Latest News

Tuesday, December 20, 2016

အင်ဒိုရဲတပ်ဖွဲ့က အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃ ဦးကို အသေပစ်သတ်



အင်ဒိုရဲတပ်ဖွဲ့က အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃ ဦးကို အသေပစ်သတ်

ဂျကာတာမြို့နဲ့ အခြားနေရာတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်နေသူတွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီးနောက် ယခု စီးနင်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တောင်ပိုင်းရှိ နေအိမ်မှာ ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၃ ဦးကို အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ဂျကာတာမြို့နဲ့ အခြားနေရာတွေမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ရန်စီစဉ်နေသူတွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီးနောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး တပ်ဖွဲ့က ယခု စီးနင်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျကာတာတောင်ပိုင်းရှိ နေအိမ်ကို ဝင်ရောက်စီးနင်းစဉ် နေအိမ်အတွင်းရှိနေသူတွေက ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ပေမဲ့ ဗုံးမှာ မပေါက်ကွဲခဲ့ဘူးလို့ ဆိုပါတယ်။ ထို့နောက် နေအိမ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြမှုအရ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တစ်ဦးက တောင်ပိုင်းတန်ဂီရန်ရှိ နေအိမ်အတွင်း ဝင်ရောက်သွားပြီး ဒေသခံတွေက ရဲတပ်ဖွဲ့တားမြစ်နေရာနောက်ဘက်မှ ကြည့်ရှုနေတာ တွေ့ရပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူတွေကို အသေပစ်ခတ်ရှင်းလင်းပြီးနောက် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာမှာ ပိုမိုကြီးမားတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့ရပြီး စနက်တံဖြုတ် ရှင်းလင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲပြောခွင့်ရပုဂ္ဂိုလ် ရစ်ခ်ဝမ်တိုက ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) ပြောပါတယ်။ နေအိမ်အတွင်း သံသယရှိသူတစ်ဦးကို အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရပါတယ်။

၎င်းကို စစ်ဆေးမှုအရ ယခုနှစ်ကုန်ပိုင်းမှာ ပေါက်ကွဲအား ကြီးမားပြင်းထန်တဲ့ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ရန်စီစဉ်နေတယ်လို့ ဆိုပါတယ်။ မည်သည့်နေရာတွေကို ဗုံးခွဲတိုက်ခိုက်ရန် ပစ်မှတ်ထားကြောင်းကိုတော့ မသိရသေးပါဘူး။ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဂျကာတာမြို့ရှိ သမ္မတနန်းတော်နဲ့ ဂျာဗားကျွန်းပြင်ပ နေရာတွေကို အသေခံဗုံးခွဲရန် ကြံစည်နေသူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ယမန်နေ့ (ဒီဇင်ဘာ ၂၀ ရက်) က သတင်းထုတ်ပြန်ထားပါတယ်။

ဂျကာတာမှာ အသေခံဗုံးခွဲရန် စီစဉ်နေသူတွေဟာ ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ထံနဲ့ သွားရောက်ပူးပေါင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ဘာရမ်နီးမ်ထံမှာ ငွေကြေးထောက်ပံ့မှုရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ ဂျကာတာမြို့မှာ ယခုနှစ် ဇန်နဝါရီလ ၁၄ ရက်က အိုက်အက်စ်အဖွဲ့ရဲ့ ဗုံးခွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အရပ်သား ၄ ဦးနဲ့ အကြမ်းဖက်သမား ၄ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပါတယ်။

Source & Photo: Reuters : Duwun
 

No comments:

Post a Comment