Latest News

Tuesday, December 6, 2016

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသည့် ဝေါဟာရသည် တရားစီရင်ရေး အပိုင်းက ဆုံးဖြတ်ပြီးမှသာ သုံးနှုန်းသင့်ပြီး လက်လွတ်စပယ် သုံးနှုန်းရမည့် ဝေါဟာရ မဟုတ်ကြောင်း ကိုဖီအာနန်ြေေပြောကြား

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသည့် ဝေါဟာရသည် တရားစီရင်ရေး အပိုင်းက ဆုံးဖြတ်ပြီးမှသာ သုံးနှုန်းသင့်ပြီး လက်လွတ်စပယ် သုံးနှုန်းရမည့် ဝေါဟာရ မဟုတ်ကြောင်း ကိုဖီအာနန် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide ဆိုသည့် ဝေါဟာရသည် တရားစီရင်ရေး အပိုင်းက ဆုံးဖြတ်ပြီးမှသာ သုံးနှုန်းသင့်ပြီး လက်လွတ်စပယ် သုံးနှုန်းရမည့် ဝေါဟာရ မဟုတ်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်သည် ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရခိုင်ပြည်နယ်၌ လူမျိုးသုဉ်း သတ်ဖြတ်မှု Genocide များ ဖြစ်ပွားနေသည်ဟု ရေးသားမှုများ၊ ပြောကြားမှုများကို ကြားသိနေရသည့်အတွက် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ထင်မြင်ချက်နှင့် ဟုတ်မှန်မှုရှိ၊ မရှိကို မေးမြန်းခဲ့ရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က အဆိုပါ စကားလုံးသည် ပြင်းထန်သည့်အတွက် လက်လွတ်စပယ် မသုံးနှုန်းသင့်ကြောင်း ပြောကြားသည်။

“လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide ဆိုတဲ့ ဝေါဟာရတွေဟာ ပြင်းထန်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီဝေါဟာရတွေသည် ဥပဒေအရ ပြန်လည်သုံးသပ်ပြီးတော့ တရားစီရင်ရေး အပိုင်းမှ နေပြီးတော့ ဆုံးဖြတ်ပြီးတော့မှ သုံးနှုန်းသင့်တဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ လက်လွတ်စပယ် အလွတ်သဘော လျှောက်ပြီးတော့ သုံးတဲ့ဝေါဟာရ မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ကိုဖီအာနန်က ပြောကြားသည်။

ထို့ပြင် ကိုဖီအာနန်က ကော်မရှင်၏ လုပ်ငန်းတာဝန်ကို သတိမူနိုင်စေရန် ထပ်မံ သတိပေး ပြောပြလိုကြောင်း၊ ကော်မရှင်၏ လုပ်ငန်းတာဝန်က ရခိုင်ပြည်နယ်တွင် ပြန်လည် သင့်မြတ်ရေး အားပေး မြှင့်တင်နိုင်ရန်၊ ဒေသခံအဖွဲ့အစည်းများ အားကောင်းစေရန်၊ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်၊ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် မည်သည့်အားပေး မြှင့်တင်နိုင်မည်ဆိုသည့် နည်းလမ်းများကို နိုင်ငံတော် အစိုးရထံ အကြံပြုချက်များ တင်ပြပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် သတင်းထောက် တစ်ဦး၏ ရခိုင်ဒေသတွင် တပ်မတော်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ကို တွေ့မြင်ခဲ့သလားဟု မေးမြန်းမှုအပေါ် ၎င်းတို့အနေဖြင့် ပဋိပက္ခ ဖြစ်နေဆဲအချိန်တွင် သွားရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ထို့ပြင် မိမိတို့၏ လုပ်ငန်းတာဝန်သည် စုံစမ်းစစ်ဆေးရန် မဟုတ်ပါကြောင်း၊ သို့ရာတွင် မိမိတို့ ယင်းဒေသကို ရောက်ရှိချိန်၌ အသိုက်အ၀န်း နှစ်ခုကြားတွင် တင်းမာမှုရှိသည်ဟု ခံစားမိကြောင်း ကိုဖီအာနန်က ဖြေကြားသည်။

“ဒီအခြေအနေတွေကြောင့် အာဆီယံမှာ မတည်ငြိမ်မှုတွေဖြစ်တဲ့ဆီ ဦးတည်မသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နားလည်သဘောပေါက်မှု ရှိဖို့ပေါ့။ ဘယ်နေရာတွေမှာလဲဆိုတော့ နယ်စပ် ထိန်းချုပ်တာပေါ့။ နယ်စပ်ကို ဖြတ်ကျော်သွားတာ။ ဒါတွေမှာ အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။ နောက်နိုင်ငံတစ်နိုင်ငံ တစ်နိုင်ငံမှာ ပြဿနာရှာတဲ့သူတွေ သူတို့အကြောင်း သတင်း အချက်အလက်တွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မျှဝေဖို့ ဒါတွေသည် ပူးပေါင်း ဆောင်ရွက်ဖို့လိုမှာ၊ နားလည်ဖို့လိုမှာ ဖြစ်ပါတယ်” ဟု ကိုဖီအာနန်က ပြောကြားသည်။

ထို့အတူ မကြာမီကာလက ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ပတ်သက်ပြီးလည်း မှတ်ချက် တစ်စုံတစ်ရာပေးရန် မရှိကြောင်း၊ ယင်းကော်မရှင်တွင် ပါဝင်သူများကို မသိသလို ကော်မရှင်၏ လုပ်ဆောင်ချက်ကိုလည်း အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အပေါ် မှတ်ချက်မပေးလိုကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ကြည့်ပါက မိမိတို့ကော်မရှင်၏ လုပ်ငန်းတာဝန်များ အရေးကြီးပုံနှင့် အဆောတလျင် ချက်ချင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အထင်အရှား တွေ့နိုင်မည် ဖြစ်သည်ဟု ကိုဖီအာနန်က ပြောကြားသည်။
Writer:
ငြိမ်းကို၊ ကျော်ဇင်
Eleven

No comments:

Post a Comment