Latest News

Sunday, December 18, 2016

ကျွန်းလုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များကို ဝန်ကြီးချုပ် သတိပေး

ကျွန်းလုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များကို ဝန်ကြီးချုပ် သတိပေး

ထားဝယ်၊ ဒီဇင်ဘာ ၁၈

ကျွန်းများတွင် ယခင်က ဧကပေါင်း ရာထောင်ချီ လုပ်ကိုင်ခွင့် ရထားသည့် လုပ်ငန်းရှင်များ အနေနှင့် စာချုပ်ပါ အချက်အလက်အတိုင်း မလုပ်ဆောင်ပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်သည်။

ကုမ္ပဏီအချို့က သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေကို ကျော်လွန်ဆောက်လုပ်မှုများ လုပ်ဆောင်မှုများ၊ စာချုပ်ပါ ကုမ္ပဏီဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ အခြားကုမ္ပဏီဖြင့် လုပ်ဆောင်နေမှုများကို စာချုပ်ပါ အခွင့်အရေးများနှင့် အရေးယူသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

“တကယ်တမ်း စာချုပ်ပါ အခွင့်အရေးတွေကို ဖောက်ဖျက်မယ် ဆိုရင်တော့ အရေးယူရပါလိမ့်မယ်။ အဲတော့ တတ်နိုင်သလောက် စာချုပ်ချုပ်ထားတဲ့ သူတွေက စာချုပ်ပါ အချက်အလက်တွေကို လိုက်နာဆောင်ရွက်စေချင်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

ယင်းအပြင် ကျွန်းများပေါ်တွင် ယခင်က လုပ်ငန်းရှင်တစ်ဦးထဲက ဧကပေါင်းထောင်ချီ လုပ်ကိုင်ခွင့် ရထားပြီး ရေလုပ်သားများ ရေချိုခပ်ရန်၊ ထင်းခွေရန် အစသဖြင့် ဆောင်ရွက်ရာတွင် ကျွန်းပေါ်တက်ရောက်ခွင့် မပေးသည့်အပေါ် တိုင်းအစိုးရထံ တိုင်ကြားလာမှုများ ရှိသည်။

လက်ရှိအစိုးရ လက်ထက်တွင် လုပ်ငန်းရှင်တစ်ဦးလျှင် ၁၅ ဧကခန့် အထိသာ လုပ်ကိုင်ခွင့် ပေးတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

လက်ရှိတွင် ပင်လယ်အတွင်းရှိ ကျွန်းများကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လ မတိုင်ခင်က ငှားရမ်းလုပ်ကိုင်ခွင့် ပြုခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် လျှောက်ထားလာမှုများအပေါ် စိစစ်နေဆဲသာ ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

ကျွန်းများ ငှားရမ်းလုပ်ကိုင်ခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုခြင်းဖြစ်ပြီး ငှားရမ်းခွင့်မှာ နှစ် ၃၀ သက်တမ်း ရှိကာ ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ကျွန်းများပေါ်တွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် လျှောက်ထားသော လုပ်ငန်းပေါင်း ၂၂ ခု ရှိသည်။

ယခင်အစိုးရ လက်ထက် လုပ်ကိုင်ခွင့်ပြုခဲ့သော ကျွန်းပေါင်း ၁၂ ကျွန်း ရှိသည်။

SOURCESTHE VOICE

No comments:

Post a Comment