Latest News

Tuesday, December 27, 2016

ကရင်နှစ်သစ်ကူး အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ကရင်နှစ်သစ်ကူး အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

နေပြည်တော်တွင် ပထမဆုံး ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားသို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် သွားမည်ဖြစ်ကြောင်း ကရင် အမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

နေပြည်တော်ရှိ MICC-2 ၌ ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတများ အပါအဝင် ပြည်ထောင်စု ဝန်ကြီးများကို အဆိုပါ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားထားပြီးဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီက ဆိုသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီးကိုးဦးက တက်ရောက်ဖို့ အကြောင်း ပြန်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတတွေကတော့ အခုထိ အကြောင်းပြန်ခြင်း မရှိသေးပါဘူး”ဟု ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပရေးဦးစီး ကော်မတီဝင် စခင်ဇော်လင်းက ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို လွတ်လပ်ရေး မရမီ ၁၉၃၈ ခုနှစ်မှစတင်၍  ယနေ့အချိန်ထိ ပြည်တွင်း၊ ပြည်ပရှိ ကရင် အမျိုးသားများက နှစ်စဉ် ကျင်းပလျက် ရှိသည်။

“ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ၁၉၃၈ က စတင်ပြီး ကျင်းပခဲ့တာ ယခုဆိုရင် နှစ်ပေါင်း ၇၉ နှစ်ရှိပါပြီ။ နေပြည်တော်မှာ ကျင်းပတာက ပထမဆုံးအကြိမ်ပါ”ဟု စခင်ဇော်လင်းက ဆက်လက် ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကျင်းပရေး ဦးဆောင်နာယကများအဖြစ် မန်းဝင်းခိုင်သန်း (အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ)၊ မန်းဂျော်နီ (ဧရာဝတီတိုင်း ဝန်ကြီးချုပ်)၊ နန်းခင်ထွေးမြင့် (ကရင်ပြည်နယ် ဝန်ကြီးချုပ်) တို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

J-07

Sources; The Voice

No comments:

Post a Comment