Latest News

Tuesday, December 27, 2016

ဒလ အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင်တွင် အထူး စီးပွားရေးဇုန် ဖော်ရန် တိုင်းအစိုးရ စီစဉ်

ဒလ အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင်တွင် အထူး စီးပွားရေးဇုန် ဖော်ရန် တိုင်းအစိုးရ စီစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖြစ်သော တောင်ပိုင်းခရိုင် မြို့နယ်များတွင် အထူးစီးပွားရေး ဇုန် ဖော်ဆောင်သွားရန် တိုင်းဒေသကြီး အစိုးရက စီစဉ်နေကြောင်း အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မြို့နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ဇုန်များ၊ အသေးစား စက်မှုဇုန်များ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ပတ် သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းခရိုင် မြို့နယ်များ ဖြစ်သည့် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကော့မှူး စသည့် မြို့နယ်များတွင် အထူးစီးပွားရေးဇုန် ဖော်ဆောင်ရန် တိုင်းအစိုးရက Master Plan တစ်ခုကို ရေးဆွဲနေပြီး ပင်လယ်ဆိပ်ကမ်း စက်မှုဇုန်၊ နိုင်ငံတကာ လေဆိပ်သစ်များကိုလည်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဒေါ်နီလာကျော်က ပြောဆိုသည်။

ယင်း Master Plan ဖော်ဆောင်ရန် ပြည်ပ ပညာရှင်များက ရေးဆွဲလျက် ရှိနေပြီး ရေးဆွဲမှုကို ၂ဝ၁၇ ဇန်နဝါရီလကုန်တွင် ရရှိလာသည့် စီမံကိန်း ရေးဆွဲမှုများကို ပေါင်းစည်း၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရှင်များ သုံးသပ် လေ့လာ၍ မတ်လတွင် တိုင်းလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ယင်းမြို့နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား စက်မှုဇုန်များကိုလည်း ဖော်ဆောင်သွားမည် ဖြစ်ပြီး ရရှိလာမည့် ရေထွက် ပစ္စည်းများကို အအေးခန်းများမှတစ်ဆင့် ပို့ကုန်တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းသို့ တောင်ပိုင်းခရိုင်ရှိ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးဇုန်များ၊ မွေးမြူရေးဇုန်များ အသေးစား စက်မှုလုပ်ငန်းများ ထူထောင်ခြင်းဖြင့် စီးပွားရေး အခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို များပြားလာနိုင်မည်ဖြစ်ကြောင်း မေးခွန်း မေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက် အခြေခံတဲ့ စီးပွားရေး လုပ်ငန်းတွေ မြို့ပြဒေသနဲ့ စီးပွားရေး လုပ်ငန်းတွေ ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် အထူး စီးပွားရေးဇုန်များအဖြစ် သီလဝါ အထူး စီးပွားရေးဇုန်ကို တည်ဆောက်နေပြီး ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်တို့တွင်လည်း အထူး စီးပွားရေးဇုန်များ ဖော်ဆောင်ရန် စီစဉ်နေသည်။

J-08

Sources; The Voice

No comments:

Post a Comment