Latest News

Thursday, December 15, 2016

YouTube က မြောက်ကိုရီးယားအစိုးရ ရုပ်သံသတင်းချန်နယ်ကို ပိတ်ပင်

YouTube က မြောက်ကိုရီးယားအစိုးရ ရုပ်သံသတင်းချန်နယ်ကို ပိတ်ပင်


သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတဲ့ အကောင့်တွေကို အသုံးပြုခွင့်ပိတ်ကြောင်း YouTube က ပြောပါတယ်။
 
အင်တာနက်ကုမ္ပဏီ Google ရဲ့ YouTube အွန်လိုင်းဗီဒီယိုဝန်ဆောင်မှု ဝက်ဘ်ဆိုက်က မြောက်ကိုရီးယားအစိုးရ ရုပ်မြင်သံကြားချန်နယ်ကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။ YouTube ပေါ်ရှိ Korean Central Television ရဲ့ စာမျက်နှာကို ဝင်ရောက်ကြည့်ရှုပါက YouTube ရဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာမှုကြောင့် အကောင့်ကိုပိတ်သိမ်းထားကြောင်း စာတန်းထိုးအသိပေးထားတယ်လို့ ဆိုပါတယ်။

အဆိုပါ မြောက်ကိုရီးယား ရုပ်သံသတင်းချန်နယ်မှာ နေ့စဉ်သတင်းတွေနဲ့ နောက်ဆုံးရသတင်းတွေကို တင်ဆက်လေ့ရှိပါတယ်။ သတင်းများမှာ သုံးသပ်ဖော်ပြမှုအရ မြောက်ကိုရီးယားအနေနဲ့ အဆိုပါ YouTube ချန်နယ်မှတစ်ဆင့် အွန်လိုင်းကြော်ငြာဝင်ငွေများ ရရှိနေရာ ထိုအချက်မှာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုများနဲ့ ငြိစွန်းကြောင်း သိရပါတယ်။

အမေရိကန်အစိုးရက မြောက်ကိုရီးယားအပေါ် မတ်လအတွင်းက အသစ်ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုနဲ့ ငြိစွန်းနိုင်တာကြောင့် Google က အခုလို ပိတ်ပင်လိုက်တာဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းက ပြောပါတယ်။ Google ကတော့ ယခုသတင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

အသုံးပြုသူတစ်ဦးချင်းနဲ့ ချန်နယ်တွေရဲ့ ဗီဒီယိုတွေအပေါ် မှတ်ချက်မပေးကြောင်း၊ သို့သော် သတ်မှတ်ထားတဲ့ စည်းမျဉ်းနဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာတဲ့ အကောင့်တွေကို အသုံးပြုခွင့်ပိတ်ကြောင်း YouTube က ပြောပါတယ်။

ဒါ့အပြင် ဥပဒေအရ ထိုသို့ပိတ်ပင်ရန် လိုအပ်လာပါကလည်း YouTube အကောင့်အသုံးပြုခွင့် ပိတ်ပင်ကြောင်း သိရပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းက မြောက်ကိုရီးယားရဲ့ ရုပ်သံသတင်းချန်နယ်မှာ နျူကလီးယားစမ်းသပ်မှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး အောင်မြင်တဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအဖြစ် ပြောကြားခဲ့ပါတယ်။
Source & Photo: BBC
 

No comments:

Post a Comment