Latest News

Monday, December 26, 2016

NLD အာဏာလွှဲပြောင်းရယူမှုနှင့် အရပ်သား အစိုးရထွက်ပေါ်ခြင်း

NLD အာဏာလွှဲပြောင်းရယူမှုနှင့် အရပ်သား အစိုးရထွက်ပေါ်ခြင်း



၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် အရပ်သားအစိုးရ ထွက်ပေါ်လာခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သော အစိုးရ အာဏာလွှဲပြောင်းရယူခဲ့ခြင်းကို ၂၀၁၆ ခုနှစ်၏ Focus of the Year အဖြစ် Weekly Eleven သတင်းဂျာနယ်က ဖော်ပြအပ်ပါသည်။

အဆိုပါ ဖြစ်ရပ်သည် နှစ်ပေါင်း ၅၄ နှစ်ကျော်ကြာ ပြည်သူအများ မျှော်လင့်တောင့်တခဲ့သည့် ဒီမိုကရေစီ အရပ်သားအစိုးရ ပေါ်ထွက်ရန် လမ်းစဖြစ်စေခဲ့ပြီး မျှော်လင့်ချက်များကို ရှင်သန်စေခဲ့သဖြင့် ယခုကဲ့သို့ ရွေးချယ်ဖော်ပြရခြင်း ဖြစ်ပါသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး ပြည်သူက အပ်နှင်းသည့် ယုံကြည်မှု ရရှိခဲ့သော်လည်း နိုင်ငံတော်အာဏာကို စစ်အာဏာရှင်များက လွှဲမပေးခဲ့သဖြင့် နိုင်ငံကို ဦးဆောင်ပိုင်ခွင့် မရှိခဲ့ပေ။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်များအတိုင်း သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရပြီးချိန်တွင်မူ သမိုင်းတစ်ပတ် ပြန်လည်မည်ကို စိုးရိမ်မှုများ ရှိခဲ့သည့်ကြားမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မတ် ၃၀ ရက်တွင် နိုင်ငံတော်အာဏာကို တရားဝင် လွှဲပြောင်းရယူနိုင်ခဲ့ပါသည်။

ထိုသို့ အာဏာလွှဲပြောင်း ရယူမှုမလုပ်မီ အချိန်တွင် သမ္မတမည်သူ ဖြစ်မည်နည်းဆိုသော အချက်နှင့် အစိုးရအဖွဲ့တွင် မည်သူများ ပါဝင်မည်နည်းဆိုသော အချက်များမှာ လှုပ်ခတ်မှုများ ဖြစ်စေခဲ့ပါသည်။

အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်မည့် သမ္မတနှင့် အစိုးရအဖွဲ့အပေါ် ပြည်သူတို့၏ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါသည်။

အဆုံးသတ်တွင် မြန်မာ့စာဆို ကဗျာဆရာကြီး မင်းသုဝဏ်၏ သားငယ်၊ စိတ်ထားနူးညံ့သိမ်မွေ့သူဟု အများက ထင်ကြေးပေးခဲ့သော ဦးထင်ကျော်ကို သမ္မတအဖြစ်လည်းကောင်း၊ ချင်းတိုင်းရင်းသား တစ်ဦးဖြစ်သည့် ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ် လည်းကောင်း NLD ပါတီက ရွေးချယ်ခဲ့ပါသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေသည်လည်း တပ်မတော်ဘက်က အဆိုပြုချက်ဖြင့် ဒုတိယသမ္မတ တစ်ဦးဖြစ်လာခဲ့ပါသည်။

၂၀၁၆ ခုနှစ် မတ် ၃၀ ရက်တွင် သမ္မတ ဦးထင်ကျော်က ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့ပြီး အစိုးရအဖွဲ့က လုပ်ဆောင်မည့် အချက်များကို လိုရင်းတိုရှင်း ပြောဆိုခဲ့ပါသည်။

NLD ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပြည်သူလူထု အများစု၏ လူနေမှုဘ၀ အဆင့်အတန်း တိုးတက်မြင့်မားရေး အစရှိသည်တို့ကို အကောင်အထည် ဖော်သွားမည်ဟု သမ္မတဦးထင်ကျော်က ပြောခဲ့သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရ အဖွဲ့သည် ပြည်သူလူထု၏ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ကတိပေး ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ကို ဖွဲ့စည်းရာ၌ ၀န်ကြီးဌာနများကို လျှော့ချပြီး ၀န်ကြီးဌာန ၂၁ ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ထိုသို့ လျှော့ချဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးများစာရင်း ထွက်ပေါ်လာချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခွင့်ရှိသော နိုင်ငံခြားရေးဝန်ကြီး တာဝန်နှင့် အခြားဝန်ကြီးဌာန သုံးခု၏ ပြည်ထောင်စု ၀န်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့ပါသည်။



သို့သော် နောက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်ဝန်ကြီးဌာနများကို ပြန်လွှဲပေးခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သမ္မတ ရုံးဝန်ကြီးဌာန နှစ်ခုကိုသာ တာဝန်ယူခဲ့ပါသည်။ ထို့နောက် ရွေးကောက်ပွဲ မတိုင်မီက ပြောကြားခဲ့သည့် “သမ္မတအထက်မှာ နေမယ်” ဆိုသော စကားအတိုင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဒေါ်အောင်ဆန်းစုကြည်က ရယူခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနတစ်ခု ထပ်မံတိုးချဲ့ခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်း အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ပြီး လက်ရှိအချိန်တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်အပြင် အရေးကြီးကဏ္ဍများ၏ ဦးဆောင်သူအဖြစ် မြောက်မြားစွာသော တာဝန်များကို ရယူခဲ့ပါသည်။

အတိအကျအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့အပြင် စီးပွားရေးရာကော်မတီ၊ လုံခြုံရေးတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရာ ကော်မတီ၊ နိုင်ငံခြားရေးရာ ကော်မတီတို့၌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့အတူ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန၊  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဗဟိုကော်မတီ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့ အစရှိသည်တို့တွင်လည်း ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်လျက် ရှိနေပါသည်။

NLD ပါတီ ဦးဆောင်သော အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးများ ရွေးချယ်မှု အပိုင်း၌ အငြင်းပွားဖွယ်ရာအချို့ ရှိခဲ့သော်လည်း ဒုတိယ၀န်ကြီးတစ်ဦးကို ရာထူးက ဖယ်ရှားခဲ့သည်မှလွဲ၍ မူလက ရွေးချယ်တာဝန် ပေးထားသူများဖြင့်ပင် ယခုနှစ်ကုန်ချိန် အထိ ချီတက်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုဝန်ကြီး ၂၁ ဦး၊ ဒုတိယ၀န်ကြီး ၁၁ ဦးရှိပြီး အုပ်ချုပ်ရေး အင်္ဂါစဉ်အရ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဌာနတွင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနတွင် ဦးကျော်တင့်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် သူရဦးအောင်ကို၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ဦးဖေဇင်ထွန်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် ဦးသိန်းဆွေ၊ စက်မှုဝန်ကြီးဌာနတွင် ဦးခင်မောင်ချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ဒေါက်တာသန်းမြင့်၊ ပညာရေးဝန်ကြီးဌာနတွင် ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် ဒေါက်တာမြင့်ထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဦးဝင်းခိုင်၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် ဒေါက်တာဝင်းမြတ်အေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဦးအုန်းမောင်၊  တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနတွင် နိုင်သက်လွင်တို့က ပြည်ထောင်စုဝန်ကြီး တာဝန်များ ထမ်းဆောင်နေပါသည်။

Sources; Eleven Media Group

No comments:

Post a Comment