Latest News

Tuesday, January 31, 2017

လေဆိပ်က သေနတ်သမား

လေဆိပ်က သေနတ်သမား



ဦးကိုနီ၏ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ခဲ့သူ၊ ရန်ကုန်လေဆိပ် အထွက်ပေါက် လူမြင်ကွင်းတွင် သွေးအေးအေး လုပ်ကြံခဲ့သူကား အသက် ၅၃ နှစ်အရွယ်ရှိ ဦးကြည်လင်းဆိုသူ ဖြစ်သည်။

သူက မှတ်ပုံတင် ၉/မရတ (မန္တလေးအရှေ့တောင်) ဖြစ်သည့်အတွက် မန္တလေးမှတ်ပုံတင် ကိုင်ဆောင်ထားသူတစ်ဦး ဖြစ်သည်။

ထို့အပြင် ဦးကြည်လင်းကား မကြာမီ နှစ်ပိုင်းများက လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူဟုလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ဦးကြည်လင်းဆိုသူ၏ အကြောင်းကို အိုးဘို အကျဉ်းထောင်တွင် အတူတကွ နေထိုင်ခဲ့ဖူးသူ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသား တစ်ဦးက- “ရန်ကုန်မှာ ဒီလိုတော့ ဖြစ်သွားတယ်၊ လုပ်တဲ့သူက ဦးကြည်လင်းတဲ့ဆိုတော့၊ ဒီနာမည် ကြားဖူးသလိုပဲလို့ မှတ်လိုက်တယ်၊ နောက်တော့ လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ့လိုက်တော့မှ ထောင်ထဲမှာ တွေ့ခဲ့ဖူးတယ်ဆိုတာကို သတိရလိုက်တာပါ။ ဒီလူက ၂၀ဝ၃ ခုနှစ်လောက်မှာ မန္တလေး အိုးဘိုထောင်ထဲကို ရောက်လာခဲ့တာပါ။ ထောင်ဒဏ် ၂၇ နှစ်လို့ သိရပါတယ်။ ဘုရားခိုးမှုတဲ့ဗျ၊ သူနဲ့အတူ သူ့ဂိုဏ်းက လူတွေလည်း ပါတယ်”ဟု ရှင်းပြသည်။

ဦးကြည်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အပါအဝင် ပတ်ဝန်းကျင်မြို့များမှ ဘုရားစေတီများကို ဦးခေါင်းတော် ဖြတ်ခိုးခြင်း၊ ဌာပနာတိုက် ဖောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည့်အတွက် ထောင်ဒဏ် ကျခဲ့ဖူးကြောင်းကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်ကလည်း အတည်ပြု ပြောဆိုထားသည်။

၂၀ဝ၂-၂၀ဝ၃ ခုနှစ်များက ဦးကြည်လင်းဟာ ဘုတလင်မြို့နယ်မှ ဘုရား ဆင်းတုတော်များ ခိုးယူပြီး ရန်ကုန်သို့ လာရောက်စဉ် ဖမ်းဆီးခံခဲ့ရပြီး ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပို့ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း သတင်းရင်းမြစ် အချို့ထံမှ သိရပြန်ပါသည်။

ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့က အမှုသုံးခုဖြင့် တရားစွဲဆိုခဲ့ရာမှတစ်ဆင့် ဘုတလင်မြို့နယ် တရားရုံးက ဦးကြည်လင်းကို အမှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် ကိုးနှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။

“ဒီလူက ဥပဓိရုပ် တော်တော် ကောင်းတယ်။ စာတတ်ပေတတ်နဲ့ စကားပြောလည်း တော်တော် ကောင်းတယ်ဗျ။ ပြီးတော့ သူက မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ စေတီနှင့် ဘုရားတွေအကြောင်းကို တော်တော် တိတိကျကျ ပြောနိုင်တယ်။ ဘယ်မြို့ဘယ်ရွာက ဘယ်ဘုရားက ဘယ်လို ဦးခေါင်းတော်နဲ့၊ ဘယ်ခေတ်က လက်ရာ၊ အဲလိုကို တိတိကျကျ ပြောပြခဲ့တာပါ။ ပြောတာကလည်း မြန်မာစကားကို ပီပီသသကြီး ပြောနိုင်တာပါ။ ခုလူမှုကွန်ရက်မှာ ပျံ့နေသလို တရုတ် လူမျိုးစစ်စစ် မဟုတ်ပါဘူး။ ကပြားဖြစ်ဖို့ များပါတယ်”ဟု အိုးဘိုအကျဉ်းထောင်အတွင်း စကားပြောဖြစ်ခဲ့စဉ်က အတွေ့အကြုံများကို ပြန်လည် ပြောဆိုသည်။

ဦးကြည်လင်းဟာ အကျဉ်းထောင်အတွင်းရှိနေစဉ်က ၎င်းသည် မည်မျှထိ အင်အားကြီး လက်တံရှည်ကြောင်းများ၊ ဘုရားဆင်းတုတော်များကို ခိုးယူကာ မည်သို့မည်ပုံ ထိုင်းနိုင်ငံသို့ သွားရောက် ရောင်းချကြောင်းများကိုလည်း ပြောပြဖူးသည်ဟုလည်း ၎င်းက ဆိုသည်။

“သူက ဂိုဏ်းထဲမှာ တော်တော် အရာရောက်တဲ့သူတဲ့ဗျ။ ဂိုဏ်းထဲက တစ်ယောက်ယောက် ဘုရားခိုးလာပြီဆိုရင် သူ့ဆီ လာရတယ်၊ သူ့ကို ပြရတယ်လို့လည်း သိရပါတယ်။ သူ့အဖွဲ့အစည်းကလည်း တော်တော် ကြီးတယ်တဲ့ဗျ၊ အထက်မြန်မာပြည်အနှံ့မှာ ရှိတယ်လို့ပြောတယ်”ဟုလည်း ဆိုပြန်သည်။

ဦးကြည်လင်းက အိုးဘိုအတွင်း ခင်မင်ခဲ့စဉ်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄လမ်းကြားတွင် နေထိုင်ကြောင်း လိပ်စာပေးဖူးကြောင်းကိုလည်း အဆိုပါ အတူအကျဉ်းကျခဲ့သူက ဆိုသည်။

အခြားသတင်းရင်းမြစ်တစ်ခုကလည်း ဦးကြည်လင်းသည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ရပ်ကွက်များအတွင်း အိမ်ငှားရမ်းနေထိုင်ခဲ့ကြောင်း ပြောဆိုပြန်သည်။

ဦးကြည်လင်းသည် အိုးဘိုအကျဉ်းထောင်အတွင်း ၁၀ နှစ်ခန့် နေခဲ့ရပြီး ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဦးကြည်လင်းကို အခင်းဖြစ်ပွားပြီး စစ်ဆေးရာမှ တွေ့ရှိခဲ့သည့် မှတ်ပုံတင်အရ ၎င်းသည် မန္တလေးဇာတိ မှတ်ပုံတင်ကို ကိုင်ဆောင်ထားခြင်းဖြစ်ပြီး ၎င်းမှတ်ပုံတင်သည် ၁၉၉၉-၂၀ဝ၀ ခုနှစ်များတွင် ပြုလုပ်ထားသည့် မှတ်ပုံတင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ယင်းမှတ်ပုံတင်ပါ လိပ်စာများအတိုင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့များက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မောရဂီဝါရပ်ကွက် အကွက်အမှတ် ၆၈၂ အတွင်း အခင်းဖြစ်ပွားသည့် ညနေပိုင်းမှ စတင်ကာ လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဦးကြည်လင်း၏ နောက်ကြောင်းများ၊ မိသားစုဝင်များနှင့် နေထိုင်ရာနေရာကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ဦးကြည်လင်းဆီမှ စစ်ဆေး ပေါ်ပေါက်ချက် တစ်စုံတစ်ရာ မရရှိသေးသည့်အတွက် ၎င်း၏ နောက်ကြောင်းကိုလည်း ရှာဖွေရန် ခက်ခဲနေခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မီဒီယာများကို ပြောကြားသည်။

ဦးကြည်လင်းသည် မန္တလေး မှတ်ပုံတင်ကို ကိုင်ဆောင်ထားသော်လည်း မှတ်ပုံတင်ပါ လိပ်စာအရ စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ပြီးချိန်တွင် ရပ်ကွက်အတွင်း ၎င်းကိုမြင်ဖူးသူမရှိခြင်း၊ သိသူမရှိခြင်း၊ ၎င်း ငှားရမ်းနေထိုင်သည်ဆိုသော နေရာများမှ ပြည်သူများကို မေးမြန်းရာတွင်လည်း သိရှိသူ မရှိခြင်းတို့ကြောင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ၎င်းသည် မန္တလေးသား တစ်ယောက်မဟုတ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါသည်။

နောက်ဆက်တွဲ သတင်းများအရ ဦးကြည်လင်းသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စိုင်လျားကျေးရွာ ဇာတိဖြစ်သည်ဟု သိရ၍ CID နှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြသည်။

စိုင်လျားကျေးရွာနေသူများကမူ ဦးကြည်လင်းကို မသိကြဘဲ ဦးဖိုးတူးအဖြစ်သာ သိကြကြောင်း၊ ရွာက ထွက်သွားသည်မှာ ငါးလလောက်ရှိပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

သို့သော် The Voice သတင်းဌာနအနေနှင့် ည ၈ နာရီအချိန်အထိ ရဲတပ်ဖွဲ့ထံမှ သီးခြား အတည်ပြုချက်ကိုမူ ရယူနိုင်ခြင်း မရှိသေးပေ။

“သူတို့လို လူမျိုးက ငွေနောက်ပဲ လိုက်နေတဲ့ အမှောင်ထဲက သူတွေဖြစ်ပါတယ်။ ငွေရရင် ဘာပဲဖြစ်ဖြစ် လုပ်တဲ့သူတွေပါ။ ခုကိစ္စကို ငွေရလို့ လုပ်တယ်လို့ပဲ မြင်ပါတယ်၊ ဒါက ကျွန်တော့် အမြင်ပေါ့လေ”ဟု အကျဉ်းထောင်အတွင်း အတူတကွ နေထိုင်ခဲ့ဖူးသူ အမျိုးသားက သုံးသပ်ပြသည်။

ဖမ်းဆီးခံထားရသူနှင့် ဆက်စပ်နိုင်သည့် မန္တလေးရှိ နေရာများကိုတော့ ဆက်လက် ဖော်ထုတ် စစ်ဆေးသွားမည်ဟုလည်း ရဲမှူးကြီးက ပြောသည်။

သို့သော် လေ့လာသူများကမူ လက်ရှိသတင်း အချက်အလက်များအရ သေနတ်သမား ဦးကြည်လင်းထက် နောက်ကွယ်က မည်သူဆိုသည်မှာ ပိုအရေးကြီးသည်ဟု သုံးသပ်နေကြသည်။

မောင်သန့်



The Voice


No comments:

Post a Comment