Latest News

Saturday, December 10, 2016

ကွန်တိန်နာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်

ကွန်တိန်နာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်


ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ဆင်မလိုက် မီးပွိုင့်အနီးတွင် ဒီဇင်ဘာလ ၉ ရက် ည ၁ဝ နာရီက ယာဉ်ကြော ပိတ်သည့်ကိစ္စ အချင်းများရာမှ အငှားယာဉ်မောင်း အမျိုးသားကို ထိုးကြိတ် ရိုက်နှက်ပြီး ထွက်ပြေးရန် ကြံစည်နေသည့် ကွန်တိန်နာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ရပ်ကွက်နေသူများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ခဲ့သည့် ကွန်တိန်နာယာဉ်မှာ ယင်းညက ဆင်မလိုက် မီးပွိုင့်အနီး ယာဉ်ရှေ့ ပိတ်နေသည့် အငှားယာဉ် တစ်စီးမှ ယာဉ်မောင်းနှင့် စကားအချေအတင် များခဲ့ရာမှ အသက် ၆ဝ အရွယ် အငှားယာဉ်မောင်း အမျိုးသားကို ကွန်တိန်နာယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့က ထိုးကြိတ်ပြီး အုတ်ခဲဖြင့် ထုရိုက်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။

“ညဘက် ကုန်ကားကြီးတွေက လမ်းပေါ် အရမ်း မောင်းနေလို့ ယာဉ်တိုက်မှုတွေ မဖြစ်အောင် ရပ်ကွက်နေသူတွေက လော်နဲ့အော်ပြီး လိုက်သတိပေးနေချိန် ကွန်တိန်နာကားနဲ့ တက္ကစီကားသမား ရန်ဖြစ်ကြတာ၊ တက္ကစီမောင်းသူကို ကွန်တိန်နာကားပေါ်က လူနှစ်ယောက်က လက်သီးနဲ့ ဝိုင်းထိုးပြီး အုတ်ခဲနဲ့ ခေါင်း ရိုက်ခွဲပစ်လိုက်တယ်၊ ပြီးတော့ ကားမောင်း ပြေးဖို့ လုပ်နေချိန် ရပ်ကွက်ထဲက လူတွေ က သူတို့နှစ်ယောက်ကို ဝိုင်းဖမ်းပြီး ရဲလက် အပ်လိုက်တာ”ဟု ဆင်မလိုက် မီးပွိုင့်အနီး နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။

ကုန်တင်ယာဉ်များ ရန်ကုန်မြို့အတွင်း ည ၉ နာရီမှ နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ကို ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင် သတ်မှတ်ခဲ့ပြီးနောက် ညအချိန် မောင်းနှင်သည့် ကုန်တင်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိ မရှိ စစ်ဆေး အရေးယူရန်နှင့် ယာဉ်ကြော ပိတ်ဆို့မှုများ မဖြစ်စေရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် အင်အား ၃ဝ ခန့်က မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် လှည့်လည် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။


Sources ; The Voice

No comments:

Post a Comment