Latest News

Monday, December 12, 2016

ကား ⁄ ဖရီးပါမစ် အရောင်းသွက် ဈေးတက်

ကား ⁄ ဖရီးပါမစ် အရောင်းသွက် ဈေးတက်



ရန်ကုန်၊ ဒီဇင်ဘာ  ၁၀- ခုတစ်ပတ်ကားဈေး ကွက်အတွင်းမှာ ရန်ကုန်လိုင်စင် ဖရီးပါမစ် ပွိုင့်သရီးကားလေးတွေ အရောင်းရဆုံးဖြစ် လို့ ကျပ် ၁၅ သိန်းဝန်းကျင်လောက်အထိ ဈေးမြင့်တက်သွားပါတယ်။

‘လာမယ့် နှစ်အတွက် မော်ဒယ်သတ် မှတ်ချက်တွေထွက်ပြီးနောက်ပိုင်း အားလုံး တွက်ချက်ထားသလို ကားဈေးတွေက ကျပ် ၁၀ သိန်းဝန်းကျင်လောက်အထိ မြင့်တက်တယ်၊ဝယ်လက်တွေဘက်ကလဲ ကြိုက်တဲ့ကားကို ကြိုက်ဈေးပေးဝယ်ယူတာတွေကြောင့်လဲ ဈေးက ပိုမြင့်လာတယ်၊ ကျပ်သိန်း ၁၀ဝ အောက် ကားမရှိသလောက် ဖြစ်သွားတယ်”လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်းကိုသန်းဆွေဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းတာတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် ရန်ကုန်ဝယ်လက်တွေအနေနဲ့ နယ်လိုင်စင် ဝယ်ဖို့ လက်တွန့်နေကြတယ်။ ဒါကြောင့် ရန်ကုန်လိုင်စင်ဖရီးပါမစ်ကား နံပါတ် ထွက်ပြီးသားတွေ မရအရ လိုက်ဝယ်နေကြတာ များပါတယ်။ ဒါကြောင့်လည်း ရန်ကုန်လိုင်စင်ပွိုင့်သရီးကားလေးတွေအရောင်းသွက်လို့ ဈေးမြင့်တက်သွားပါတယ်။ အသစ်တင်သွင်းတဲ့ နယ်လိုင်စင် ကားလေးတွေကိုတော့ နယ်ဝယ်လက်တွေ ဝယ်တာများလို့ အရောင်းအဝယ် ပြန်လိုက်နေပါတယ်။ဟွန်ဒါဖစ်ရုပ်မပြောင်းတဲ့ ကားလေးတွေတောင် ကျပ်သိန်း ၁၃၀ ကနေ ကျပ် ၁၄၅ သိန်းဝန်းကျင် ဖြစ်လာပါတယ်။ ဟွန်ဒါဖစ်လို ပွိုင့်သရီးကားတွေ ကျပ်သိန်း ၁၂၀ နဲ့ သိန်း ၁၆၀ ကြား အဝယ်များနေပါတယ်။ အရင်ကထက် ကျပ် ၁၀ သိန်းကနေ ကျပ် ၁၅ သိန်း ဈေးခေါ် ရောင်းလည်း ရောင်းနေရတဲ့ အနေအထား ဖြစ်လာပါတယ်။

စလစ်ဈေးအနည်းငယ်ကျ

ကွန်ဆိုင်းမန့်ရှိုးရွမ်းပါမစ်နဲ့ တင်သွင်းတဲ့ ကားတွေကို နောက်ထပ်ပါမစ် သက်တမ်းတိုးဖို့ ခြောက်လထပ်တိုးပေးလိုက်တဲ့ အတွက် အရေးပေါ်စလစ်လိုအပ်ချက်က လျော့ပါးသွားပါတယ်။ ၁၉၉၇ မော်ဒယ် ကားတွေ သက်တမ်း နှစ် ၂၀ စလစ်အပ် ကားတွေ ဖြစ်လာတော့မှာရယ်၊ စလစ်ကပ် တင်သွင်းတဲ့ စနစ်အစားအခြားစနစ်တစ်ခု အစားထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာတွေရယ်ကြောင့် စလစ်ဈေးက အနည်းငယ် ကျဆင်းလာပါတယ်။ ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိ မြင့်တက်ခဲ့တဲ့ အမည်ပေါက်စလစ်တစ်စောင်ရဲ့ ဈေးနှုန်းက ကျပ် ၁၁၇ သိန်းဝန်းကျင်ရှိပြီး စလစ်အပ် ကားက ကျပ် ၁၀၇ သိန်း၊ ၁၀၈ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။

လေလံဈေးမြင့်တက်

လက်ရှိမူဝါဒနဲ့ ကားပါမစ် လျှောက်ထားတာက အခုလ ၂၃ ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက် နှစ်မှာ တင်သွင်းခွင့် မရှိတော့တဲ့ မော်ဒယ်တွေ အလုအယက် တင်သွင်းဖို့ လေလံအပြိုင်ဆွဲကြတာတွေကြောင့် ဂျပန်လေလံဈေးတွေ မြင့်တက်နေပါတယ်။ ပွိုင့်သရီးကားတွေ အဆွဲအများဆုံးဖြစ်ပြီး ယန်း တစ်သိန်းဝန်းကျင်အထိ ဈေးပိုမြင့်လာပါတယ်။ လက်ရှိမှာ အမေရိကန် ဒေါ်လာ ဈေးမြင့်၊ လေလံဈေးမြင့်နေပြီး လူကြိုက် များတဲ့ ပွိုင့်သရီးကားလေးတွေရဲ့ ဈေးနှုန်းက ပိုပြီး မြင့်တက်လာနေပါတယ်။


Sources ; အောင်ထွန်းဦး : Kumudrra

No comments:

Post a Comment