Latest News

Monday, December 19, 2016

ဗဟန်းရဲစခန်းသို့ သားအဖ နှစ်ဦး လာရောက် သောင်းကျန်း




ဗဟန်းရဲစခန်းသို့ သားအဖ နှစ်ဦး လာရောက် သောင်းကျန်း



ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ဗဟန်း မြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းက အသက် ၂ဝ အရွယ် အမျိုးသမီး ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့က စခန်းရှိ ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့သောကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၅၃၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁) တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတာရှည် လမ်းဟောင်းတွင် နေထိုင်သော အသက် ၅၃ နှစ်အရွယ် ဦးထွန်းရွှေ နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၂၁ နှစ် အရွယ် မစန္ဒာထွန်းတို့သည် ယင်းညက ၎င်းတို့နှင့် ရန်ဖြစ်ခဲ့သော အမျိုးသမီးက ရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားချိန် ယင်းအမျိုးသမီးကို ရန်ပြုရန် တုတ်ကိုင်ဆောင်၍ လိုက်လာခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ သိရသည်။

ဈေးရောင်းသူ အချင်းချင်း စကားများ ရန်ဖြစ်လို့ ရဲစခန်း လာတိုင်ချိန် မကျေနပ်လို့ ရဲစခန်းအထိ နောက်က လိုက်လာခဲ့တာ သူနဲ့ ရန်ဖြစ်ခဲ့တဲ့ ဦးထွန်းရွှေက တုတ်နှစ်ချောင်း ကိုင်ပြီး ရောက်လာတယ်၊ စခန်းရှေ့မှာ တာဝန်ကျနေတဲ့ ရဲတပ်သားက တုတ်ကိုင်ပြီး ဝင်ခွင့်မရှိဘူး ပြောလို့ ဦးထွန်းရွှေက ပိတ်ထားတဲ့ သံပန်းတံခါးကို ခြေနဲ့ ဆောင့်ကန်တယ်၊ ဒုရဲအုပ်က ဥပဒေနဲ့အညီ ဖြေရှင်းပေးမယ်ပြောပြီး ပါလာတဲ့တုတ်တွေ သိမ်းယူခဲ့ချိန် ဦးထွန်းရွှေရဲ့ သမီးက စခန်းထဲဝင်ပြီး လာတိုင်တဲ့ အမျိုးသမီးကို ဝင်ရိုက်တယ်၊ ဥပဒေအတိုင်း ဖြေရှင်းခိုင်းတာ သူတို့က လက်မခံဘဲ သောင်းကျန်းနေလို့ ရဲတွေက ဝိုင်းထိန်းခဲ့ရပြီး စခန်းက ပစ္စည်းအချို့ ပျက်စီးခဲ့လို့ သူတို့ သားအဖကို အမှုဖွင့်လိုက်တယ်”ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဗဟန်းမြို့မ ရဲစခန်းမှူးက ပြောကြားသည်။

အဆိုပါ သားအဖ နှစ်ဦးနှင့် ရန်ဖြစ်ခဲ့သူမှာ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁) ရပ်ကွက်၊ ငါးထပ်ကြီး ဘုရားလမ်းတွင် နေထိုင်သော အသက် ၃ဝ အရွယ် မငြိမ်းငြိမ်းသူဖြစ်ပြီး ဦးထွန်းရွှေနှင့် စကားများ ရန်ဖြစ်ချိန်တွင် ရဲစခန်းသို့ လာရောက် တိုင်ကြားနေချိန် ဦးထွန်းရွှေမှ နှစ်ပေခွဲအရှည် ဝါးတုတ် တစ်ချောင်း၊ တစ်ပေကျော်အရှည်ရှိ သစ်သားချောင်းတို့ကို ကိုင်ဆောင်ပြီး ရိုက်နှက်ရန် ရဲစခန်းသို့ လိုက်လာခဲ့ရာမှ ရဲတပ်ဖွဲ့က ဝင်ရောက် ဟန့်တားစဉ် နှစ်ဖက် အချင်းများခဲ့ရာမှ ၎င်းတို့ သားအဖ နှစ်ဦးကြောင့် စခန်းဝင်ပေါက်ဂိတ် သံပန်းတံခါးနှင့် ရဲစခန်းအတွင်းရှိ ပြည်သူ့ဆန္ဒ ဝန်ဆောင်မှုပေးရေး ဆိုင်းဘုတ် တစ်ခု ကျိုးပဲ့ ပျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။        

S-03

Photo - FB & SOURCES THE VOICE

No comments:

Post a Comment