Latest News

Monday, January 16, 2017

အမေးနှင့်အဖြေ

အမေးနှင့်အဖြေ

လူငယ်လေးတစ်ယောက်သည် ဘဝဆိုသည့် အဓိပ္ပာယ်နှင့် ဘုရားဆိုသည်ကို လွန်စွာသိချင်နေမိသည်။ ထို့ကြောင့် သူက တွေ့သည့် သူတိုင်းကို “ဘဝဆိုတာဘာလဲ” “ဘုရားဆိုတာဘာလဲ” ဟုလိုက်မေးတတ်သည်။ သူ့မေးခွန်းကို မည်သူမှ ဖြေနိုင်စွမ်း မရှိကြပေ။

တစ်နေ့တွင် သူသည် အလွန်ထင်ရှားသည့် သိပ္ပံပညာရှင်ကြီးတစ်ဦးထံရောက်လာသည်။ သူက ပညာရှင်ကြီး အား မေးခွန်းသုံးခု မေးမြန်းခွင့်ပြုရန် ခွင့်တောင်းလိုက်လေသည်။ သူမေးသည့် မေးခွန်းသုံးခုမှာ

(၁) ဘုရားဆိုတာ ရှိသလား။ ရှိရင် အကောင်အထည် ထုတ်ပြပါ

(၂) ကံဆိုတာဘာလဲ

(၃) ငရဲဆိုတာရှိပြီး အဲဒီမှာရှိတဲ့ ငရဲသားတွေက ဘာကြောင့် မီးအပူဒဏ်ကို မခံစားရသလဲ

မေးခွန်းသုံးခု မေး၍ ပြီးဆုံးသွားချိန်တွင် သိပ္ပံပညာရှင်ကြီးက ထိုလူငယ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ လူငယ်သည် အံ့အားသင့်သွားရာက

“ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်ရတာလဲ။ ကျွန်တော့် မေးခွန်းတွေကြောင့် ရူးသွားပြီလား” ဟုမေးလိုက်သည်။

သိပ္ပံပညာရှင်ကြီးက

“မင်းကို ငါဖြတ်ရိုက်လိုက်တုန်းက မင်းဘယ်လို ခံစားလိုက်ရသလဲ”

“နာတာပေါ့”

“ဒါဆိုရင် နာကြင်မှုဆိုတာ ရှိမှန်း လက်ခံသလား”

“လက်ခံပါတယ်”

“အကောင်အထည်ပြလေ”

“မပြနိုင်ပါဘူး”

“ဒါဆိုရင် မင်းမေးတဲ့ ပထမ မေးခွန်းကို ဖြေပြီးသွားပြီ”

“ဒါဆိုရင် ဒုတိယမေးခွန်းဖြေပါဦး”

“မနေ့တုန်းက ငါ့ကို မေးခွန်းတွေမေးမယ်၊ မေးရင် ဒီလို ဖြတ်ရိုက်ခံရမယ်လို့ မင်းတွေးမိလား”

“မတွေးမိပါဘူး”

“အဲဒါ ကံတရားပဲကိုယ့်လူ။ မင်း ကံမကောင်းလို့ ခံလိုက်ရတာ။ ကံဆိုတာ သံသယဖြစ်နေသေးသလား”

“နောက်ဆုံးမေးခွန်း ဖြေပါဦးဆရာကြီး”

“အေး မင်းမျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ ဟောဒီ ငါ့လက်မှာ ဖုံးထားတာကဘာလဲကွာ”

“အရေပြားပေါ့”

“ငါ မင်းကို ဖြတ်ရိုက်လိုက်တုန်းက တော်တော် နာသွားသလား”

“နာပါတယ်”

“ဒါဆိုရင်တော့ ငါတတိယမေးခွန်းကို ဖြေပြီးသားဖြစ်သွားပြီ။ စဉ်းစား”

Written by; ဆရာတင်ညွှန့်

Sources; Maukkha

No comments:

Post a Comment