Latest News

Sunday, December 18, 2016

လက်ဝှေ့သမားဘဝက အနားယူခဲ့ရင် မြန်မာ့ရိုးရာ လက်ဝှေ့ နိုင်ငံတကာ ပျံ့နှံ့ရေး လုပ်ဆောင်သွားမယ့် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တွေ့ဆုံမှု ခဏတာ

လက်ဝှေ့သမားဘဝက အနားယူခဲ့ရင် မြန်မာ့ရိုးရာ လက်ဝှေ့ နိုင်ငံတကာ ပျံ့နှံ့ရေး လုပ်ဆောင်သွားမယ့် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တွေ့ဆုံမှု ခဏတာ

တွေ့ဆုံမေးမြန်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်

ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာနဲ့အညီ လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကျင်းပခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ရဲ့ အဲက္ဘောဇရွှေအောင်လံဆုရှင် ကနေဒါနိုင်ငံသား ဒေ့ဗ် လက်ဒပ်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒေ့ဗ်လက်ဒပ်ဟာ မြန်မာနိုင်ငံကို ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီးရောက်လာတဲ့ အားကစားသမား တစ်ဦး ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားကိုသာမက ရိုးရာယဉ်ကျေးမှုနဲ့ မြန်မာတို့ရဲ့ ရိုးရာထုံးတမ်းစဉ်လာတွေကိုပါ နှစ်သက် သဘောကျတဲ့သူတစ်ဦးဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒေ့ဗ်ဟာ မြန်မာ နိုင်ငံကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ မြန်မာနိုင်ငံ ပထမတန်းလက်ဝှေ့ကျော် တူးတူးနဲ့ ယှဉ်ပြိုင် ထိုးသတ်ဖို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီပထမဆုံးရောက်ခဲ့တဲ့ပွဲမှာပဲ တူးတူးကို အသာစီးသရေနဲ့ ယှဉ်ပြိုင် ထိုးသတ်နိုင်ခဲ့သူပါ။ အဲဒီနောက် အောက်တိုဘာ ၉ ရက်မှာ GTG Group က စီစဉ်ကျင်းပတဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ မြန်မာပြည်အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ထွန်းထွန်းမင်းနဲ့ပွဲမှာ ငါးချီပြည့် အရှုံးအနိုင်မပေါ် ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့တာကြောင့် သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ယခုတတိယ အကြိမ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ မကျေပွဲပြန်နွှဲခဲ့တဲ့ အဲကမ္ဘောဇအောင်လံလုပွဲမှာတော့ ထွန်းထွန်းမင်းကို သုံးချီမြောက်မှာ အလဲထိုးနဲ့အနိုင်ရခဲ့ပြီး လက်ရှိ အဲက္ဘောဇရွှေအောင်လံဆုကို ပူပူနွေး နွေး ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ဒေ့ဗ်ရဲ့မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ထိမ်းမြားတဲ့ မင်္ဂလာပွဲမှာ ခဏတာတွေ့ဆုံမေးမြန်းခဲ့သမျှ ကိုပြန်လည်ရေး သား ဖော်ပြလိုက် ရပါတယ်။

မေး။ ။ ဒေ့ဗ်လက်ဒပ်အနေနဲ့ အဲက္ဘောဇအောင်လံကို ပူပူနွေးနွေး ရရှိထားမှုအပေါ် ဘယ်လိုခံစားမိပါသလဲ။ မကစားခင်ကရော ဘယ်လောက်အထိ မျှော်မှန်းထားပါ သလဲ။

ဖြေ။ ။ ဒီပွဲအပေါ်မှာ မကစားခင် စိတ်ဖိစီးမှုရယ်လို့တော့ မရှိပါဘူး။ သူ့ရဲ့ အားနည်း ချက်၊ အားသာချက်တွေကို အရင်လည်း ဆုံခဲ့ဖူးတာဆိုတော့ ဘာကိုအဓိကထား ပြင်ဆင်ရမယ်ဆိုတာ သိထားပါတယ်။ အခု အဲကမ္ဘောဇအောင်လံခါးပတ်ကို ရ လိုက်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ပျော်လည်း အလွန်ပဲပျော်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ကျွန်တော်ဟာ အဆင်ပြေတယ်လို့တောင် တွေးမိ၊ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်တော့်အသက် ၂၅ နှစ်ပြည့်တဲ့နေ့မှာပဲ ဒီမြန်မာနိုင်ငံက အဲက္ဘောဇအောင်လံကို ရရှိလိုက်သလို၊ ချစ်သူနဲ့ လည်း နှစ်ဦးသဘောတူလက်ထပ် ဖြစ်ခဲ့ပါတယ်။ ဒီအောင်မြင်မှုအတွက် အထူးကျေးဇူးတင်ချင်တာက မြန်မာပြည်က ပရိသတ်ကြီးကိုပါ။ ကျွန်တော့်အနေနဲ့ အလွန်ပဲ မြန်မာနိုင်ငံက ရိုးရာလက်ဝှေ့ချစ် ပရိသတ်ကြီး ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခုလို အောင်မြင်တာ ကလည်း မြန်မာ ပရိသတ်ကြီးရဲ့ အားတစ်ဝက် ပါပါတယ်။ မကစားခင်ကတော့ အနည်းဆုံးတော့ သရေနဲ့အနိုင်ဆိုပြီးလေ့ကျင့်ခဲ့တာပါ။ ဒါပေမယ့်နိုင် လိုက်တော့ ပိုပျော်သွားတာပေါ့။

မေး။ ။ အဲကမ္ဘောဇအောင်လံပွဲမထိုးခင် ပြင်ဆင်မှုအနေနဲ့ ဘယ်လောက်ကြာ ကြို တင်ပြင်ဆင်ခဲ့ပါသလဲ။ အဓိကပြင်ဆင်ခဲ့တဲ့ အပိုင်းကိုရော ပြောပြလို့ ရမလား။

ဖြေ။ ။ ဒီအဲကမ္ဘောဇအောင်လံပွဲ မထိုးခင် အဓိက ပြင်ဆင်မှုအနေနဲ့ကတော့ တစ်လကြာပဲ အချိန်ယူခဲ့တာပါ။ ဒါပေမယ့် ကျန်တဲ့ရက်တွေမှာလည်း လေ့ ကျင့်မှု က တော့ ပုံမှန်အတိုင်းပါပဲ။ ကလပ်ရဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းပဲပေါ့။ အဓိကပြင်ဆင် ခဲ့တဲ့အပိုင်းကတော့ ကြံ့ခိုင်မှုအပိုင်းပါ။ အရင်တစ်ကြိမ်လည်း ထွန်းထွန်းမင်းနဲ့ ယှဉ် ပြိုင်ထိုးသတ်ထားတော့ ဘယ်အပိုင်းတွေကို အဓိကပြင်ဆင်ရမယ်ဆိုတာကို သိ ထားပါတယ်။ သူက လက်သီးပါဝါရော၊ ခြေကန်ချက်ပါဝါတွေပါ ရှိတယ်ဆိုတာသိ ထားတော့ အဲဒီအပိုင်းတွေကို ကြံ့ခိုင်မှုရှိအောင် အဓိကပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။

မေး။ ။ အသက်ဘယ်လောက်က လက်ဝှေ့လောကထဲ စတင်ဝင်ရောက် ခဲ့တာလဲ။ ယှဉ် ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲပေါင်းရော ဘယ်လောက်ရှိပါပြီလဲ။

ဖြေ။ ။ ကျွန်တော့်အသက် ၁၇ နှစ်အရွယ်ကတည်းက လက်ဝှေ့လောကထဲ ဝင် ရောက်ခဲ့တာပါ။ ဒါပေမယ့် ထိုးတာကတော့ နှစ်နှစ်ပဲ ရှိပါသေးတယ်။ ထိုးဖြစ်တာက တော့ အသက် ၂၃ နှစ် ပြည့်ပြီးမှပါ။ အဲဒီအတော အတွင်း ခြောက်နှစ်လုံးလုံးက လက်ဝှေ့ပွဲတစ်ပွဲမှ မထိုးခဲ့ပါဘူး။ လေ့ကျင့်မှု အပိုင်းကိုပဲ တစ်စိုက်မတ်မတ်လုပ်ဆောင် ခဲ့ပါတယ်။ လက်ဝှေ့စထိုးတာ ဆို ပြောရရင် နှစ်နှစ်ပဲရှိသေးတယ်လို့ ပြောရမယ်။ ဒါပေ မယ့် အရင်ကတော့ ကျွန်တော်က ဘရုစ်(စ်)လီကိုကြိုက်တော့ ကွန်ဖူးအားကစား ကိုတော့ မကြာမကြာ ကစားဖြစ်ပါတယ်။ လတ်တလော ယှဉ်ပြိုင်ထိုးသတ်ထားတဲ့ ပွဲပေါင်းကတော့ မွေထိုင်း၊ ကစ်ဘောက်စင်၊ ဒီမြန်မာ့ရိုးရာလက်ဝှေ့ အပါအဝင် ပွဲပေါင်း ၁၅ ပွဲ ရှိပါပြီ။ ပွဲပေါင်း ၁၅ ပွဲမှာ ၁၂ ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ အဲဒီ ရှုံးထားတဲ့တစ်ပွဲကလည်း အမှတ်နဲ့ ရှုံးထားတာပါ။

မေး။ ။ ခုရော မွေထိုင်းကလပ်မှာ လေ့ကျင့်ကစားနေတယ်လို့ သိရတယ်။ ဘယ်က မွေထိုင်းကလပ်မှာ လေ့ကျင့်ကစားနေတယ်ဆိုတာကို ပြောပြပေးပါဦး။

ဖြေ။ ။အခု ကျွန်တော်လေ့ကျင့်ကစားနေတာက ထိုင်းနိုင်ငံ ဖူးခက်မှာရှိတဲ့ တိုက်ဂါး မွေထိုင်းကလပ်မှာပါ။ အဲဒီမှာ ကစ်ဘောက်စင်၊ မွေထိုင်း အားကစားသမားမျိုးစုံ လာရောက်လေ့ကျင့်ကြပါတယ်။ စုစုပေါင်း လက်ဝှေ့အားကစားသမားပေါင်း ၄ဝဝ ကျော်လောက်အထိ ရှိပါတယ်။ တိုက်ဂါးကလပ်မှာ ကျွန်တော့်လို မြန်မာ့ရိုးရာလက် ဝှေ့ကို နှစ်သက် သဘောကျတဲ့ လက်ဝှေ့သမားတွေလည်း အများကြီးပါ။ နောက်နှစ် တွေမှာ သူတို့လည်း ဒီကိုလာရောက်ထိုးဖို့ မျှော်လင့်နေကြပါတယ်။ ဖိတ်တာနဲ့ သူတို့ လာရောက်ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

မေး။ ။အခုအသက် ၂၅ နှစ်ပြည့်ပြီ။ အိမ်ထောင်လည်းကျပြီဆိုတော့ ဘယ်အသက် အရွယ်အထိ လက်ဝှေ့ထိုးဖို့ စိတ်ကူးထားပါသလဲ။ လက်ဝှေ့သမားဘဝက အနားယူ ရင်ရော ဘာဆက်လုပ်သွားမှာလဲ။

ဖြေ။ ။ဟုတ်ပါတယ်။ အခု အသက်လည်း ၂၅ နှစ်ပြည့်၊ အိမ်ထောင်လည်းကျ။ အဲကမ္ဘောဇအောင်လံလည်း ရရှိခဲ့ပါတယ်။ ဒီလိုနေ့မျိုးကိုတော့ ကျွန်တော့်တစ်သက် မှာ ဘယ်လိုမှ မမေ့နိုင်တဲ့ နေ့တစ်နေ့ပါ။ အခု အိမ်ထောင်လည်းကျပြီဆိုတော့ မိသားစုဘဝလေးရရင်တော့ လက်ဝှေ့သမားဘဝက အနားယူဖြစ်မှာပါ။ အနားယူ ဖြစ်ခဲ့ရင်လည်း ကျွန်တော်နှစ်သက်သဘောကျတဲ့ ဒီမြန်မာ့ရိုးရာလက်ဝှေ့ အားကစား ကို ကမ္ဘာကိုပျံ့နှံ့အောင် ကြိုးပမ်းသွားမှာပါ။ အဲဒီအတွက်လည်း ဆရာဦးဝဏ္ဏနဲ့ အားလုံးတိုင်ပင်ထားပြီးပါပြီ။ နိုင်ငံတကာက လာရောက်လေ့ကျင့် ကစားနိုင်တဲ့ မြန်မာ့ ရိုးရာလက်ဝှေ့ကလပ်ကြီးတစ်ခုကို တည်ထောင်ပြီး ရိုးရာလက်ဝှေ့အားကစား သမားတွေကို မွေးထုတ်ပေးသွားဖို့ စိတ်ကူးထားပါတယ်။ အခုလို ဘာကြောင့် စိတ်ကူးခဲ့တာလဲဆိုရင် ကျွန်တော်ထိုးသတ်ခဲ့တဲ့ မွေထိုင်း၊ ကစ်ဘောက်စင်နဲ့ ဒီရိုးရာလက်ဝှေ့တွေ ထဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ပိုပြီး နှစ်သက်သဘောကျလို့ပါ။ အကာအကွယ်မပါ ယောက်ျားပီပီသသ ယှဉ်ပြိုင်ထိုးသတ်နိုင်တဲ့ အားကစားဖြစ်လို့ ပါပဲ။

မေး။ ။ လက်ရှိ ၂ဝ၁၆ အဲကမ္ဘောဇရွှေအောင်လံ ပိုင်ရှင်ဆိုတော့ နောက်နှစ် ဒီခါးပတ် ချန်ပီယံလုပွဲမှာ စိန်ခေါ်သူရှိရင် လာရောက်ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိပါသလား။ ဒီကြား ထဲရော ယှဉ်ပြိုင်ထိုးသတ်ဖို့ ပွဲစီစဉ်ထားတာတွေ ရှိပါသလား။

ဖြေ။ ။လာမယ့် အောင်လံလုပွဲမှာ စိန်ခေါ်သူရှိရင် မဖြစ်မနေ လာရောက် ယှဉ်ပြိုင် ထိုးသတ်သွားမှာပါ။ ဆက်လက်ပြီးတော့ ဒီအောင်လံဆုအတွက် ကာကွယ်သွားဖို့ ရှိပါတယ်။ ပြည်တွင်းပြည်ပ ဘယ်သူမဆို စိန်ခေါ်မယ့်သူ ရှိရင် ရာခိုင်နှုန်းပြည့် လာရောက် ယှဉ်ပြိုင် ထိုးသတ်သွားမှာပါ။ အဲဒီအတွက် လည်း လေ့ကျင့်မှုတွေကို မပြတ်ပြုလုပ် သွားမှာပါ။ လတ်တလောတော့ ပွဲစီစဉ်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် လာမယ့် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ လထဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဂျပန်နိုင်ငံကို သွားရောက် ယှဉ်ပြိုင် ထိုးသတ်ဖို့ ရှိပါတယ်။ ဘယ်သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖြစ်မယ်ဆို တာကိုတော့ မသိသေးပါဘူး။ ။

No comments:

Post a Comment