Latest News

Monday, January 9, 2017

အညာဆောင်း

အညာဆောင်း



နှင်းစက်နှင်းမှုန်တို့က ရံဖန်ရံခါ အလည်လာတတ်သည်။ အညာဆောင်းသည်ကား အေးစက်စက် ဆိုပေမယ့် စိမ့်နေအောင် မအေးလှ။ ဆောင်းလေပြည်တို့ကလည်း ဝေ့ကာဝဲ ကာလောက်သာ။ မြောက်ပြန်လေက နော့ရုံ ဆော့ရုံ ကလူကျီစယ်ရုံလောက် တိုက်ခတ်သည်။ ဆောင်းရာသီပေမယ့် အညာဒေသသည် ပုံမှန်အတိုင်း လှုပ်ရှားလျက်။ အအေးပိုင်းဒေသဖြစ်တဲ့ အထက်ချင်းတွင်းဒေသ၊ ချင်းတောင်ခြေဒေသနဲ့ ချင်းပြည်နယ်ကလာတဲ့ သူတွေအဖို့ တော့ အညာဆောင်းသည်ကား ဆောင်းသရုပ်ပုံဖော်ရုံလောက်သာ၊ အအေးဓာတ် ရရှိရုံလောက်သာ။ အဲဒီအအေးဓာတ် ပွေ့ဖက်လိုက်ပုံကလည်း ယုယလွန်း၊ ကြင်နာလွန်း၊ ညင်သာလွန်းပေစွ၊ အလန့်တကြား ဖြစ်သွားအောင် အေးစက်မသွားဘဲ အေးအေးငြိမ့်ငြိမ့်လေးလောက်သာ။

အညာဒေသရဲ့ ဆောင်းမနက်ခင်းဆိုတာက နှင်းတွေ မှုန်မှိုင်းနေအောင်၊ မှိုင်းတွေပိတ်နေအောင် ကျဆင်းနေတယ် ဆိုတာကဖြစ်ခဲပေစွ။ တကယ်တော့ တမာပင် အုံ့ဆိုင်းဆိုင်းတွေက ငြိမ်သက်လို့ ထနောင်းပင်ကြီးတွေက မားမားဆန့်ဆန့် အအေးဓာတ်လေးကို အံကြိတ်ခံနေသလို နေမင်းရယ်လို့ ထွက်လာပြန်တော့လည်း အညာဆောင်းရာသီရဲ့နေက နွေးလွန်းလှ သည်။ နေရောင်ကြဲဖြန့်ထားတဲ့ နေရာတစ်လျှာက်မှာ အပူဓာတ်ဆိုတာထက် အနွေးဓာတ် ဘက်ပိုနေသလို။ အညာဆောင်းရာသီမှာ နေဆာလှုံရတာက နွေးနွေးထွေးထွေးရှိသည်။ တမာ၊ ထနောင်း၊ ကုက္ကို စတဲ့အပင်တွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ မြောက်ပြန်လေကလည်း ငြိမ့်ငြိမ့်ညောင်းညောင်း ရှိလှပေစွ။

လွန်ခဲ့တဲ့ နှစ်အစိတ်ဝန်းကျင်ကတော့ အညာဆောင်းကို ရွာကအဘိုး၊ အဘွားတွေ ဆီမှာနေထိုင်ရင်း ခံစားဖူးသည်။ ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သည်နှင့် အဘ (အဘိုး) က အိပ်ရာကထသည်။ နွားတွေကို အစာကျွေး၊ ရေတိုက်၍ လှည်းကို နွား'က' ကာ တောသို့သွားလေသည်။ ကျွန်တော်တို့အဘက တောသွားဖို့ လှည်းပြင်နေချိန်မှာ အမေကြီး (အဘွား) က တောကျရင် မနက်စာ စားဖို့ မီးဖိုချောင်ထဲမှာ ညကကျန်တဲ့ထမင်းနဲ့ ရှိတာလေးတွေကို တောရောက်ရင် မနက်စာ စားဖို့ထည့်နေလေသည်။ ရေနွေးကြမ်းနဲ့ ထမင်းကြော်လျှင်ကြော်မည်။ ဒါမှမဟုတ် ထမင်းကြမ်းဆီဆမ်း၍ ငါးခြောက်ဖုတ် ထည့်လျှင်ထည့်မည်။ ရှိတာလေးနဲ့ မနက်စာထည့်ရသည်။ လမ်းမှာ အကြော်ဆိုင် လမ်းသင့်တယ်ဆိုရင်တော့ အကြော်လေး ၀ယ်ခဲ့တာပလေ။ ကျွန်တော်တို့ကိုတော့ အဘက'ဟဲ့ ကောင်လေးတွေ တောလိုက်မှာဆို ထကြ'လို့ဆိုမှ အိပ်ရာထဲက ကပျာကယာထလာရင်း ဖျင်စောင်ဖြစ်ဖြစ်၊ ဘာဘူစောင်ဖြစ်ဖြစ် ခြုံလျက် အဘမောင်းတဲ့ နွားလှည်းပေါ်တက် အိပ်ရင်း တောလိုက်ကြသည်။ တကယ်တော့ လှည်းပေါ် အိပ်လိုက်သည်လို့သာ ဆိုရသည် ချမ်းလို့သာကွေးနေရ၍ အိပ်မပျော်ပါ။ အဘရဲ့နွားတွေကို ငေါက်ငမ်းရင်း မောင်းတဲ့လှည်းရဲ့ စီးချက်အတိုင်း စီးလိုက်ခဲ့ရုံသာ။

အရုဏ်တက် အလင်းစက်တို့ မသဲမကွဲ ရောက်လာချိန်လောက်ဆိုရင်တော့ အဘရဲ့တောကိုရောက်လေပြီ။ တောရောက်ရင်လည်း ကျွန်တော်တို့က အဘကို အလုပ်ကူဖို့ လိုက်လာခြင်းမဟုတ်။ အလုပ်ကူ လုပ်ရအောင်လည်း လယ်အလုပ်၊ ယာအလုပ်ဆိုတာ ဘာမှမတတ်၊ လယ်လည်းမထွန်တတ်သလို ထွန်လည်းမမွှေတတ်။ ရံဖန်ရံခါတော့ အဘရဲ့ ထွန်တုံးပေါ်လိုက်၍ စီးဖူးသည်။ ဒီလိုဆိုတော့ အဘက ထွန်စရာရှိတာထွန်သည်။ ထယ်ထိုးစရာရှိတာ ထယ်ထိုးသည်။ ကျွန်တော်တို့က တောထဲမှာ ဟိုဟိုဒီဒီလျှောက်ပြေးရင်း အချမ်းပြေကြရသည်။ အလင်းရောင် အတော်ရလာပြီး အဘရဲ့ အလုပ်ခဏ နားချိန်မှာတော့ အမေကြီးထည့်ပေးလိုက်တဲ့ မနက်စာကို စားရသည်။ အညာဆောင်းက မှိုင်းမတိုက် နှင်းတွေမှုန်နေအောင် မကျပေမယ့် နှင်းစက်တို့က အညာဆောင်းရာသီကို ခိုးကြောင်ခိုးဝှက် လာလေသလားမသိ။ တောထဲက သစ်ပင်ငယ်လေးတွေနဲ့ မြက်ခင်းတွေက နှင်းစက်တွေနဲ့ စိုရွှဲလို့နေသည်။ ဆောင်းသီးနှံ စိုက်ပျိုးဖို့အတွက် အစိုဓာတ်က အနည်းငယ် ရသည်။ အညာဆောင်းရဲ့ နှင်းစက်တွေက မြက်တွေလို အပင်ငယ်တွေပေါ်မှာ ခိုစီးနေ ကြသည်။ မုံရွာနယ်ဘက်မှာတော့ ကွမ်းခြံ တွေအများဆုံးစိုက်ပျိုးကြတာဆိုတော့ ကွမ်း ပင်တွေ ကွမ်းရွက်တွေက နှင်းခါးရိုက်ရင် အထွက်နှုန်းလျော့တတ်၍ ကွမ်းခြံပတ်လည် ကို ထန်းလက်တွေ၊ အုန်းလက်တွေနဲ့ ကာရံထားကြလေသည်။ ဆောင်းရာသီမှာတော့ အအေးဖမ်းလို့ဆိုတာ ကွမ်းအထွက်နည်းကာ ကွမ်းဈေးမြင့်တက်တတ်သည်။ ဆောင်းရာသီစာဖြစ်တဲ့ ထန်းပင်မြစ်ကတော့ အညာဒေသထွက် အစားအစာတစ်ခု။ ပဲမြစ်တွေထွက်လာပြီ။ ထန်းတောတွေကြားက ထန်းစေ့ကတစ်ဆင့် ထန်းပင်မြစ်ကို လုပ်ရောင်းကြပုံ အဆင့်ဆင့်ကို ကိုယ်တွေ့မမြင်ဖူးပေမယ့် အညာနယ်ထွက် ထန်းပင်မြစ်ကိုတော့ မြန်မာပြည်တစ်ပြည်လုံးက သိကြသည်။ အညာအစားအစာအဖြစ် အမြတ်တနိုးထား၍ စားကြရသည်။

“ နှင်းစတလင်း

ရွှေရောင်ဝင်းပ၊ လှုပ်လှုပ်ရွရွ

လေကအဝှေ့၊ စပါးလှေ့ကြ

ကွေ့ကာဝိုက်ကာ၊ ကောက်လှိုင်းပုံဘေး

ပြေးကာဆော့ကာ၊ လ၀ါဝါလေး

တိမ်ပြာမဟူရာ၊ ဇာပါးအတွေး

ညဥ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး”  လို့

စာရေးဆရာကြီး ဒဂုန်တာရာက စပ်ဆိုခဲ့သည်။ စပါး စိုက်ပျိုးလေ့ရှိတဲ့ အညာနယ်တွေမှာတော့ မောင်းညိုနေတဲ့ စပါးပင်တွေ ရိတ်သိမ်းနေကြပြီ။ မြောက်ပြန်လေနဲ့အတူ စပါးလှေ့ကြသည်။ တကယ်တော့ အညာကျေးလက်ရဲ့ ဆောင်းမနက်ခင်းကလည်း သာသာယာယာ ရှိလှသည်။ အညာနေ့လယ်ခင်းကတော့ နေက အပူရှိန်သိပ်မပြင်းလှပါ။ သို့ သော် အညာဒေသရဲ့ ထုံးစံအတိုင်း ဖုန်ကတော့ တထောင်းထောင်း။ အညာတမာတွေကတော့ ရွက်စိမ်းတွေ သိပ်မရှိတော့ဘဲ တမာရွက် စိမ်းစိမ်းတွေကြားထဲမှာ တမာရွက်ဝါ၀ါတို့က ရောယှက်နေလေသည်။ မကြာခင်မှာ တမာရွက်နုတို့ တစ်ဖန်သစ်ပေလိမ့်မည်။ တမာရွက်ဟောင်းတို့ ကြွေ ကျပေလိမ့်မည်။ ရွက်သစ်တို့က နွေဦးပေါက်ရာသီဆိုလျှင် အရောက်လာပေလိမ့်ဦးမည်။ လက်ရှိမှာတော့ နှင်းစက်မှုန်မှုန်တွေက တမာရွက်၊ ကုက္ကို ရွက်တို့ အပေါ်မှာ နားခိုကြလျက်ရှိသည်။

နေ့တာတိုတာကတော့ အညာဆောင်းသည်လည်း အတူတူပင်။ အညာရဲ့ ဆောင်းညနေရဲ့ နေမင်းအလင်းရောင်သည် အစွမ်းကုန် ထွန်းလင်း တောက်ပလျက်ရှိသည်။ တိမ်တိုက်တို့သည်လည်း အလှအပမျိုးစုံ အဆင်ဒီဇိုင်းမျိုးစုံကို ဖော်ဆောင်လျက်။ တိမ်ရောင်တွေကလည်း ဖြူ၊ နီ၊ ပြာ၊ ၀ါ၊ လိမ္မော် အရောင်အသွေးစုံလျက်။ ကျောက္ကာရွာနဲ့ မုံရွာနဲ့ကြားက အညာဆောင်းရဲ့ ညနေ နေရောင်က ထနောင်းပင်တွေကြားမှာ ဖြာကျလျက်။ တောင်တန်းတွေ အနောက်ဘက်ကို ၀င်ရောက်တော့မယ့် နေမင်းက အစွမ်းကုန် ထွန်းလင်း တောက်ပလေ့ရှိသည်။ တစ်နေ့တာရဲ့ အနွေးဓာတ်ကို အစွမ်းကုန်ရယူဖို့အတွက် ထနောင်းပင်တို့ ငံ့လင့်နေကြသည်။ မကြာမီ အအေးဓာတ်ပါသော မြောက်ပြန်လေက ထနောင်းပင်တန်းတို့ကို ဝေ့၀ဲလာပေလိမ့်မည်။ ပုဂံဒေသမှာဆိုရင်တော့ အပေါ်တက်ရတဲ့ ဘုရားတွေအပေါ်မှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေနဲ့ ဆောင်းရာသီရဲ့ နေ၀င်ချိန်ကို စောင့်ကြည့်ဖို့ အပြည့်ရှိတတ်သည်။ အညာဆောင်းရာသီရဲ့ နေ၀င်ချိန်မှာတော့ တိမ်မင်းသမီးတို့က အစွမ်းကုန်လှပအောင် ပြုပြင်ထားသလိုထင်ပါတယ်။ သိပ်လှတဲ့ နေ၀င်ချိန်ဆို တာကိုကြည့်ဖို့ လာတဲ့သူတွေအတွက် အညာဆောင်းရဲ့ နေ၀င်ချိန်ဟာ အလှဆုံးတစ်ခုပေါ့။ အညာဒေသကို အများအားဖြင့် နွေနဲ့တွဲလျက် လူသိများကြသည် ။ အညာနွေကလည်း လွမ်းစရာကောင်းလှအောင် သူ့အလှနဲ့ သူ့ဇနဲ့ ရှိသည်။ အညာဆောင်းကတော့ မှတ်မှတ်ထင်ထင် မရှိကြပေမယ့် အညာဆောင်းရာသီက အညာဒေသကို လည်ပတ်မယ့်သူတွေအတွက်တော့ ခရီးပန်းမှု မဖြစ်စေရ။ အညာဘုရားဖူး သွားမယ်ဆိုရင်တော့ အညာဆောင်းကိုခံစားရင်း သွားကြည့်စေချင်ကြသည်။ ကျွန်တော်ကတော့ နှစ်စဉ် မုံရွာ GTI ကျောင်းကပြုလုပ်တဲ့ ဆရာကန်တော့ပွဲသွားရင်း အညာဆောင်းကို ခံစားနေကျ။

အညာဆောင်းရဲ့ပုံရိပ်တွေက ရင်ထဲငြိနေအောင် စွဲလမ်းနေကြ။ အပူဒဏ်ကို မခံနိုင်တဲ့ ကျွန်တော်တို့လို လူတွေအတွက် အညာဆောင်းဟာ ခရီးသွားလို့ ကောင်းတဲ့အချိန်။

အနွေးဓာတ်တို့ ပေးစွမ်းနေတဲ့ အညာဒေသ ဆောင်းကာလရဲ့ နေရောင်ကလည်း တဖြည်းဖြည်း ပျောက်ကွယ်တော့မှာဖြစ်သလို တိမ်တွေရဲ့ အရောင်တွေကလည်း စုံလင် လာပါတယ်။ တိမ်ရောင်စုံတွေကို ငေးမော ရင်း အညာဆောင်းလေအေးက တိုးဝှေ့လာတော့ အလင်းရောင်ဟာ ရုတ်တရက် ပျောက်ကွယ်ခဲ့ပါပြီ။ နီယွန်မီးတွေအောက်မှာ အညာဆောင်းရဲ့အအေးဓာတ်က အစွမ်းပြလာပြီလေ။ တမာ၊ ထနောင်းနဲ့ ကုက္ကိုတို့သည်လည်း အိပ်စက်ဖို့အတွက် ငြိမ်သက်လို့။ ဘာပြောပြော အညာဆောင်းည တွေအတွက်တော့ စောင်တစ်ထည် လိုအပ်သည်ကတော့ အမှန်ပင်။ အညာဆောင်းရဲ့ အအေးဓာတ်က ညင်သာသည်၊ သိမ်မွေ့သည်၊ မျှတသည်၊ အညာရနံ့လို့ ပြောကြမယ်ဆိုရင်တော့ အညာဆောင်းကိုတော့ ထိတွေ့ဖူးမှ ပြည့်စုံမယ်ထင်ပါသည်။

Sources; ကိုဆူး(ချင်းတောင်ခြေ)/Eleven Media Group

No comments:

Post a Comment