Latest News

Friday, December 16, 2016

တစ်ဦးချင်း ကားတင်သွင်းခွင့်တင်းကျပ်၊ ပါမစ်တစ်စောင် ကျပ်သိန်း ၂၀ အထိမြင့်တက်


တစ်ဦးချင်း ကားတင်သွင်းခွင့်တင်းကျပ်၊ ပါမစ်တစ်စောင် ကျပ်သိန်း ၂၀ အထိမြင့်တက်


ရန်ကုန်၊ ဒီဇင်ဘာ ၁၅ – ကားတင်သွင်းဖို့ တစ်ဦးချင်းဖရီးပါမစ်လျှောက်ထားတာကို ကြီး/ကော်ရဲ့ တင်းကျပ်တဲ့ဆောင်ရွက်မှုတွေကြောင့် အခက်အခဲတွေရှိလာပါတယ်။ အဲဒါကြောင့်ထွက်ရှိပြီးသား ကားပါမစ်တစ်စောင်ရဲ့ ဈေးနှုန်းက ကျပ်သိန်း ၂၀ ဝန်းကျင်အထိမြင့်တက်သွားပါတယ်။

‘အရင်ကတည်းက မှတ်ပုံတင်၊ သန်းခေါင်စာရင်းငှားပြီး ကားပါမစ်လျှောက်တာက ထုံးစံလိုဖြစ်နေပြီ၊ အဲဒါကို လူကိုယ်တိုင်လာခိုင်းတာအပြင် စစ်ဆေးတာတွေ အမျိုးမျိုးကျော်ဖြတ်ရတော့ ကားပါမစ်တစ်စောင်ရဖို့ အတော်ခက်ခဲသွား တယ်၊ ဒါကြောင့်အရင်က ကျပ်သုံးသိန်းဝန်းကျင်နဲ့ဝယ်လို့ရတဲ့ ကားပါမစ်က အခုကျပ် သိန်း၂၀အထိ ပေးဝယ်နေရတယ်လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေးစခန်းက ကားတင်သွင်းရောင်းချတဲ့ ကိုသန်းဆွေဝင်းကပြောပါတယ်။

တစ်ဦးချင်းဖရီးပါမစ်နဲ့တင်သွင်းတဲ့ ကားပါမစ်တွေလျှောက်ထားတာကို အခုလာမယ့် ဒီဇင်ဘာ ၂၃ ရက်နောက်ဆုံးထားလျှောက်ထားရမှာဖြစ်တယ်။ အဲဒါက ၂၀၁၆ ကားတင်သွင်းခွင့် မော်ဒယ်သတ်မှတ်ချက်အတိုင်း နောက်ဆုံးလျှောက်ထားရတာပါ။

အဲသည်အတွက် စုပြုံလျှောက်ထားတာတွေများလာပါတယ်။ နေပြည်တော် စီးပွား/ကူးသန်းမှာလည်း ပါမစ်လျှောက်သူတွေနဲ့ စည်ကားနေပါတယ်။ ကားတင်သွင်းဖို့ အမေရိကန်ဒေါ်လာ ဝယ်ယူတာတွေ ပိုမိုမြင့်မားလာနေတဲ့အတွက် လည်း အမေရိကန်ဒေါ်လာဈေးက အမြင့်ဆုံးကျပ် ၁၄၀ဝ ဝန်းကျင်အထိရောက်ရှိလာတာဖြစ်တယ်။
အမေရိကန်ဒေါ်လာ ၅၀ဝ၀ ဒီပို့စစ်တင်ထားရတဲ့ အေဂျင်စီကလည်း လူတိုင်းကိုတာဝန်ခံပြီး ကားပါမစ်လျှောက်ပေးဖို့အခက်အခဲတွေရှိလာတယ်။ အမှန်တကယ်ကားဝယ်နိုင်တဲ့သူမဟုတ် လို့ ကားပါမစ်ထုတ်မပေးဘူးဆိုတဲ့ အဖြေ ထွက်လာရင် သူ့အတွက်နစ်နာမှုတွေရှိပါတယ်။ ကားပါမစ် လျှောက်ထားတဲ့နေရာမှာ ပထမအခက်အခဲက လူကိုယ်တိုင်မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့လာရတယ်။ ဓာတ်ပုံရိုက်မှတ်တမ်းတင်တယ်။ခါတိုင်းမှတ်ပုံတင်၊သန်းခေါင် စာရင်းသာငှားတော့ ကျပ် ၂၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ ပေးလိုက်ရုံပါ ပဲ။

လူကိုယ်တိုင်ခေါ်ရတဲ့အခါကျတော့ ကျပ်တစ်သိန်းဝန်းကျင်လောက်ကုန်ကျပါတယ်။ ကားလျှောက်ထားသူကို လူတွေ့မေးခွန်းတွေမေးပြီးစစ်ဆေးတာတွေပြုလုပ်ပါတယ်။ မေးခွန်းတွေက ကားကိုဘာလို့ဝယ်လဲ၊ ဘယ်ကပိုက်ဆံ နဲ့ဝယ်လဲ၊ ဘာလုပ်ငန်းလုပ်သလဲ၊ လုပ်ငန်းကအခွန်ဆောင်ထားလား၊ ငွေဖြူဘယ်လောက်ရှိလဲ၊ ဘာကားဝယ်ထားလဲ၊ ဘယ်မော်ဒယ်လဲ၊ ဘယ် မောင်းလား၊ ညာမောင်းလား၊ ကားမောင်းတတ်လား၊ ယာဉ်မောင်းလိုင်စင်ပြပါ၊ ရပ်ကွက်ထောက်ခံစာ၊ လဝကထောက်ခံစာတွေပြပါ ဆိုတာတွေပါ။

အဲသည်မေးခွန်းဖြေဆိုတာတွေကနေ ကိုယ်တိုင်ဝယ်ယူတာဟုတ်မဟုတ်စစ်ဆေးတာပါ။ ဖရီးပါမစ်ကားတင်သွင်းခွင့် ပါမစ်တစ်စောင်ထွက်လာဖို့ခက်ခဲသွားတော့ ထွက်ရှိပြီးသား ကားပါမစ် တစ်စောင်ရဲ့ဈေးနှုန်းကကျပ် သိန်း၂၀ အထိမြင့်တက်သွားတာဖြစ်တယ်။


SOURCES KUMUDRA အောင်ထွန်းဦး

No comments:

Post a Comment