Latest News

Wednesday, December 14, 2016

လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် ကိုယ်တိုင်လျှောက်မှ ထုတ်ပေးမည်

လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် ကိုယ်တိုင်လျှောက်မှ ထုတ်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် (Free Permit) လျှောက်ထားမှုကို ကိုယ်တိုင်လျှောက်ထားမှသာ ပါမစ် ထုတ်ပေးတော့မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်လိုက်သည်။

လတ်တလော၌ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုများတွင် မှတ်ပုံတင်အတုများ၊ အိမ်ထောင်စုစာရင်း (ပုံစံ ၁၀) အတုများဖြင့် လျှောက်ထားမှုများကို စစ်ဆေး တွေ့ရှိထားသောကြောင့်  ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ ကာယကံရှင်ကိုယ်တိုင် လာရောက်မှသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ထို့ပြင် မော်တော်ယာဉ်ပါမစ် ထုတ်ပေးရာတွင် လျှောက်ထားသူ၏ ဓာတ်ပုံမှတ်တမ်း ရယူထားပြီးမှသာ တင်သွင်းခွင့်ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရောင်းစင်တာပါမစ်၊ ယာဉ်အိုယာဉ်ဟောင်းပါမစ်၊ တစ်ဦးချင်းတင်သွင်းခွင့် ပါမစ်များအဖြစ် ယခုနှစ်အတွက် မော်တော်ယာဉ် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၅ ခုနှစ်က မော်တော်ယာဉ် သွင်းကုန်လိုင်စင် ပိတ်သိမ်းရက်ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် သတ်မှတ်ခဲ့သော်လည်း ယခုနှစ်အတွက် လိုင်စင် ပိတ်သိမ်းရက်ကို ၂၃ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

SOURCESTHE VOICE

No comments:

Post a Comment