Latest News

Tuesday, December 20, 2016

ဒူတာတေးကို လူသတ်မှုဖြင့် စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲ တိုက်တွန်း


ဒူတာတေးကို လူသတ်မှုဖြင့် စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲ တိုက်တွန်း

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သေဒဏ်ပေးမှုကို ပြန်လည်ကျင့်သုံးရန် စီစဉ်နေပြီး နေ့စဉ် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦး သို့မဟုတ် ၆ ဦးကို ကွပ်မျက်မယ်လို့လည်း ပြောကြားထားပါတယ်။
 
ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲက ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် ဒီဇင်ဘာ ၂၀ ရက်က တိုက်တွန်းလိုက်ပါတယ်။

သမ္မတဒူတာတေးက ဒါဗာအိုမြို့အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသူတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲရဲ့ တိုက်တွန်းမှုထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သေဒဏ်ပြန်ကျင့်သုံးလိုတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် ၁၉၈၈ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းက ရဲတပ်ဖွဲ့ကို နမူနာပြတဲ့အနေဖြင့် ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသူတွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်း ဒူတာတေးက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင် တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ချက်ကို ပြသမှုအဖြစ် သမ္မတဒူတာတေးကို လူသတ်မှုဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဇိုက်ရက်ဒ်အယ်လ်ဟက်ဆန်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"မြို့အုပ်ချုပ်ရေးမှူးဖြစ်တုန်းက သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ မစ္စတာဒူတာတေး ကိုယ်တိုင်ဝန်ခံထားတာဟာ လူသတ်မှုဆိုတာ ထင်ရှားပါတယ်" လို့ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲက ပြောပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သေဒဏ်ပေးမှုကို ပြန်လည်ကျင့်သုံးရန် စီစဉ်နေပြီး နေ့စဉ် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦး သို့မဟုတ် ၆ ဦးကို ကွပ်မျက်မယ်လို့လည်း ပြောကြားထားပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ အဆိုပါပြောကြားချက်ကို ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ရှုတ်ချခဲ့ကြပါတယ်။ ဖိလစ်ပိုင်မှာ ဒူတာတေး သမ္မတဖြစ်လာခဲ့ပြီးနောက် ၎င်းရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေး  စစ်ပွဲအတွင်း လူပေါင်း ၅,၃၀၀ မှ ၆,၀၀၀ ကြား သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Souce & Photo: AP, Reuters , Duwun
 

No comments:

Post a Comment