Latest News

Monday, December 12, 2016

တရားမ၀င်စားသောက်ကုန်တွေကို တွေ့ရှိရင် အွန်လိုင်းကနေတိုင်ကြားနိုင်ဖို့ ဥပဒေသစ်ပြင်ဆင်ရေးဆွဲမည်။

တရားမ၀င်စားသောက်ကုန်တွေကို တွေ့ရှိရင် အွန်လိုင်းကနေတိုင်ကြားနိုင်ဖို့ ဥပဒေသစ်ပြင်ဆင်ရေးဆွဲမည်။


၁၂၊ဒီဇင်ဘာ၊ရန်ကုန်။

တရားမ၀င်စားသောက်ကုန်ပစ္စည်း၊ အရည်အသွေးမမှီ ဆိုးဆေးများနဲ့ရက်လွန်နေတဲ့ စားသုံးကုန်များကိုရောင်းချတာတွေ့ရှိပါကအလွယ်တကူOnlineကနေတိုင်ကြားနိုင်ဖို့ ဥပဒေသစ်ကိုပြန်လည် ရေးဆွဲနေတယ်လို့ စားသုံးကုန်ဥပဒေသစ်ပြင်ဆင်ရေးဆွေးနွေးပွဲ ကနေသိရပါတယ်။

" အချို့ကလမ်းဘေးဈေးသည်တွေနဲ့ ဆိုင်ခန်းတွေမှာဆိုရင် တရားမ၀င်အစား အသောက်တွေနဲ့ဆိုးဆေးရက်လွန်တဲ့စားသောက်တွေကိုရောင်းချတာတွေတွေ့ရပါတယ်။

အဲ့သည်လိုတွေ့ရှိတဲ့ ဆိုင်တွေကို စားသုံးသူတွေအနေနဲ့ သက်ဆိုင်ရာဌာနရုံးကို သွားစရာမလိုဘဲOnlineကနေအလွယ်တကူတိုင်ကြားနိုင်ဖို့ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲနေတာဖြစ်ပါတယ်" လို့စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆွေတင့်ကြူကပြောပါတယ်။

သူကဆက်ပြီး “စားသုံးသူတွေအနေနဲ့ ရုံးတွေကိုသွားရမှာဝန်လေးတယ်။ စနစ်တစ်ခုနဲ့ ပုံစံတွေကိုဖြည့်ပြီး တိုင်ရမယ်ဆိုတာ သူတို့အနေနဲ့ ရင်းနှီးမှုမရှိဘဲ ၀န်လေးတယ်။ ဒါကြောင့် ရှေ့လာမယ့်၂၀၁၇ခုနှစ် ၂၀၁၈ခုနှစ်မှာ  လည်း အလွယ်တကူတိုင်ကြားနိုင်ဖို့ ကွန်ပလိန်းစင်တာကိုဖွင့်သွားမယ်။ ဖွင့်လှစ်နိုင်ဖို့ ဘတ်ဂျက်ငွေတွေ ကောက်ခံနေပါတယ်။”လို့ပြောပါတယ်။
ဥပဒေသစ်မှာ စားသုံးသူရဲ့တိုင်ကြားမှုအပိုင်းတွေကို အမြန်ဆုံးဖြေရှင်းနိုင်မယ့် အပိုင်းတွေထည့်ထားသလို  ပြစ်မှုပြစ်ဒဏ်တွေကိုဥပဒေနဲ့စာရင်းအရ ငွေဒဏ်တွေတိုးမြှင့်ထားပါတယ်။ တိုင်ကြားတဲ့အခါမှာ ရက်ပေါင်းများစွာ အချိန်မယူရအောင်၊ တစ်ချို့ ကိစ္စတွေကို တိုင်ကြားရင် ချက်ချင်း ဖြေရှင်းပေးနိုင်အောင်ပြုလုပ်သွားမယ် လို့သိရပါတယ်။
 ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်ကုန်တွေရောင်းချဖို့ လမ်းဘေးဈေးသည်တွေကိုလည်း လက်ကမ်းစာစောင်တွေ ကမ်းပြီး  စားသောက်ကုန်များ သန့်ရှင်းအောင်ထားဖို့နဲ့ရောင်းချသူ ကိုယ်တိုင်သန့်ရှင်း အောင်နေထိုင်သွားဖို့ကျန်းမာရေးဌာနနဲ့ စည်ပင်ဌာနတို့ပူးပေါင်းပြီး စစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၄ခုနှစ်မတ်လ (၁၄)ရက်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၀) ကိုပြဌာန်းခဲ့ပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေးနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေဟာ ဥပဒေနဲ့ညီအောင်လုပ်ခဲ့တာမရှိတဲ့အတွက် လက်တွေ့လုပ်တဲ့အခါမှာ လိုအပ်ချက်တွေရှိနေတယ်။ဒါကြောင့်လက်ရှိဥပဒေကိုရေးဆွဲဖို့ပြင်ဆင်ရတာဖြစ်တယ်လို့သိရပါတယ်။
Author/photo-နှင်းနှင်း
Kumudra

No comments:

Post a Comment