လေ့ကျင့်ခြင်းနှင့် နီးစပ်သူကိုပါ ပျိုးထောင်ပေးခြင်း ဖြစ်သည်။ အကူးအပြောင်းနိုင်ငံ များစွာတွင် ဤအချက်သည် အ သိမ်မွေ့ဆုံးဖြစ်နေပြီး အခရာ လည်းကျနေကြောင်း လေ့လာ တွေ့ရှိမှုတို့ ထပ်မံတိုးပွားလာနေ ခဲ့ပြီ ဖြစ်သည်။ ဒါကို လူမှုဆိုင်ရာ ၌ (လူထု၏) ပါဝင်ရွေ့လျားရှေ့ ဆက်ခြင်း (Social Mobilization) ဟု ခေါ်ပါသည်။

နှစ်သစ်မှာ ဆုတွေအများ ကြီးတောင်းချင်၊ တောင်းပေးချင် ပါ၏။ သို့ငြား ‘ပေးသောဆု’ကို ပြည့်စေရန် ကိုယ်တိုင်ကြိုးစား ဖြည့်ဆည်းမှသာရနိုင်ပါ၏။

ဒီမိုကရက်တစ်မြန်မာနိုင်ငံ သားများအဖြစ် ဆက်လက်၍ အတူတကွယှဉ်တွဲရွေ့လျား၊ ဖေး မရိုင်းပင်း၍ ကောင်းမွန်သော ပျော်ရွှင်ဖွယ်နှစ်သစ်များ အဖန်ဖန်တည်ဆောက်ယူနိုင်ကြပါစေ ကြောင်း...။။


Sources; 7Day News Journal


No comments:

Post a Comment