Latest News

Friday, December 16, 2016

မူဝါဒသစ်မစတင်မီ ရက်ပိုင်းအလိုတွင် ကားတင်သွင်းခွင့်လျှောက်သူ ရာချီများပြားလာ

မူဝါဒသစ်မစတင်မီ ရက်ပိုင်းအလိုတွင် ကားတင်သွင်းခွင့်လျှောက်သူ ရာချီများပြားလာ



ကားတင်သွင်းခွင့် လျှောက်ထားပါက ပိုင်ရှင်ကိုယ်တိုင်သာ လျှောက်ထားရမည်ဟု ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ သတ်မှတ်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနသို့ ကားတင်သွင်းခွင့် လာရောက်လျှောက်ထားသူ လူဦးရေရာနှင့်ချီ များပြားလာကြောင်း သတင်းရရှိသည်။

‘‘လူက မနေ့ကတည်းက စ များလာတာ။ အရင်က အေးဂျင့် တွေကတစ်ဆင့် သွားလို့ရတယ်။ အခုဟာက လူကိုယ်တိုင်လျှောက် ရမယ်ဆိုတဲ့အတွက် တော်တော် လေး ရုံးမှာ လူတွေများကုန်တာ’’ ဟု မော်တော်ယာဉ်တင်သွင်းမည့် လုပ်ငန်းရှင်တစ်ဦးက ကိုယ်တိုင်ကြုံတွေ့နေရသည့် အခြေအနေ ကို ပြောပြသည်။


၂၀၁၆ အတွက် မူဝါဒအ ဟောင်းဖြင့် မော်တော်ယာဉ်တင် သွင်းခြင်းကို ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံး သတ်မှတ်ထားသော ကြောင့် ယခုကဲ့သို့ လူဦးရေအများအပြား လာရောက်လျှောက်နေ ခြင်းဖြစ်သည်။

 လူပုဂ္ဂိုလ်တစ်ဦးချင်းစီအ လိုက် တင်သွင်းရမည့် ဖရီးပါမစ် အတွက် ယခင်ကကဲ့သို့ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူများဖြင့် ကိုယ်စားလာ ရောက်လျှောက်ထားခွင့် မရှိသော ကြောင့် နေပြည်တော်နှင့် ရန်ကုန် မြို့ရှိ စီးပွားကူးသန်းရုံးများသို့ လူကိုယ်တိုင် လာရောက်လျှောက် ထားကြခြင်းဖြစ်သည်။

လျှောက်ထားသူ များပြား နေသောကြောင့် ဒီဇင်ဘာ ၂၀ ရက်က စတင်ပြီး ဝန်ထမ်းအင် အားတိုးချဲ့ခြင်း၊ ရုံးချိန်ကို တစ်နာရီစော၍ ဖွင့်လှစ်ပြီး ပါမစ် လျှောက်ထားခြင်းများ လက်ခံ ဆောင်ရွက်ပေးရန် စီစဉ်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိ ယ ညွှန်ကြားရေးမှူးက ပြောကြား သည်။

ဒီဇင်ဘာ ၁၂ ရက်က စတင် ပြီး ၁၆ ရက်အထိ လျှောက်ထားသူများထဲမှ ပါမစ်အရေအတွက် ၃၅၀ ကျော် ထုတ်ပေးပြီးဖြစ် ကြောင်း ၎င်းကပြောသည်။

လာရောက်လျှောက်ထားသူ ကို မှတ်တမ်းဓာတ်ပုံရယူခြင်း၊ မေးခွန်းများ ကြာမြင့်စွာမေးမြန်းနေခြင်းတို့ကြောင့် အချိန်မကြာသင့်ဘဲ ကြာနေရကြောင်း ကိုယ်တိုင်သွားရောက် လျှောက်ထားသူ Japan Car Auto မှ ဦးနိုင်ဝင်းက ပြောသည်။

ကားလိုင်စင် ရှိ၊ မရှိ၊ ကား လျှောက်ထားသည့်တန်ဖိုး၊ ဝယ် မည့်ငွေကို မည်သည့်နေရာကရရှိသနည်း၊ ကားဝယ်ပြီးလျှင် ပြန် လည်ရောင်းချမည်လား စသည့် မေးခွန်းများကြောင့်လည်း ကားပါမစ်လျှောက်သူများ အခက်အခဲဖြစ်နေရပြီး မလိုလားအပ်ဘဲ အချိန်များ ကုန်ဆုံးနေရကြောင်း မော်တော်ယာဉ် တင်သွင်းရောင်း ချသူများကပြောသည်။

ယခင်က ဖရီးပါမစ်လျှောက် ထားရာတွင် မှတ်ပုံတင်နှင့် အိမ် ထောင်စုစာရင်းများကို ကျပ်ငါး သောင်းမှ ကျပ်နှစ်သိန်းခန့်အထိ အခကြေးငွေပေး၍ ကိုယ်စားအ ဖြစ် ငှားရမ်းလုပ်ဆောင်ခဲ့ကြ သည်။

ယခုနောက်ပိုင်းတွင် ငှားရမ်းအသုံးပြုမှုများထက် အထောက်အထားအတု ပြုလုပ်မှုများပါ တွေ့ရှိလာ၍ မူဝါဒပြောင်းလဲ သတ်မှတ်ခြင်းဖြစ်သည်။

ထို့ကြောင့် သက်ဆိုင်ရာကြီး ကြပ်ရေးကော်မတီက လူတစ်ဦး ချင်း ပါမစ်လျှောက်ထားမှုအ တွက် ကိုယ်တိုင်သာ လျှောက်ခွင့်ပြုတော့ခြင်းဖြစ်သည်။

ထို့အပြင် လျှောက်ထားသူ ၏ဓာတ်ပုံကို မှတ်တမ်းရယူပြီး သွင်းကုန်လုပ်ငန်းလိုင်စင် ထုတ် ပေးမည်ဖြစ်သည်။

လာမည့်နှစ် ဇန်နဝါရီ ၁ ရက်ကစပြီး တင်သွင်းမည့် ယာဉ်များအနက် လူစီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂၀၁၅ မှ ၂၀၁၇ မော်ဒယ်အတွင်း တင်သွင်းလျှင် ဘယ်မောင်းတစ်မျိုးတည်းသာ ခွင့်ပြုတော့ မည်ဖြစ်သည်။


SOURCES 7 DAY

No comments:

Post a Comment