Latest News

Friday, December 16, 2016

အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

အစိုးရတပ်က ကေအိုင်အေဌာနချုပ်အနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာအနီးတ၀ိုက်မှာ အစိုးရ တပ်မတော်က မနေ့မနက်ပိုင်းကစလို့ လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ တယ်လို့ ကေအိုင်အို ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဒွဲဗီဇာက ပြောပါတယ်။

မနေ့မနက် သန်းခေါင်ကျော် ၁ နာရီလောက်ကနေ မနက် ၅ နာရီအထိ တကြိမ်၊ မနက် ၁၁  နာရီကနေ ညနေပိုင်းအထိ တကြိမ် လက်နက်ကြီး အများအပြားနဲ့ ပစ်ခတ်ခဲ့တာလို့ ဦးဒွဲဗီဇာက ပြောပါတယ်။

“မနက် ၁ နာရီကျော်ကျော်ကနေ  ကျနော်တို့ လိုင်ဇာ ပတ်ဝန်းကျင်မှာရှိတဲ့ ဗမာတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ကျနော်တို့ပတ်ဝန်းကျင်ကို လက်နက်ကြီးထုတာက ၅ နာရီကျော်အထိ လက်နက်ကြီး ၄၂ ချက်ပစ်ခတ်လိုက်တယ်ပေါ့လေ။ နေ့လယ် ၁၁ နာရီနောက်ပိုင်း ၅၀ နီးပါးပြန်ပစ်တယ်။  ကျနော်တို့က ပြန်ပစ်တာတော့မရှိပါဘူး။ ပြန်ပစ်တာမရှိတဲ့အတွက် တိုက်ပွဲလို့တော ပြောလို့မရပါဘူး။”

အစိုးရတပ်စခန်းတွေဖြစ်တဲ့ ဘွမ်ရေဘွမ်၊ ခရာဘွမ်၊ ဒေါ့ဖုန်းယန် အစရှိတဲ့တပ်စခန်းတွေကနေ လိုင်ဇာအနီးတ၀ိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ မနေ့တုန်းကလည်း ကေအိုင်အေ တပ်မဟာ ၃ မိုင်ဂျာယန်၊ တပ်မဟာ ၁ နယ်မြေ အင်မိုင်ခ ၀န်းကျင်တွေမှာလည်း အစိုးရတပ်က လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတယ်လို့လည်း ဦးဒွဲဗီဇာက ပြောပါတယ်။

အစိုးရဘက်က အခုလို ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနီးနားက စစ်ပြေးဒုက္ခသည်စခန်းတွေဖြစ်တဲ့ မဂယန်၊ အောင်ကျို အစရှိတဲ့ စခန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ဝိုင်းမော်မြို့နယ်က ကေအိုင်အေရဲ့ အမာခံစခန်းဖြစ်တဲ့  ဂီဒွန်တောင်ကုန်းကို တပ်မတော်က သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်နေပြီး ဦဒွဲဗီဇာကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ပြောခွင့်မရကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု အခြေနေတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Sources : DVB

No comments:

Post a Comment