Latest News

Tuesday, December 6, 2016

ဒီမိုကရေစီခေတ်တွင် လက်နက်ကိုင် တောင်းဆို မရဟု ဗိုလ်ချုပ်မှူးကြီး ပြော

ဒီမိုကရေစီခေတ်တွင် လက်နက်ကိုင် တောင်းဆို မရဟု ဗိုလ်ချုပ်မှူးကြီး ပြော
 
ဒီမိုကရေစီခေတ်မှာ အာဏာအတွက် လက်နက်ကိုင်ပြီး အခွင့်အရေး တောင်းဆိုလို့ မရနိုင်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၆ ရက် အင်္ဂါနေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးနဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E.Dr.Nikolay Listopadov တို့ တွေ့ဆုံဆွေးနွေးခိုက် သူက ခုလို ပြောခဲ့တာပါ။

“ဒီမိုကရေစီ ခေတ်တွင် အာဏာအတွက် လက်နက်ကိုင်၍ အခွင့်အရေး တောင်းဆို၍ မရနိုင် ကြောင်း၊ ပါတီစုံလမ်းကြောင်းတွင် နိုင်ငံရေးအရ အားလုံးကို လမ်းဖွင့်ပေးထားခြင်းဖြစ်၍ ပေးထားသည့် အခွင့်အရေးများနှင့်အညီ ပါဝင်ယှဉ်ပြိုင်တောင်းဆိုရမည်သာဖြစ်ကြောင်း။”

သူက လတ်တလော ရှမ်းမြောက်တိုက်ပွဲများနဲ့ စပ်လျဉ်းလို့ တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေးတပ်ဖွဲ့များကို ရည်ညွှန်း ပြောကြားခဲ့ပုံရပြီး အန်စီအေနဲ့ ပတ်သက်လို့လည်း ရုရှားသံအမတ်ကို ရှင်းပြခဲ့ပါတယ်။

တခါ ရခိုင်အရေးနဲ့ စပ်လျဉ်းပြီး သမိုင်းကို လိမ်လို့မရဘဲ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများဟာ မြန်မာ တိုင်းရင်းသားများ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။

“လူ့အခွင့်အရေးနှင့်ပတ်သက်၍ အခွင့်အရေးရယူလိုသော်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်မှုမရှိခြင်းအား မည်သည့်နိုင်ငံတွင်မှ လက်မခံကြောင်း၊ သမိုင်းကိုလိမ်၍ မရကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအနေဖြင့် မြန်မာတိုင်းရင်းသားများမဟုတ်ဘဲ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သူများသာဖြစ်ကြောင်း၊ အခွင့်အရေး များပေးထားပြီးဖြစ်၍ နိုင်ငံသား ဖြစ်မှုဥပဒေများနှင့်အညီ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးအကြောင်းပြ၍ အခွင့်အရေးတောင်းဆို ၍ မရဘဲ ဥပဒေနှင့်အညီလုပ်ဆောင်ရ မည်ဖြစ်ကြောင်း”

အောက်တိုဘာ ၉ ရက်က စတင်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နိုဝင်ဘာ ၂၀မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ရဲ့ ထိုးစစ်တွေဟာ အစိုးရသစ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment