Latest News

Wednesday, December 21, 2016

တရုတ်မှာ လေထုညစ်ညမ်းမှု ငါးရက်မြောက်အဖြစ် ဆိုးရွားစွာကြုံတွေ့

တရုတ်မှာ လေထုညစ်ညမ်းမှု ငါးရက်မြောက်အဖြစ် ဆိုးရွားစွာကြုံတွေ့

ဘေဂျင်းမြို့ရှိ မိုးမျှော်တိုက် အမျာအပြားဟာ လေထုအတွင်း အမှုန်အမွှားများကြောင့် မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပါတယ်။
 
တရုတ်နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှု စံချိန်တင်နီးပါး ဆိုးရွားစွာဖြစ်နေကြောင်း သိရပါတယ်။ တရုတ်မြောက်ပိုင်းဒေသတွေမှာ လေထုညစ်ညမ်းမှုဟာ ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) မှာ ငါးရက်မြောက်အဖြစ် ဆက်လက် ကြုံတွေ့နေရတာဖြစ်ပြီး လေကြောင်းခရီးစဉ်များ၊ ကားလမ်းနဲ့ ရေကြောင်းသွားလာရေးများ ရပ်ဆိုင်းထားရပါတယ်။

ဒါ့အပြင် စက်ရုံများ၊ ကျောင်းများကိုလည်း ပိတ်ထားရပြီး ဒေသခံအချို့က လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးဆောင်ရွက်မှုတွေစာ အလုပ်မဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။ ဘေဂျင်းမြို့တော်မှာလည်း အစိုးရက လေထုညစ်ညမ်းမှု တိုင်းတာခဲ့ပြီးနောက် အကင်ဆိုင်များကို ယာယီပိတ်ခိုင်းခဲ့ကာ မော်တော်ကားတစ်စီးကို တစ်နေ့လျှင်တစ်ကြိမ်သာ လမ်းမပေါ်မောင်းနှင်သွားလာစေခဲ့တယ်လို့ ဆိုပါတယ်။

ဘေဂျင်းမြို့ရှိ မိုးမျှော်တိုက် အမျာအပြားဟာ လေထုအတွင်း အမှုန်အမွှားများကြောင့် မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပါတယ်။ ဘေဂျင်းမြို့ခံတွေဟာ လေထုညစ်ညမ်းမှုကြောင့် မျက်နှာဖုံးများတပ်ဆင်ပြီး သွားလာနေကြရကြောင်းလည်း သိရပါတယ်။ တရုတ်မှာ လေထုညစ်ညမ်းမှု လျှော့ချရန်အတွက် ဓာတ်အားပေးစက်ရုံများ၊ စတီးလ်စက်ရုံများနဲ့ ဆိပ်ကမ်းများကို အရေးပေါ်ပိတ်စေခဲ့ပါတယ်။

ဆိပ်ကမ်းများ ပိတ်ထားမှုကြောင့် ကျောက်မီးသွေးဈေးနှုန်းများ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ တရုတ်ဟာ ကမ္ဘာမှာ ကျောက်မီးသွေးသုံးစွဲမှု အများဆုံး နိုင်ငံလည်းဖြစ်ပြီး ဆောင်းရာသီမှာ သုံးစွဲမှုအမြင့်ဆုံး ဖြစ်ပါတယ်။ တရုတ်နိုင်ငံရှိ မြို့ ၂၄ မြို့မှာ လေထုညစ်ညမ်းမှု အန္တရာယ်ကို အနီရောင်အဆင့် သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဘေးဂျင်းမြို့ခံတွေကတော့ လေထုညစ်ညမ်းမှုကို ရှောင်ရှားနိုင်ရန် မြို့မှထွက်ခွာပြီး လေထုညစ်ညမ်းမှု မဖြစ်တဲ့နေရာတွေကို ခရီးထွက်ကြတယ်လို့ ဆိုပါတယ်။

Source & Photo: Reuters : Duwun
 

No comments:

Post a Comment