Latest News

Monday, January 9, 2017

ကျောင်း မှ ကမ္ဘာသို့

ကျောင်း မှ ကမ္ဘာသို့



ကျောင်း

ခေတ်သစ်ကမ္ဘာရဲ့ ယဉ်ကျေးမှုအရ ကလေးတိုင်းကျောင်းတက်ရမယ်။ လူသားတစ်ယောက်ရဲ့ပြင်ပ ကမ္ဘာအစဟာ ကျောင်းဖြစ်တယ်။

အိမ်ထောင်ပြု၊ ကလေးမွေးပြီးရင် မိဘတွေပထမဆုံးပြင်ဆင်ရတာက ကျောင်းထားဖို့ဖြစ်တယ်။ လင်မယားနှစ်ယောက်တည်းရှိတုန်းက စုစုဆောင်းဆောင်း မရှိကြသေးပေမယ့် သားသမီးရလာပြီဆိုရင်တော့ ကလေးပညာရေးအတွက် စုရပြီ။ ဆောင်းရပြီ။ စိတ်ပူရပြီ။ ဆိုတော့ ကျောင်းဟာမိဘတွေ၊ ကလေးတွေအတွက် မလွဲမသွေ ဆက်ဆံဝင်ဆံ့ရမယ့် နေရာဖြစ်နေတယ်။

ဒီအခြေအနေမျိုးမှာ ကျောင်းအကြောင်းကို လူတိုင်းမသိမဖြစ်သိရမယ့် အရာဖြစ်လာတယ်။ မသွားမဖြစ် သွားရမယ့်နေရာ ဖြစ်လာတယ်။ ဆိုတော့ ကလေးရှိရင် ကျောင်းရှိရမယ်။ ကျောင်းဟာ မကာရင်ကို (Makerenko) (၁၈၈၈-၁၉၃၉)၊ ရာဘင်ဒြာနတ်တဂိုး (Rabindra Nath Tagore) (၁၈၆၁-၁၉၄၁) တို့ရဲ့ အတွေးအခေါ်ကြောင့် ကျောင်းရဲ့အဓိပ္ပာယ်ဟာ ပိုကျယ်ပြန့်လာတယ်။ မကာရင်ကိုရဲ့ ပညာရေးရည်မှန်းချက်က-ပညာရေးသည် ရည်မှန်းချက်သည် လှုပ်ရှားနေသော အစဉ်ဖြစ်သည်။ ထိုလှုပ်ရှားမှုများမှာ ကလေးလူငယ်များ ဘ၀တစ်သက်တာနှင့် ပတ်သက်ရမည်။ ပညာရေးသည် ကျောင်းစာသင်ခန်းတွင်သာ မပြီးဆုံးစေဘဲ ကလေး၏ဘ၀တစ်သက်တာ တစ်လျှောက်လုံး လွှမ်းခြုံနေရမည်။

မကာရင်ကိုက စာသင်ကြားရေးမှာ ကျောင်းစာသင်ခန်းနဲ့ ပြင်ပကမ္ဘာကြီးနဲ့ ဆက်စပ်ပေးရမယ်ဆိုတာကို တင်ပြခဲ့တယ်။ စိတ်ပညာအရေးကြီးကြောင်း တင်ပြခဲ့တယ်။ ရုပ်တွေကိုချည်း သင်ကြားနေရုံနဲ့ မပြည့်စုံကြောင်း ကလေးတို့ရဲ့ စိတ်ကိုပါ လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်ကြောင်း ဖော်ထုတ်ခဲ့တယ်။

ရာဘင်ဒြာနတ်တဂိုးကလည်း နံရံလေးဖက် ကာရံထားတဲ့ ၀န်းခြံထဲကကျောင်းဟာ အကျဉ်းထောင်နဲ့ တူတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ပန်းခြံ၊ ဟင်းလင်းပြင်၊ သစ်ပင်ကြီး တွေအောက်မှာ စာပေသင်ကြားခြင်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲဒီနည်းက ကလေးတွေကို ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့် ရစေခဲ့တယ်။ တစ်နည်းဆိုရရင် ကျောင်းနဲ့ ကမ္ဘာကို ဆက်စပ်ပေးတာပဲဖြစ်တယ်။

ဘယ်ပညာရှင်တွေက ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဖွင့်။ ကျောင်းကတော့ ယဉ်ကျေးတဲ့ကမ္ဘာမှာ နေရာအခိုင်အမာ ရရှိလာတယ်။ ကျောင်းမရှိတဲ့ လူ့အဖွဲ့အစည်းဟာ မရှိသလောက်ပါပဲ။ ဒီအခြေအနေ ရောက်လာတဲ့အတွက် ကျောင်းတွေကို အမှန်တကယ်ပညာပေးနိုင်ဖို့၊ ကလေးတစ်ယောက် အရွယ်ရောက်လာချိန်မှာ ကလေးအတွက်အကျိုးရှိဖို့၊ တိုးတက်ပြောင်းလဲစိန်ခေါ်နေတဲ့ အနာဂတ်ထဲကို အံဝင်ခွင်ကျဝင်ရောက် စီးမျောနိုင်ဖို့ပြင်ဆင်လာရပါတယ်။

ကျောင်းက စာသင်ပေးရုံသက်သက်ထက် ပိုအဓိပ္ပာယ်ရှိလာတယ်။ ကန့်သတ်ထားတဲ့ သင်ရိုးညွှန်းတမ်း၊ တင်းကျပ်တဲ့ စာမေးပွဲမေးခွန်းတွေကို ကျော်လွန်ပြီး ခေတ်ကာလအရ လိုအပ်လာတဲ့ စာတွေ၊ ပညာတွေ၊ ဗဟုသုတတွေ၊ နည်းပညာတွေကို ကမ္ဘာနဲ့အဆက်မပြတ်အောင် ပံ့ပိုးပေးဖို့ လိုအပ်လာတယ်။

ကလေးတစ်ယောက် အသက်သုံးနှစ် အရွယ်ရောက်လာတာနဲ့ ဖုန်းကိုကိုင်တွယ်တတ်လာတယ်။ ရုပ်မြင်သံကြားစက်ကိုဖွင့်တယ်။ ကြည့်တယ်။ အောက်စက်ခေါ်တဲ့ video player ကိုဖွင့်ပြီး ကာရာအိုကေဆို နေကြပြီ။ အချို့ကလေးတွေ ကွန်ပျူတာကိုင်စပြုနေပြီ။ ကွန်ပျူတာနဲ့ ဂိမ်းကစားနေကြပြီ။

ဆိုတော့ အိမ်၊ ပတ်ဝန်းကျင် လူမှုဘ၀ရဲ့ ထိတွေ့နေရတဲ့ လက်တွေ့ဖြစ်စဉ်ဟာ ကန့်သတ်ခံကျောင်းနဲ့ အလှမ်းကွာသလိုဖြစ်လာတယ်။ဖုန်းထဲကနေ ကမ္ဘာကိုလှမ်းကြည့်နိုင်ချိန်မှာ ကျောင်းမှာ စာအုပ်ထဲကနေ ကမ္ဘာကို မျက်ခြည်ဖြတ်ထားသလို ဖြစ်နေတယ်။

ကမ္ဘာ

ကမ္ဘာကြီးဟာ အိမ်အကြီးစား၊ ကျောင်းအကြီးစားလို့ တင်စားပြောဆိုကြပေမယ့် တကယ်တမ်းကျတော့ အဲဒီတင်စားချက်ဟာ မမှန်တာကို တွေ့လာရတယ်။ ကမ္ဘာဆိုတာလူမျိုး မတူ၊ ဘာသာစကား မတူ၊ ရေမြေတောတောင် သဘာဝမတူ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံမတူတဲ့ လူသန်းပေါင်းထောင်ကျော်ကို စုစည်းထားတဲ့ အစုအဝေးကြီး ဖြစ်နေတယ်။ ကျောင်းဆိုတာက လူမျိုးတူ၊ ဘာသာစကားတူ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတူတာများတဲ့ လူတွေကိုသာ စုစည်းထားတဲ့ အစုအဝေးငယ်ဖြစ်တယ်။

ဒါပေမဲ့ ကျောင်းကိုကမ္ဘာကြီးလို ပြင်ဆင်ပေးလို့ရနိုင်တယ်။ ကမ္ဘာကြီးတစ်ခုလုံးကို ကိုယ်စားမပြုနိုင်သည့်တိုင်အောင် ကလေးတွေသိသင့်တဲ့ ကမ္ဘာထဲက အချက်အလက်တွေကို ကျောင်းမှစတင်လမ်းဖွင့်ပေး နိုင်ရပါမယ်။

ပြင်ပလောကမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျောင်းစာသင်ခန်းထဲမှာ သင်ယူလေ့လာနိုင်အောင် စီစဉ်ပေးရမယ်။ ဒီလိုစီစဉ်ပေးနိုင်ဖို့ လိုအပ်ချက်တွေရှိလာတယ်။ လွတ်လပ်တဲ့ သင်ကြားနည်းကို အသုံးပြုနိုင်ခွင့်ရှိရမယ်။ စင်စစ် သင်ကြားနည်း (Teaching Method) ဆိုတာဟာ သင်ရိုးညွှန်းတမ်းရဲ့ ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် အကောင်အထည် ဖော်ပေးရတဲ့ နည်းလမ်းဖြစ်တယ်။

ဗဟိုဦးစီးချုပ်ကိုင်မှု အောက်မှာမရှိတဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေးမှာ စာချဆရာတော်ရဲ့ သင်ကြားနည်းဟာ တစ်ပါးနဲ့တစ်ပါးမတူကြပါဘူး။ ဒီလိုမတူညီကြလို့လည်း “တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်” ဆိုတဲ့စကားပုံ ပေါ်ပေါက်လာတာ ဖြစ်တယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင်လျှင် ပြဿနာများကို ဖြေရှင်းရာမှာ ပြဿနာတစ်ခုနဲ့ တစ်ခု အပေါ်ဖြေရှင်းပုံမတူညီကြဘူး။ ဖြေရှင်းရမယ့်ပြဿနာ အတိမ်အနက်၊ ပြဿနာရှိတဲ့လူ၊ ပုဂ္ဂိုလ်တို့ရဲ့ ရုပ်အခြေအနေ၊ စိတ်ခံစားချက်၊ ပတ်ဝန်းကျင်ဖြစ်စဉ်တို့ကို ရုတ်ခြည်း တစ်ထိုင်တည်းဆင်ခြင်ပြီး ဖြေရှင်းရမယ့်နည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။ ဘုရားအလောင်း မဟော်သဓာဖြစ်စဉ်မှာ မြတ်စွာဘုရားရဲ့ ပြဿနာဖြေရှင်းနည်း (Problem Solving) အမျိုးမျိုးကို တွေ့ရှိနိုင်တယ်။ အလွတ်ကျက်ဖြေရှင်းနည်း မဟုတ်ဘူး။ ပုံသေကားကျနည်းလမ်းနဲ့ ဖြေရှင်းခဲ့တာမဟုတ်ဘူး။

နေရာဒေသအလိုက် ကလေးတွေဘ၀နဲ့နီးစပ်တဲ့ ဖတ်စာမျိုးဖြစ်ရမယ်။ ပြဋ္ဌာန်းစာအုပ်တစ်ခုတည်းကို တစ်နိုင်ငံအတွက် သတ်မှတ်ထားတာဟာ အချို့နေရာဒေသတွေအတွက် မဆီလျော်ဘူး။ပထမတန်း ဖတ်စာအုပ်ပါ။ “မီးရထားစီးရ၏” ဆိုတဲ့ဝါကျအတွက် ကလေးတွေ နားလည်အောင် အတော်ပြောရပါမယ်။ သင်ကြားသူ ဆရာမကိုယ်တိုင် ရထားမစီးဖူးရင် လက်တွေ့ကျကျရှင်းပြဖို့ မလွယ်ကူဘူး။ ထို့အတူမပုကြွယ်နှင့် ခရုငယ် ဖတ်စာမှာလည်း ခရုတို့ ပက်ကျိတို့ကို ကလေးတိုင်း တွေ့ဖူးကြတာ မဟုတ်ဘူး။ ဒီအခြေအနေထဲမှာမှ မေးခွန်းထုတ်သူက“မပုကြွယ်သည် ဘာကိုကြည့်၍ အားကျသနည်းလို့ မေးခွန်းထုတ်ခဲ့ရင် ဆရာမလိုချင်တဲ့အဖြေရဖို့ မဖြစ်နိုင်ပါဘူး။ အလွတ်ကျက်၊ ဒါမေး၊ ဒါဖြေ သင်ကြားသူအတွက်ကတော့ လွယ်နေမှာပါ။ ဖြေသူက ဖြေသာဖြေရတာ ခရုကို မြင်တောင်မမြင်ဖူးဘူး။ မြင်းလို့ပြေးသလား။ ခွေးလိုပြေးသလား။ နှေးနှေးသွားတတ်သလား။ ဗဟုသုတမရှိနိုင်သေးဘူး။ စင်စစ် ကလေးဟာ သူ့ပတ်ဝန်းကျင်မှတွေ့ဖူးတဲ့၊ ကြားဖူးတဲ့၊ အားကျစရာတစ်ခုခု (တစ်ယောက်ယောက်) ကို လွတ်လပ်စွာ ဖြေခွင့်ပေးရပါမယ်။

ကျောင်းဆရာအချို့က အဖြေလွှာထဲမှာ..အစ်ကိုကိုအားကျ၍ ကြိုးစားပါသည်။..ဆိုတဲ့ အဖြေကို အမှန်မပေးကြဘူး။ သင်ကြားထားတာနဲ့ မကိုက်ညီလို့ဆိုတယ်။ ပညာရေး သုတေသန ဦးစီးဌာနဥက္ကဋ္ဌ ဆရာဦးမြင့်ဟန်က ဒီလိုမျိုး၊ ဒါမေးရင် ဒါပဲဖြေဆိုတာဟာ အလွတ်ကျက်ပညာရေးကို အားမပေးခဲ့ဘူး။ ဒါပေမဲ့ လက်တွေ့မှာ မပြင်နိုင်သေးဘူး။ အလွတ်ကျက်ပညာရေးကို အားပေးနေတာနဲ့ အတူတူပဲ။

ဒီလိုမျိုး ဒါမေးဒါဖြေသင်ကြားနည်းနဲ့ စာမေးပွဲဖြေဆိုနည်းဟာ ကျောင်းကို ကမ္ဘာနဲ့အဆက်ဖြတ်လိုက်သလို ဖြစ်သွားတယ်။ ပတ်ဝန်းကျင်မှာ၊ နိုင်ငံအတွင်းမှာ၊ ကမ္ဘာမှာ ဘာတွေဖြစ်နေဖြစ်နေ၊ စာသင်ခန်းထဲက သင်ကြားသမျှကို သာသိခွင့်ပြုနေသရွေ့ ကျောင်းနံရံတွေကို မြင့်မြင့်မားမား ကာရံထားသလိုဖြစ်နေတယ်။ ကလေးတွေရဲ့ တီထွင်ဖန်တီးလိုစိတ် (Creative Mind) စူးစမ်းလေ့လာလိုစိတ် (Curious Mind) ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးလိုစိတ် (Self Confidence) စတာတွေကို ပိတ်ဆို့လိုက်သလို ဖြစ်နေတယ်။

စင်စစ်ကမ္ဘာကြီးဟာ နည်းပညာရဲ့အကျိုးဆက်တွေကြောင့် စက္ကန့်နဲ့အမျှ နာနို (nano) နဲ့အမျှ တစ်မုဟုတ်ချင်း ပြောင်းလဲနေတယ်။ ဂဏန်း ထောင်၊ သောင်းတွေကိုမြှောက်တာ၊ စားတာကို ဂဏန်းတွက်စက်ကချက် ချင်းအဖြေထုတ်ပေးနိုင်တယ်။ ဒီ့ထက် ကွန်ပျူတာဆိုတာက ပိုမြန်ပိုမှန်အောင် တိတိကျကျ တွက်ပေးနေပြန်တယ်။ ကွန်ပျူတာကိုလည်း ကီးဘုတ် (Key board) နဲ့နှိပ်လာရာမှ၊ မောက်စ် (Mouse) နဲ့ထိန်းကျောင်း (Operate) လာတယ်။ နောက်ဆုံး လက်နဲ့ထိတွေ့ (Touch) ရုံနဲ့ လိုသလိုထိန်းကျောင်းလို့ ရလာတဲ့ အခြေအနေကိုရောက်လာပြီ။ အင်တာနက်တွေမှာလည်း 3G မှ 4G စနစ်ထိတိုးတက်လာတယ်။ အရင်က တစ်နေရာမှတစ်နေရာကို စာပို့ဖို့တံဆိပ်ခေါင်းကပ်၊ စာတိုက်ရှိရာသွားရ။ ရောက်စေချင်တဲ့နေရာကို တစ်ပတ်မှတစ်လ၊ တစ်နှစ်ထိ ကြာအောင်စောင့်ခဲ့ရတယ်။ ခုတော့ အင်တာနက်ကနေ chatting လုပ်လိုက်ရုံနဲ့ ပြောချင်တာကို စက္ကန့်အတွင်း ပြောနိုင်နေပြီ။ ခုဆိုစာတိုက်ပုံးတွေမှာ ပိုးဟပ်အိမ်လိုဖြစ်နေပြီ။

ယခင်က ပေရွက်ကညစ်နဲ့ရေး ရရတဲ့အခြေအနေမှ ယခုအခါ အိုင်ပက်ပေါ်မှာ ကလောင်တံမလိုတော့ဘဲ စာရေးလို့ရနေပြီ။ ဖေ့စ်ဘွတ် (Facebook )၊ (Messenger) တို့ အပေါ်မှာ တိုက်ရိုက်စာရေးလို့ရနေပြီ။ စကားပြောလို့ရနေပြီ။ မျက်နှာမြင်လို့ရနေပြီ။

သမိုင်းထဲမှာ မီးခတ်ကျောက် နှစ်ခုပွတ်မှ မီးမွှေးလို့ရခဲ့ကြောင်း သင်လာရတယ်။ နောက်တော့ထင်း၊  မီးသွေး၊ ရေနံဆီ၊ ချည်မီးစာတို့ကို လောင်စာအဖြစ် အသုံးပြုလာကြရတယ်။ ခုတော့ ခလုတ်နှိပ်ရုံနဲ့မီးမွှေးလို့ရတဲ့ လျှပ်စစ်ပေါင်းအိုး၊ လျှပ်စစ်ဟင်းအိုးတို့နဲ့ အစားထိုးပြောင်းလဲ အသုံးပြုနေကြပါပြီ။

ကျောင်းနဲ့ ကမ္ဘာဆက်စပ်ပါ

ဆိုတော့ ဒီနေ့သိထားတဲ့ ဗဟုသုတ အသိအမြင်ဟာ နောက်တစ်နေ့အတွက် ပုပ်သိုးတဲ့အရာဘ၀ကို ရွေ့လျှောသွားရပါတယ်။ နောက်တစ်နေ့၊ နောက်တစ်နေ့တွေဆို ခေတ်မမီ အသုံးမတည့်တဲ့ အခြေအနေကို ရောက်သွားရတယ်။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ လက်တွေ့ဘ၀ဖြစ်စဉ်ကို လူသားတိုင်းဟာ အမီလိုက်နေရတယ်။ ဒီလိုအမီလိုက် နိုင်တဲ့လူသားတွေကို လေ့ကျင့်ပေးတဲ့ အဓိကနေရာက ကျောင်းပဲဖြစ်နေတယ်။

ဒီလိုအခြေအနေမှာ ကျောင်းရဲ့ သမားရိုးကျရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ အလွတ်ကျက်သင်နည်း၊ ဒါမေး ဒါဖြေ စာမေးပွဲ စနစ်တွေက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုကို စိန်ခေါ်နေပါတယ်။

ဒီလိုပဲ ဆက်လက်ကျင့်သုံးနေ မယ်ဆိုရင် ကျောင်းဟာ သမိုင်းထဲက ပြတိုက်အဟောင်းလို ကျန်ရစ်ခဲ့မှာစိုးရိမ်ရတယ်။ အတိတ်ထဲက လွတ်မြောက်မလာနိုင်ဘဲ ရှေးဟောင်းပညာတွေသာ ဖြန့်ဖြူးရာ နေရာဖြစ်ကုန်ပါမယ်။ ကျောင်းစာတွေ တတ်မြောက်လာပြီး ပြင်ပလောကထဲ ၀င်ရောက်လာတဲ့ ကလေး (လူငယ်) တွေခမျာ ပြင်ပဗဟုသုတနဲ့ ကွာဟနေတဲ့အတွက် ယောင်နန၊ စမ်းတ၀ါးဝါး ဖြစ်နေတယ်။

အမှန်တကယ်လည်း ကျောင်းပညာတတ်၊ ဘွဲ့ရတွေခမျာ ရထားတဲ့ဘွဲ့နဲ့ လုပ်ရတဲ့အလုပ်အကိုင်ဟာ အံဝင်ခွင်ကျမှုမရှိကြဘူး။ သချာင်္အဓိကနဲ့ ဘွဲ့ရထားသူက ရှေးဟောင်းသုတေ သနဌာနမှာ အလုပ်လုပ်နေတယ်။ သမိုင်းနဲ့ဘွဲ့ရတဲ့သူက ဘဏ်မှာ ငွေကိုင်စာရေး ဖြစ်နေတယ်။ အချို့က ဘာမေဂျာနဲ့ဘွဲ့ရရ တက္ကစီမောင်းစားတယ်။ ကွန်ပျူတာ စာစီစာရိုက်လုပ်စားတယ်။ ဖုန်းပြုပြင်သူဖြစ်လာတယ်။ ဈေးရောင်းစားသူ၊ ဆိုက်ကားနင်းစားသူတွေလည်း ရှိနေပါသေးတယ်။ ကျောင်းစာဟာ ပြင်ပလောကနဲ့ ကွာဟနေတာကို ပြသနေတာပါပဲ။

တတ်ထားတဲ့ပညာနဲ့ လုပ်စားတဲ့ ပရော်ဖက်ရှင်နယ်တို့ ဆက်စပ်မှုမရှိတာဟာ အောင်မြင်မှုရာခိုင်နှုန်းကို လွန်စွာထိခိုက်စေတယ်။ အလုပ်ကိုလည်း ပညာကထိရောက်အောင် အကျိုးမပြုနိုင်ဘူး။ အလုပ်ကလည်း တတ်ထားခဲ့တဲ့ပညာကို မမေ့ပျောက်အောင် အထောက်အကူမပြုနိုင်ဘူး။ တစ်နည်းပြောရရင် ကျောင်းသင်ခန်းစာနဲ့ ကမ္ဘာနဲ့ဆက်သွယ်မပေးနိုင်တာပဲ။ ကမ္ဘာကြီးက ပြောင်းလဲချင် သလိုပြောင်းလဲ။ ကျောင်းခန်းကတော နဂိုနေမြဲတိုင်းနေ။ ကမ္ဘာကြီးကို မသိကျိုးကျွံလုပ်နေသလို ဖြစ်နေမှာ။ ဒါဆိုကျောင်းစာသင်ရတာဟာ အဓိပ္ပာယ်မဲ့လာနိုင်တယ်။

ဒါကြောင့်ကျောင်းခန်းမကို လွတ်လပ်ပွင့်လင်းစွာ ဖွင့်လှစ်ပေးပြီး ကမ္ဘာကြီးအထိ လှမ်းကြည့်ခွင့်ရအောင် စီစဉ်ရမယ်။

ဒါမှသာ ကျောင်းဟာရှင်သန် သက်ဝင်နေတဲ့ ခေတ်မီခန်းမ၊ ပညာရပ်ဝန်းဖြစ်နေမှာ။ ကမ္ဘာလောကထဲ ၀င်တော့မယ့် ကလေးလူငယ်တွေကို ကမ္ဘာထဲမှာ အံဝင်ခွင်ကျတဲ့လူငယ်တွေအဖြစ် ပြင်ဆင်ပေးနိုင်ဖို့ကျောင်းကို ပြင်ဆင်ရပါမယ်။ ကျောင်းဆိုတဲ့ အဖွဲ့အစည်းလေးကို ကမ္ဘာဆိုတဲ့ အဖွဲ့အစည်းကြီးအထိ ချဲ့ထွင်ပေးနိုင်ခြင်းဖြင့် ကျောင်းမှကမ္ဘာသို့ ချောမွေ့စွာ စီးမျောနိုင်ဖို့လိုအပ်ပါကြောင်း။

Sources; မောင်တင်ဦး (မြောင်းမြ)/Eleven Media Group

No comments:

Post a Comment