Latest News

Wednesday, January 4, 2017

အမြင်ကျဉ်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့ကြောင့် တိုက်ပွဲများဖြစ်နေဟု ကာချုပ်ပြော

အမြင်ကျဉ်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့ကြောင့် တိုက်ပွဲများဖြစ်နေဟု ကာချုပ်ပြော

အမြင်ကျဉ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကြောင့် ဒီနေ့ထက်တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

လွတ်လပ်ရေးနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ် ဂုဏ်ပြုချီးမြှင့်ပွဲမှာ ပြောခဲ့တာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တို့ဟာ ငြိမ်းချမ်းရေးရလိုစိတ် အားနည်းတယ်လို့လည်း သူက ပြစ်တင် ပြောဆို လိုက်ပါတယ်။

“ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲဖြစ်သည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း တချို့က ခေါင်းဆောင်လုပ်သူများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာဆောင်ရွက်ရမည့် အစား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိပါးမှုများ၊ နိုင်ငံတော်၏အကျိုးစီးပွားကို အဖျက်လုပ်ငန်းနှင့် ထိပါးလာမှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ် အားနည်းနေခြင်းကြောင့် မလွှဲမရှောင် သာဘဲ စစ်ရေးအရရင်ဆိုင်ဖြေရှင်းရမှုများ ရှိနေဆဲဖြစ်ကြောင်း၊”

အစိုးရနဲ့တပ်မတော်က သဘောထားကြီးကြီးနဲ့ အကြိမ်ကြိမ် လိုက်လျောမှုတွေကို လျစ်လျူရှုပြီး လက်နက်ကိုင်အဖွဲ့အစည်း အချို့ဟာ ပဋိပက္ခတွေကို စတင်ဖန်တီးပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုထိပါးစော်ကားတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

အစွန်းရောက်နေသူတွေ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ မင်းမဲ့ စရိုက် ဆန်ဆန်လုပ်ရပ်တွေကို ဟန့်တားပြီး တပ်မတော်က တရားသောစစ် ဆင်နွှဲနေတာဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်မရဘဲ ရပ်တန့်နေတုန်း တပ်မတော်ခေါင်းဆောင်က ခုလို ပြစ်တင်စကား ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ်သတ်မှတ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်း ပြောကြားနေပါတယ်။

Sources; DVB

No comments:

Post a Comment