Latest News

Thursday, December 29, 2016

ရွှေခါးပတ် ချန်ပီယံ သပြေညို ရိုးရာလက်ဝှေ့ပွဲ လေးပွဲခန့် ပျက်မည်

ရွှေခါးပတ် ချန်ပီယံ သပြေညို ရိုးရာလက်ဝှေ့ပွဲ လေးပွဲခန့် ပျက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မြန်မာရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံတစ်ဦး ဖြစ်သည့် ပထမတန်း လက်ဝှေ့ကစားသမား သပြေညို အနေနှင့် ထောင်သုံးလ ကျခံရမည် ဖြစ်သောကြောင့် စိန်ခေါ်ပွဲ လေးပွဲခန့် ပွဲပျက်ခဲ့ရကြောင်း မြန်မာ့ရိုးရာလက်ဝှေ့ပွဲ စီစဉ်သူများထံမှ သိရသည်။

သပြေညို အနေနှင့် မိဘအုပ်ထိန်းမှုအောက်က အသက်မပြည့်သေးသည့် အမျိုးသမီးကို ပေါင်းသင်းမှုဖြင့် ထောင်ဒဏ်သုံးလ ကျခံစေရန် ဘားအံမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၂၈ ရက်တွင် အမိန့်ချမှတ်ခြင်း ခံခဲ့ရကြောင်း မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

သပြေညို၏ ဇနီးဖြစ်သူမှာ အသက် ၁၈ နှစ် မပြည့်သေးသည့်အတွက် ယောက္ခမ ဖြစ်သူများက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး တရားရုံးက ပုဒ်မ ၃၆၃ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“အမှုရင်ဆိုင်နေရတာက ကြာနေပါပြီ။ ဒီဇင်ဘာ ၂၈ ရက်နေ့ကမှ စီရင်ချက်ချတာ။ အဲဒါကြောင့် လေးပွဲလောက် ပျက်မယ်။ ဒီလကုန်မှာ ထိုးရမယ့် တောင်ကလေး ဆရာတော်ပွဲ၊ တစ်လပိုင်းမှာ ထိုးရမယ့် ဝင်းစိန်ဆရာတော် မွေးနေ့ပူဇော်ပွဲ၊ မြန်မာလက် ခမောင်းက စီစဉ်တဲ့ပွဲနဲ့  GTG က မတ်လမှာ လုပ်မယ့် သွေးသစ်ဝင်းလှိုင်နဲ့ ထိုးရမယ့်ပွဲတွေ လွဲသွားမယ် ထင်တယ်” ဟု ဦးစိုင်းဇော်ဇော်က ရှင်းပြသည်။

သပြေညိုသည် အသက် ၁၇ အရွယ်ရှိသူ အမျိုးသမီးနှင့် ယခုနှစ်ဆန်းပိုင်းက လက်ထပ်ပေါင်းသင်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် တစ်လခွဲသားအရွယ် သမီးငယ်တစ်ဦး ပိုင်ဆိုင်ထားသည်ဟု မြန်မာ့ရိုးရာ လက်ဝှေ့အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာ့ရိုးရာ ပထမတန်း လက်ဝှေ့သမား သပြေညိုသည် မြိုင်ကလေး ဘိလပ်မြေစက်ရုံ လက်ဝှေ့ကလပ်မှ ကစားသမားဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ရွှေခါးပတ် ချန်ပီယံတစ်ဦး ဖြစ်သည့်အပြင် ၂ဝ၁၅ ခုနှစ် MMA မြန်မာပြည်ဝိတ်တန်းအလိုက် ချန်ပီယံတစ်ဦးလည်း ဖြစ်သည်။

J-04

Photo Credit - မြန်မာ့ရိုးရာလက်ဝှေ့ဝါသနာရှင်များ

Sources; The Voice

No comments:

Post a Comment