Latest News

Thursday, December 29, 2016

စက်မှုဇုန်နှင့်ပတ်သက်ပြီး မြေဈေးတန်ဖိုးကြီးမားသည်ကိုသာသိရှိကြောင်း ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ပြောကြား

စက်မှုဇုန်နှင့်ပတ်သက်ပြီး မြေဈေးတန်ဖိုးကြီးမားသည်ကိုသာသိရှိကြောင်း ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ပြောကြား

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲကိုကနောင်ခန်းမဆောင်တွင်
 ဒီဇင်ဘာလ ၂၈ နေ့ မွန်းလွဲ ၁-နာရီခွဲက ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က စက်မှုဇုန်နှင့်ပတ်သက်၍ မြေဈေးတန်ဖိုးကြီးမားသည်ကိုသာ သိရှိကြောင်း ပြောကြားသည်။

အစိုးရသစ်တက်လာသည်မှာ ၉ လပြည့်ပြီဖြစ်သော်လည်း ၄င်းအနေဖြင့် စက်မှုဇုန် ဘယ်နှခုနှင့် စက်မှုလုပ်ငန်းမည်မျှရှိသည် ဆိုသောအချက်အလက်များကို မသိသေးဟု ဆိုသည်။

“ရိုးရိုးသားသားဝန်ခံရင် မန္တလေးစက်မှုဇုန်နဲ့ပတ်သက်လို့ ဘာတခုမှမသိဘူး။ စက်မှုဇုန်လုပ်ငန်းတွေ ဘယ်နှခုဆိုတာလဲ မသိသေးဘဲ စက်မှုဇုန်မှာ မြေဈေးတွေတန်တယ်ဆိုတာတော့ကြားတယ်။ တိုင်းအစိုးရအနေနဲ့  အားလုံးကို တိုးတက်စေလိုတယ်။ ကျွန်တော်တို့ (အစိုးရသက်တမ်း) ၉ လမှာ စက်မှုဇုန် စက်ရုံတွေနဲ့ပတ်သက်တာ တခုမှတင်ပြထားတာလည်းမရှိသလို ကျွန်တော် သိတာလည်း မရှိသေးဘူး”ဟု ၀န်ကြီးချုပ်က ပြောသည်။

အစိုးရသစ်အနေဖြင့် ဥပဒေဘောင်ထဲမှ ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ ဥပဒေများရေးဆွဲပြီးဖြစ်သော်လည်း ငွေကြေးအရင်းအနှီး မရှိသည့်အတွက် တိုးတက်မှုအားနည်းခြင်းနှင့် တီထွင်ဖန်တီးမှု မရှိဘဲ မိရိုးဖလာအတိုင်း ထုတ်လုပ်နေခြင်းတို့အပြင် နောက်ပိုင်းမှ ပံ့ပိုးမှုအားနည်းနေခြင်းတို့ရှိနေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က မျှော်လင့်ချက်ကြီးမားစွာစောင့်မျှော်နေရပြီး ခေတ်နဲ့အညီ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ SME  လုပ်ငန်း အများဆုံးရှိတဲ့ စက်မှုဇုန်ဖြစ်ပေမယ့် လတ်တလောအခြအနေမှာ ပြည်ပချိတ်ဆက်မှု၊ လေ့လာနိုင်မှု လိုနေပါတယ်။ နည်းပညာရရှိရေးနဲ့ စက်မှုဇုန်နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လိုတယ်”ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်လှက ပြောသည်။

မန္တလေးစက်မှုဇုန်ဧရိယာတွင် အပိုင်းသုံးပိုင်းခွဲခြားထားပြီး အကျယ်အ၀န်း ၁၈၂၀ ဧကရှိ၍ ဇုန်(၁)တွင် ၈၆၁-ဧက။ ဇုန်(၂) ၁၄၅ ဧက။ ဇုန်(၃)၌ ၃၁၀-ဧက၊ စုစုပေါင်း ၁၃၀၆-ဧကတွင် လုပ်ငန်းလည်ပတ်နေကြောင်း၊ စက်မှုကြီးကြပ်ရေးတွင် မှတ်ပုံတင်ထား သည့် အကြီးစားလုပ်ငန်း ၃၈၅-ခု။ အလတ်စား ၃၂၁-ခု။ အသေးစား ၅၆၁ ခု၊ စုစုပေါင်း ၁၂၅၇ -ခုဖြစ်ပြီး လုပ်ငန်းအမျိုးအစား ၁၃-မျိုးရှိကြောင်း သိရသည်။

Sources; ခိုင်ဆက်ဝေ/စိုင်းထူးခန့် News Watch

No comments:

Post a Comment