Latest News

Tuesday, December 20, 2016

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်မည်




မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်မည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နှစ်လကျော်ကြာ ရပ်နားထားရသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီဇင်ဘာလအကုန်တွင် ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။

“နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကြိုးစားနေပါတယ်။ နယ်မြေလုံခြုံရေးအရဆိုရင် အရင်လိုဖြစ်ဖို့တော့ မလွယ်သေးဘူး။ အရင်လို ထွက်ချင်တိုင်းထွက်၊ ဝင်ချင် တိုင်းဝင် ဆိုတာမျိုး မဟုတ်ဘူး။ စည်းကမ်း တင်းကျပ်မှုလေးတွေတော့ ရှိမယ်”ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေး ဂိတ် ရပ်နားထားသည့်အတွက် အလွယ်တကူ သယ်ယူနိုင်သည့် ကုန်ပစ္စည်းအချို့ကို စစ်တွေ နယ်စပ် ကုန်သွယ်ရေး ဂိတ်မှတစ်ဆင့် ပြောင်းရွှေ့ တင်ပို့ခဲ့ပြီး အဓိက ဆုံးရှုံးနစ်နာသည့် စီးပွားရေးလုပ်ငန်းများမှာ ဝါးတင်ပို့မှု လုပ်ငန်းနှင့် ဒေသတွင်း ပုစွန်မွေးမြူတင်ပို့သူများ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“နယ်စပ်ဂိတ် ပိတ်ထားတဲ့အတွက် ပုစွန်တို့၊ ငါးခြောက်တို့ဆိုလည်း စစ်တွေကို ပြန်ပို့လိုက်ကြတယ်။ နစ်နာမှာက ပုစွန်ကန်ပိုင်ရှင်တွေပါ။ သွင်းအားစုတွေ ထည့်ထားတာဆိုတော့ ပုစွန်ကန် ပြန်ဖော်နိုင်မှ အမြတ် ရမှာပါ။ တချို့လည်း ပုစွန်ကန် သမားတွေနဲ့ ဝယ်ရောင်းတွေကြားမှာ စာချုပ် ချုပ်ထားတာလေးတွေရှိတော့ နှစ်ဖက်စလုံး နစ်နာတာတွေလည်း ရှိတယ်”ဟု ပုစွန် မွေးမြူတင်ပို့သူ ဦးတင်လှက ရှင်းပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရေထွက်ပစ္စည်းများ ဖြစ်သည့် ရေချို၊ ရေငန် ပုစွန်နှင့် ငါးခြောက်များကို မြန်မာနိုင်ငံက  အဓိက တင်ပို့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ရေတုံကင်၊ အဝတ်အထည်နှင့် ဒန်အိုး၊ ဒန်ခွက် စသည့် ပစ္စည်းများ အဓိက တင်သွင်းကြောင်း မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။

J-11


SOURCES ; Photo MOI ; The  Voice

No comments:

Post a Comment