Latest News

Sunday, December 25, 2016

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်လူမျိုးတို့၏ ရပိုင်ခွင့်ကို ထုတ်ဖော်သွားမည်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်လူမျိုးတို့၏ ရပိုင်ခွင့်ကို ထုတ်ဖော်သွားမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ကရင်လူမျိုးတို့၏ တန်းတူညီမျှမှုနှင့် ရပိုင်ခွင့်များကို ထုတ်ဖော်သွားမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားလိုက်သည်။

လူမျိုးအလိုက် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့၌ လာမည့် ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး KNU မှ အဓိက ဦးဆောင်၍ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် ကရင် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့မှ ကိုယ်စားလှယ်များက ပြည်နယ်အစိုးရနှင့် ပူးတွဲကျင်းပသွားမည် ဖြစ်သည်။

ဆွေးနွေးပွဲတွင် ကရင်လူမျိုးတို့၏ တန်းတူညီမျှ ရပိုင်ခွင့်များကို ဖက်ဒရယ်စနစ်အပေါ် အခြေခံ၍ ဆွေးနွေးသွားမည် ဖြစ်ပြီး လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်ရှိမှု အခြေအနေများကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်လူမျိုးများဖြင့် ပထမဦးဆုံး စတင်ကျင်းပခြင်း ဖြစ်ပြီး ကရင်လူမျိုးတို့၏ ရရှိလာသော လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များ၊ အခြေအနေများကို မူတည်၍ ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လူမျိုးအလိုက် ဆွေးနွေးပွဲများကို ကျင်းပသွားဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“ဖက်ဒရယ်စနစ်ကို အခြေခံပြီဆိုရင် လူမျိုးတိုင်း၊ လူမျိုးတိုင်းရဲ့ ရပိုင်ခွင့်တွေ အဲဒီမှာ ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံဥပဒေနဲ့ အကန့်အသတ် ဖြစ်နေတဲ့ ဟာတွေကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကျော်လွှားမလဲ ဆိုတဲ့  စဉ်းစားချက်တွေ ရှိပါမယ်။ အဲဒီမှာ တက်လာတဲ့ နိုင်ငံရေးပါတီ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ကရင့်လူ့အဖွဲ့အစည်းက အလွှာအသီးသီးက ပုဂ္ဂိုလ်တွေ ဆွေးနွေးတိုင်ပင်မှာပေါ့။ ကရင်လူမျိုးတွေ အနေနဲ့ ဘာတွေက ရသင့်ရထိုက်တယ်၊ ဘာတွေက ဆုံးရှုံးနေလဲ။ နည်းလမ်းတွေ အကြံဉာဏ်တွေ ရယူမယ်” ဟု ၎င်းက ဆိုသည်။

ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် နယ်မြေများ ဖြစ်သော ကရင်ပြည်နယ်တွင် လူမျိုးအလိုက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် အကြောင်းအရာလိုက် ကျင်းပမည့် ဆွေးနွေးပွဲ (CSO Forum) ကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ယခင်ဦးသိန်းစိန် အစိုးရ လက်ထက်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့တွင် အင်အားအကောင်းဆုံးအဖွဲ့ ဖြစ်သည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များကို ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စုငြိမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံတွင် ယူဆောင်၍ ဆွေးနွေးသွားမည် ဖြစ်သည်။

J-08

Sources; The Voice

No comments:

Post a Comment