Latest News

Sunday, December 4, 2016

ရခိုင်ပဋိပက္ခ ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းဖို့ မလေးရှားဝန်ကြီးချုပ် တောင်းဆို

ရခိုင်ပဋိပက္ခ ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းဖို့ မလေးရှားဝန်ကြီးချုပ် တောင်းဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတာတွေ လုံးဝရပ်တန့်ဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားဆီးဖြေရှင်းပေးရမှာဖြစ်တယ်လို့ မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇက် က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့တော်မှာ မနေ့က လူတစ်သောင်းဝန်းကျင် ပါဝင်တဲ့ ဆန္ဒပြပွဲမှာ မလေးရှား ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရခဲ့တဲ့အတွက် ဘာများ အကျိုးရှိပါသလဲ၊ ရခိုင်ပြည်နယ်က လူမျိုးတုံးသတ်ဖြတ်နေတဲ့ကိစ္စ ရပ်တန်းကရပ်ပါတော့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုပါတယ်၊ ကုလသမဂ္ဂအနေနဲ့ တစ်ခုခုဆောင်ရွက်ပေးပါ၊ တစ်ကမ္ဘာလုံးကလည်း အဲဒီမျိုးဖြုတ်လူသတ်ပွဲကို ထိုင်ကြည့်မနေကြပါနဲ့၊ မိမိတို့ အနေနဲ့လည်း မွတ်စလင်တွေနဲ့ အစ္စလာမ်ကို ကာကွယ်ရမှာဖြစ်တယ်၊ ကာကွယ်သွားမယ်လို့ ၀န်ကြီးချုပ် နာဂျစ် ရာဇက်က ဆန္ဒပြလူထုကို ပြောကြားခဲ့ပါတယ်။

မလေးရှား အစိုးရ ၀န်ကြီးတစ်ဦးကလည်း အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ပါဝင်မှုအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အလားတူ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကလည်း ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး မလေးရှားအနေနဲ့ မြန်မာနဲ့ သံတမန်အဆက်အသွယ်ဖြတ်သင့်တယ်လို့ သူ့ရဲ့ DAP ပါတီ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ အစိုရအဖွဲ့ဝင်မဟုတ်လို့ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ပါဝင်နိုင်ပေမယ့် လက်ရှိ အစိုးရ ၀န်ကြီးချုပ်အနေနဲ့ မပါဝင်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ ငွေကြေးအရှုပ်တော်ပုံတွေနဲ့ လူထုထောက်ခံယုံကြည်မှု ကျဆင်းလာနေတဲ့ ၀န်ကြီးချုပ် နာဂျစ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုပြန်ရအောင် ရခိုင်ပြည်နယ်ပြဿနာကို အသုံးချတာဖြစ်ကြောင်း ဝေဖန်ကြပါတယ်။

Photo: Najib Razak's Facbook

(ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က မလေးရှားဝန်ကြီးချုပ် အပါအဝင် လူတစ်သောင်းဝန်းကျင် ဆန္ဒပြစဉ်)
RFA

No comments:

Post a Comment