Latest News

Friday, December 16, 2016

ကေအိုင်အေ ဂျိဒွန်စခန်းကို သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ ပြောကြား

ကေအိုင်အေ ဂျိဒွန်စခန်းကို သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူြေေပြောကြား
==============================

ကေအိုင်အေ ဂျိဒွန်စခန်းကို သိမ်းပိုက်လိုက်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အကြီးတန်း တပ်မတော် အရာရှိက ပြောကြားသည်။

အဆိုပါအရာရှိက “ဂျိဒွန်ကို ကျွန်တော်တို့ ရလိုက်တာ မှန်ပါတယ်။ (လိုင်ဖောင်း၊ အင်ခရမ်းပို့တွေကိုလည်း တိုက်ခိုက်နေကြောင်း အခြေအနေကို မေးမြန်းမှုနှင့် ပတ်သက်ပြီး) စခန်းသုံးခုမှာ အဓိကဂျိဒွန်က အဓိကဖြစ်နေလို့ပါ။ ကျန်တာတွေကို အလုပ်များလို့ မဖြေနိုင်ပါဘူး” ဟု ပြောကြားသည်။

ကေအိုင်အေက တပ်မတော်ဘက်မှ လေယာဉ်ပစ်ခတ်မှုကို ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ကေအိုင်အေ ခြေမြန်တပ်ရင်း ၂၅၂ က တပ်စခန်းများဖြစ်သည့် လိုင်ဖောင်း၊ ဂျိဒွန်နှင့် တပ်မဟာ (၁) နယ်မြေ ရင်း (၄) စခန်းများကို လေယာဉ်များဖြင့် ပစ်ခတ်နေကြောင်း၊ ကြည်းတပ်ချီ တက်တိုက်ခိုက်မှုများလည်း ပြုလုပ်နေပြီး ဂျိဒွန်စခန်းကျ၊ မကျကို မသိရသေးကြောင်း ပြောကြားသည်။

ကေအိုင်အေ နည်းပညာ အကြံပေးအဖွဲ့ရုံးမှ ဗိုလ်မှူးကြီးနော်လီက “တပ်မတော်က သိမ်းပြီလား။ မသိမ်းဘူးလားဆိုတာ မသေချာသေးဘူး။ မနေ့သန်းခေါင်ကျော်က လက်နက်ကြီးနဲ့ပစ်တယ်။ ဒီနေ့မှာ ခြေလျင်တပ်တွေနှင့် လာပစ်တယ်။ လေယာဉ်နဲ့ လိုင်ဖောင်းကိုပစ်တယ်။ တပ်မဟာ (၁) ရင်း (၄) ဧရာဝတီ မြစ်ဖျားပိုင်းမှာ နှစ်နေရာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ဂျိဒွန်ကျ၊ မကျ အတည်ပြုလို့ မရနိုင်သေးဘူး။ တိုက်ပွဲတွေ ဆက်ဖြစ် မဖြစ်က တပ်မတော်ဘက်က တိုက်ခိုက်တဲ့အပေါ်မှာပဲ မူတည်မှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ဘာမှအကြောင်းကြားတာ မရှိပါဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ယခုလက်ရှိ ဖြစ်ပေါ်နေသည်များကို မေးမြန်းနေပြီး ဂျိဒွန်ကိစ္စကို အတည်မပြု နိုင်သေးကြောင်း၊ လေကြောင်း၊ ခြေလျင်တိုက်ခိုက်မှုများ ရှိသည်မှာ မှန်ကန်ကြောင်း ပြောကြားသည်။

တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့သည် ၀ိုင်းမော်မြို့နယ် အတွင်းရှိ ဆမားကျေးရွာဟောင်း ၀န်းကျင်ရှိ ဂျိဒွန်၊ လိုင်ဖောင်း၊ အင်ခရမ်းကေအိုင်အေ ရှေ့တန်းစခန်းဝန်းကျင်တွင် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်မှာ ငါးလ၀န်းကျင် ရောက်ရှိခဲ့ပြီဖြစ်သည်။ လိုင်ဖောင်း၊ အင်ခရမ်း၊ ဂျိဒွန်စခန်းဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၆ ရက်တွင် တပ်မတော်မှ ထိုးစစ်ရပ်ဆိုင်းရန် မြစ်ကြီးမြို့တွင် ကချင်တိုင်းရင်းသား နှစ်သောင်းကျော် လမ်းလျှောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်ကျဆုံးမှု အများအပြား ရှိခဲ့သည်ဟု သိရသော်လည်း တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင် နှစ်ဖွဲ့စလုံးကပါ ကျဆုံးမှုကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA အဖွဲ့သည် ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။ ယင်းနောက် ၁၇ နှစ်ကြာ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ဇွန် ၉ ရက်တွင် ငါးနှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်တိုက်ခိုက်မှုများ ပျံ့နှံ့လာပြီး ရှမ်းပြည်မြောက်ပိုင်း၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ၀ိုင်းမော်၊ ကာမိုင်း၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဆွမ်ပရာဘွမ် စသည့်ဒေသများတွင်ပါ ဖြစ်ပွားခဲ့ပြီး စစ်ရှောင်သူပေါင်း တစ်သိန်းကျော်မှာ နီးစပ်ရာဘုရား ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေခဲ့ရသည်မှာ ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။                                            
Writer:
ထွန်းလင်းအောင်

============
Eleven Media Group

No comments:

Post a Comment