Latest News

Saturday, January 14, 2017

အမျိုးသမီးတွေ အများဆုံး လိုအပ်တဲ့ အာဟာရငါးမျိုး

အမျိုးသမီးတွေ အများဆုံး လိုအပ်တဲ့ အာဟာရငါးမျိုး



သုတေသနတွေအရ အမျိုးသားနဲ့ အမျိုးသမီး လိုအပ်တဲ့ အာဟာရတွေက ကွဲပြားပြီး ခန္ဓာကိုယ် တည်ဆောက်ပုံချင်း မတူကြသလို ဟော်မုန်းတွေလည်း မတူညီတာကြောင့် အမျိုးသမီးတွေအတွက် အဓိက လိုအပ်တဲ့ အာဟာရတွေ သီးခြား ရှိပါတယ်။ ဒီအာဟာရတွေကို အမျိုးသမီးတွေ မျှမျှတတ စားသုံးမှသာ ကျန်းမာတဲ့ဘဝကို ရရှိမှာဖြစ်တာကြောင့် အမျိုးသမီးတွေ အများဆုံး လိုအပ်တဲ့ အာဟာရ ငါးမျိုးနဲ့ အကျိုးပြုပုံကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် B6

အာရုံကြောအားကောင်းပြီး ကောင်းကောင်း အိပ်စက်နိုင်မယ့်အပြင် စိတ်ခံစားချက်ကိုပါ ကောင်းစေအောင် ဗီတာမင် B6 ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ ကန်ဇွန်းဥ မီးဖုတ်၊ ငှက်ပျောသီး၊ ကြက်ဆင်သား၊ ကြက်သွန်ဖြူ၊ အခွံမာ အစေ့အဆံ၊  ပေါင်မုန့်ညိုတို့ကို စားပေးပါ။

ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်ကြောင့် စိတ်ကျရောဂါ အပါအဝင် စိတ်နဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်တာကို ကာကွယ်ပေးသလို လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းတို့ကိုပါ လျှော့ချပေးပါတယ်။ ဖောလစ် အက်ဆစ်ဟာ ဦးနှောက်နဲ့ အရိုးတွေအတွက် ကောင်းသလို ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန် ပထမပတ်ကစပြီး စားသင့်တဲ့ဓာတ် ဖြစ်ပါတယ်။ အူမကြီးနဲ့ သားအိမ်ကင်ဆာ ဖြစ်တာကိုလည်း ကာကွယ်ပေးပါသေးတယ်။ ဖောလစ်အက်ဆစ်၊ ဖောလိတ်၊ ဗီတာမင် B9 တို့ဟာ ဓာတ်အတူတူပါပဲ။ ဒီဓာတ်ကို ရရှိဖို့ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်၊ ထောပတ်သီး၊ ပြောင်းဖူး၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ရုံးပတေသီးတို့လို အစိမ်းရောင်နဲ့ အဝါ၊ လိမ္မော်ရောင်သမ်းတဲ့ အသီးအနှံတွေကို စားပေးပါ။

ကယ်လ်ဆီယမ်

အရိုးနဲ့ သွားတို့အတွက် ကယ်လ်ဆီယမ် (ထုံးဓာတ်) လိုအပ်ပါတယ်။ အရိုးတွေ ကြီးထွားဖို့အတွက် သာမက ရင်သာကင်ဆာ ဖြစ်ခြင်းကနေပါ ကာကွယ်နိုင်တဲ့ ကယ်လ်ဆီယမ်ဓာတ် ရရှိဖို့ နွားနို့၊ အခွံမာသီး၊ ဘရိုကိုလီ (ပန်းဂေါ်ဖီ အစိမ်း) နဲ့ မုန်ညှင်းရွက် စတာတွေကို စားသုံးပေးပါ။

ဗီတာမင် D

ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူဖို့ ဗီတာမင် D က ကူညီပေးပါတယ်။ ရင်သား ကင်ဆာ၊ အူမကြီးနဲ့ သားအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ဆယ်လမွန်ငါး၊ နို့နှင့် နို့ဖြင့်ပြုလုပ်ထားသည့် အစားအစာများ၊ ကြက်ဥ၊ မှို၊ ပဲပြား၊ ထောပတ် စတာတွေ စားသုံးပေးခြင်းအပြင် နံနက်ခင်းတွေမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ကို နေလောင်ခံ ခရင်မ် မလူးဘဲနဲ့ နေရောင်ထဲ နေသင့်ပါတယ်။

သံဓာတ်

ခန္ဓာကိုယ်က ဆဲလ်တွေထံကို အောက်ဆီဂျင် ရောက်ရှိဖို့ လိုအပ်တာက သံဓာတ်ပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းစေတယ်။ စွမ်းအင်ကို မြှင့်ပေးတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်။ ပုစွန်၊ ငါးစတဲ့ ပင်လယ်စာတွေအပြင် ကြက်သား၊ ပဲ၊ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ကြက်သွန်နီ၊ ရွှေဖရုံသီး၊ ဖရဲသီး၊ ပန်းသီး စတာတွေကနေလည်း သံဓာတ်ကို ရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်ကို ကောင်းကောင်း စုပ်ယူနိုင်ဖို့ ဗီတာမင် C ဓာတ်ကြွယ်ဝတဲ့ အချဉ်အရသာရှိတဲ့ ခရမ်းချဉ်သီး၊ အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်တွေရှိတဲ့ ငရုပ်ပွ၊ သံပုရာသီး၊  ကမ္ဗလာသီး၊ ရှောက်ချိုသီးတို့လို အသီးအနှံတွေကို စားပေးပါ။


Sources; The Voice

No comments:

Post a Comment