Latest News

Monday, December 12, 2016

တိုင်းရင်းသားများ အလိမ်ခံရပေါင်းများသဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မလောသင့်ဟု SSPP/SSA နာယက ဒုဗိုလ်ချုပ်ကြီးဆေထင်ပြော

တိုင်းရင်းသားများ အလိမ်ခံရပေါင်းများသဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မလောသင့်ဟု SSPP/SSA နာယက ဒုဗိုလ်ချုပ်ကြီးဆေထင်ပြော

တိုင်းရင်းသားများသည် အလိမ်ခံရပေါင်းများခဲ့ပြီ ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများအား အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရန် လောနေမှုအပေါ် မလောသင့်ကြောင့် SSPP/SSA  ရှမ်းပြည်တိုးတက်ရေး ပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က အဲဒီ အန်စီအေ လက်မှတ်ထိုးဖို့ လောနေတယ်။ ဒါတွေက မလောသင့်ဘူးလို့ ထင်တယ်လေနော်။ ဘာလဲဆိုတော့ တိုင်းရင်းသား လူမျိုးစုတွေက ဖြတ်သန်းမှုအရ တော်တော်များ များ ဖြတ်သန်းခဲ့ပြီးပြီ။ နိုင်ငံရေးရော စစ်ရေးအရရော ခါးသီးတဲ့ သင်ခန်းစာတွေ ရှိတယ်။ ဥပမာ ကျွန်တော်တို့ဆို ၁၉၈၉ ခုနစ်မှာ အထူးဒေသဆိုပြီး လုပ်ခဲ့တာပဲ။ အမျိုးသား ညီလာခံလည်း ၁၉၉၃ မှာ တက်ခဲ့တာပဲ။ Fake တွေ လိမ့်လုံးတွေ သိပ်များတယ်ဗျာ။ ဆိုတော့နော် အဲလို အလိမ်ခံရပေါင်း များတယ်ဗျာ။ နောက်ထပ် အလိမ်မခံရအောင် ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ သဘောပေါ့နော်” ဟု အန်စီအေ အပစ်ရပ် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် SSPP/SSA ရှမ်းပြည်တပ်မတော်မှ နာယကဖြစ်သူက ယနေ့ခေတ် နိုင်ငံရေး မဂ္ဂဇင်းနှင့် ပြုလုပ် သည့် တွေ့ဆုံမေးမြန်းမှု တွင် ပြောသည်ဟု ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်း ၏ နိုဝင်ဘာလထုတ်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအပြီး တစ်နှစ်ကျော် ကြာသည်အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့တွင် အဖွဲ့ ၈ ဖွဲ့သာ အန်စီအေစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး လက်မှတ်မထိုးသေးသည့် အဖွဲ့များဖြစ်သည့် ကေအိုင်အေ၊ လက်မှတ်ရေးထိုးမှုတွင် ကျန်အဖွဲ့များနည်းတူ တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရသည့် တအာင်းပလောင် TNLA ၊ MNDAA ကိုးကန့် ၊ အေအေ ရခိုင်တို့မှာ တပ်မတော်နှင့် တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားနေပြီး မိုင်းလားဒေသတွင်လည်း “၀” နှင့် တင်းမာမှုအချို့ ရှိနေဆဲဖြစ်သည်။

ယင်းသို့ ရှိနေသော်လည်း ဒုတိယ အကြိမ်မြောက် ၂၁ ပင်လုံကို မကြာမီ ဆက်ကျင်းပရန် တာစူနေပြီး အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ အလိုက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်လည်း ပြင်ဆင်နေကြသည်။

အဆိုပါ ဆွေးနွေးမှုများတွင် အန်စီအေ လက်မှတ်မထိုးသေးသည့် အဖွဲ့များမှာ ပါဝင်ခွင့်မရချေ။ လက်မှတ်မထိုးထားသည့် အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် DPN နိုင်ငံရေး ဆွေးနွေးဆိုင်ရာ ညှိနှိုင်းမှု ကိုယ်စားလှယ်အဖွဲ့မှ အစိုးရနှင့် ဆွေးနွေးရန် အချက် ၉ ချက် တင်ပြထားပြီး အဆိုပါ အချက်များ သဘောတူပါက အန်စီအေ စာချုပ် လက်မှတ်ထိုးမည်ဟု ဆိုထားသည်။ ယင်းအချက်များတွင် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးမှု ပေါ်ပေါက် လာရေးအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကိစ္စ ၊ အပစ် ရပ် စောင့်ကြည့်ရေး ယန္တရားများတွင် နိုင်ငံတကာမှ လေ့လာသူများ ထည့်သွင်းဖွဲ့စည်းရေး ကိစ္စရပ်များနှင့် အစိုးရမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးရေးတို့မှာ အဓိကအနေဖြင့် ပါဝင်သည်ဟု သိရသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့က OwnerShip မရဘဲနဲ့ ကျွန်တော် တို့က လက်ခံလို့ မရဘူး။ ပိုင်ဆိုင်သူ မဟုတ်ပဲ သွားရင် သူများက ကျွန်တော်တို့ကို Bully (အနိုင်ကျင့်) မှာပေါ့နော်။ အနိုင်ကျင့်မခံရအောင် ပိုင်ဆိုင်သူဖြစ်အောင် ပေါ့နော်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးဆေထင်က ယနေ့ ခေတ်သို့ ပြောဆိုထားသည်။

ယမန်နှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်ခြင်းမရှိခဲ့ပဲ အပစ်ရပ်စဲရေးမှာ ခိုင်မာသည့် အပစ် ရပ်စဲရေး ဖြစ်ရန်လိုပြီး အားလုံးပါဝင်ရန် လိုကြောင်း ၂၀၁၅ ရွေးကောက်ပွဲရှေ့တွင် ပြောဆိုခဲ့ဖူးသည်။

“ဦးသိန်းစိန်အုပ်ချုပ်တဲ့ ကာလမှာ လက်မှတ်အလျင်စလို မထိုးဖို့။ သူ့ကာလမှာတော့ အမြန်ထိုးဖို့ဆိုတာမျိုးလို ဖြစ်နေတယ်။ အခုထိ မူဝါဒကလည်း အရင်မူဝါဒနဲ့ အတူတူ ကန့်သတ်ခံရမှုတွေလည်း ရှိနေဆဲပဲ။ ကျွန်တော်ကတော့ တစ်နေ့က နိုင်ငံတကာက အဖွဲ့အစည်း တချို့နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်အမြင် ဆွေးနွေးဖြစ်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ် က Dead Lock ဖြစ်နေပြီ။ ဒီအတိုင်း မူမပြောင်းဘဲ ဒရွတ်တိုက် ဆက်သွားမယ်ဆိုရင် သေချာပေါက် ပျက်လိမ့်မယ်လို့ ပြောခဲ့တယ်” ဟု ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

The Ladies News

No comments:

Post a Comment