Latest News

Monday, December 19, 2016

ပြည်တွင်းက ထင်ရှားတဲ့ ကမ်းခြေ (၅) ခု



ပြည်တွင်းက ထင်ရှားတဲ့ ကမ်းခြေ (၅) ခု

ငပလီကမ်းခြေကတော့ အလှဆုံးနဲ့ အသန့်ရှင်းဆုံးပါပဲ
 
စိတ်ရွှင်လန်းဖို့နဲ့ အနားယူအပန်းဖြေဖို့အတွက်တော့ ကမ်းခြေက အကောင်းဆုံးပါပဲ။ ပင်လယ်ရဲ့လေကို ရှုရှိုက်ရတာ စိတ်ကို ရွှင်လန်းစေပါတယ်။ ကမ်းခြေမှာ အနားယူလိုသူတွေအတွက် မြန်မာနိုင်ငံက ထင်ရှားတဲ့ ကမ်းခြေတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ငပလီ
ရခိုင်ပြည်နယ်မှာ တည်ရှိတဲ့ ငပလီကမ်းခြေကို အပျိုစင်ကမ်းခြေလို့ ခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းခြေတွေထဲမှာ ငပလီရဲ့ အလှဟာ သဘာဝအတိုင်း ရှိနေသေးလို့ပါပဲ။ ကြည်လင်တဲ့ရေတွေနဲ့ သောင်ပြင်မှာ ခရုကောက်ရတာနဲ့တင် စိတ်ညစ်တာတွေ ပျောက်သွားမှာ သေချာပါတယ်။

၂။ ချောင်းသာ
လူအစည်ကားဆုံး ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာ တည်ရှိပြီး ရန်ကုန်တိုင်းနဲ့ အနီးဆုံးကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။ လူစည်ကားတဲ့ ကမ်းခြေဖြစ်တာကြောင့် တည်းခိုဖို့ နေရာတွေ ပေါများပြီး အဆင့်မြင့်ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို စိတ်ကြိုက် ရွေးနိုင်မှာပါ။

၃။ ငွေဆောင်
သူလည်းပဲ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲမှာ ရှိတာပါ။ ချောင်းသာကမ်းခြေနဲ့လည်း နီးပါတယ်။ ငွေဆောင်ကမ်းခြေရဲ့ ရေက ချောင်းသာကမ်းခြေထက် ပိုမိုကြည်လင်နေတာကြောင့် ပင်လယ်ရဲ့ အရသာကို ပိုမိုခံစားနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပင်လယ်ရေအောက်ကြမ်းပြင်က အလှအပတွေကိုလည်း လေ့လာနိုင်လို့ ရင်သပ်ရှုမောစရာ ပင်လယ်ရဲ့အလှကို သိရှိရမှာပါ။

၎။ စက်စဲ
မွန်ပြည်နယ်ထဲမှာ တည်ရှိပါတယ်။ စက်စဲကတော့ ကမ်းခြေတွေထဲမှာ အသန့်ရှင်းဆုံးလို့ ပြောလို့လည်း ရနိုင်ပါတယ်။ တည်းခိုဖို့နေရာမရှားပေမယ့် အဆင့်မြင့်ဟိုတယ်တွေကတော့ သိပ်မရှိပါဘူး။ ပင်လယ်စာသာမကဘဲ ဒေသထွက်အစားအစာတွေကိုပါ မြည်းစမ်းနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

၅။ မောင်းမကန်
တနင်္သာရီတိုင်းထဲက ကမ်းခြေတစ်ခုပါ။ မောင်းမကန်ကို သွားရင်တော့ တနင်္သာရီတိုင်းက ထားဝယ်တိုင်းရင်းသူတွေရဲ့ အသံဝဲဝဲနဲ့ စကားပြောပုံကလည်း ချစ်စရာကောင်းပါတယ်။ မောင်းမကန်ကမ်းခြေရဲ့ ဆည်းဆာအလှဟာ လွမ်းမောဖွယ်ရာကောင်းတာမို့ လက်မလွှတ်ဘဲ ကြည့်ရှုသင့်တဲ့ ကမ်းခြေလည်း ဖြစ်ပါတယ်။

Sources : Photo : Traveladvisor : Duwun
 

No comments:

Post a Comment