Latest News

Thursday, December 29, 2016

မိန်းကလေးနှင့်အတူနေပြီး လက်ထပ်မယူသည့် အမျိုးသားများကို ထောင်ဒဏ် (၅)နှစ်နှင့်အထက် ချမှတ်အရေးယူနိုင်သည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ

မိန်းကလေးနှင့်အတူနေပြီး လက်ထပ်မယူသည့် အမျိုးသားများကို ထောင်ဒဏ် (၅)နှစ်နှင့်အထက် ချမှတ်အရေးယူနိုင်သည့် ဥပဒေပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ


ချစ်သူ၊ သမီးရည်းစားဘ၀တွင်အတူနေထိုင်ပြီး အမျိုးသားဖြစ်သူမှ လက်ထပ်ရန်ငြင်းဆိုပါက ထောင်ဒဏ်ငါးနှစ်နှင့်အထက်ထိ အရေးယူနိုင်သော ဥပဒေပြဋ္ဌာန်းနိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ NGO အဖွဲ့များ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

''မိန်းကလေးနဲ့ ယောကျာ်းလေး ချစ်သူ၊ သမီးရည်းစားဖြစ်လို့ အတူနေလိုက်ပြီးမှ ယောကျာ်းလေးက လက်ထပ်မယူနိုင်ပါဘူးလို့ ငြင်းဆိုလို့ရှိရင် ထောင် ဒဏ် ၅ နှစ်နဲ့အထက် တကယ်လို့များ မိန်းကလေးမှာ ကိုယ်ဝန်ရှိသွားခဲ့ရင် ကလေးမွေးဖွားခဲ့ရင် ထောင်ဒဏ် ခုနစ်နှစ်နဲ့အထက် အရေးယူနိုင်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်အောင် လူကယ်ပြန်ဝန်ကြီးဌာနက အခြားသော အဖွဲ့အစည်းများနှင့် စနစ်တကျဆောင်ရွက်နေပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နော်သ၀ါက News Watch သို့ ပြောကြားသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး အထူးဥပဒေ မူကြမ်းကို လာမည့်လွှတ်တော်အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း၊ အဆိုပါ ဥပဒေကြမ်းတွင် အမျိုးသမီးတဦး စိတ်အနှောင့်အယှက်ဖြစ်စေရန် နောက်မှစကားလိုက်ပြောလျှင်လည်း ပြစ်ဒဏ်မြောက်သည်ဟု ထည့်သွင်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကောင်မလေးနဲ့ကောင်လေးနဲ့ ချစ်ကြိုက်တယ်။ အသက်ပြည့်ပြီးသားလူတွေပေါ့နော်။ သူ့ဟာသူပေါင်းသင်းနေကြပြီးတော့မှ တကယ့်တကယ့် လက်ထပ်တော့မယ်ဆိုတဲ့အခါ မယူဘူးဆိုပြီးငြင်းဆန်တဲ့အခါကျမှ အဲဒီကိစ္စက ဖြစ်လာမှာ။ အဲဒီမှာ ကောင်မလေးက မကျေနပ်တဲ့အခါကျတော့ တိုင်ပေါ့။ တိုင်တဲ့အခါကျတော့ ဒီလိုဒီလိုဖြစ်တယ်ဆိုရင် ငြင်းဆန်ရင် ထောင်ဒဏ် ၅ နှစ်တို့ ၇ နှစ်တို့စသည်ဖြင့် ပြစ်ဒဏ်ကျခံရမယ်ပေါ့။ ဘာတခုပိုလာလဲဆိုရင် အဲဒါကို ကလေးရထားလို့ရှိရင် ကလေးစရိတ်ပေးဆောင်ဖို့ ငြင်းဆန်ခွင့်မရှိဘူးဆိုတာလေး ထည့်ထားတာပေါ့။ ဒါက မူကြမ်းပဲရှိသေးတယ်။ အတည်မဖြစ်သေးဘူး။ ဒို့က ချပြမယ်။ ဆွေးနွေးမယ်။ ဒါတွေကလည်း ကိုယ်တို့ရေးဆွဲတာမဟုတ်ဘူး။ ကျန်တဲ့ NGO လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လုပ်နေတာပါ။ သာမန်တွဲနေရုံနဲ့တော့ ပြဿနာမရှိပါဘူး”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အမြဲတမ်းအတွင်းဝင် ဦးစိုးအောင်က  News Watch သို့ ဒီဇင်ဘာ ၂၉  ရက်နေ့က ပြောကြားသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်နေခြင်းအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက''ချစ်သူ၊ ရည်းစား ဖြစ်လာတယ်ဆိုကတည်းက နှစ်ဦးနှစ်ဘက် သဘောတူလို့ပါ။ တဦးတည်းကပဲ ချစ်တယ်ဆိုရင် ချစ်သူ၊ ရည်းစားဖြစ်မလာနိုင်ဘူး။ နောက်ပြီး အတူနေလို့ပြောတဲ့နောက် နှစ်ယောက်စလုံးပါလို့ ဖြစ်တာပါ။ ဒီလိုဖြစ်ရပ်ကို အမျိုးသားတယောက်တည်းပဲ ထောင်ဒဏ်သတ်မှတ်မယ်ဆိုတဲ့ ဥပဒေက သိပ်တော့ အဆင်မပြေနိုင်ပါဘူး။ နောက်ပြီး ထောင်ဒဏ်ငါးနှစ်နဲ့အထက်ဆိုတော့ များလွန်းအားကြီးပါတယ်''ဟု ပြောသည်။

''အမျိုးသမီးတွေရဲ့ ဘ၀က ထိလွယ်ရှလွယ်တဲ့ အခြေအနေတွေပါ။ ကျွန်မတို့ဆို ခုအိမ်ထောင်က ရည်းစားဦးပဲ။ ဘာဖြစ်ဖြစ်မိန်းကလေးတွေက သိပ်ကိုပေးဆပ်ကြရတဲ့သူတွေပါ။ သူတို့ချစ်သူအတွက် ဘာဖြစ်ဖြစ် စွန့်စားဖို့ ၀န်မလေးသူတွေပါ။ ဒါကြောင့် ကျောရအောင်ကြံတဲ့ယောကျာ်းတွေကို အခုလို ဥပဒေပြဋ္ဌာန်းတာ အရမ်း ကောင်းပါတယ်''ဟု ပုဇွန်တောင်မြို့နယ်နေ အိမ်ထောင်သက် ၁၀ နှစ်ခန့်ရှိသူ မမျိုးမျိုးစိုးက ပြောသည်။

အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်မှုပုံစံမျိုးစုံရှိပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသွားမှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာနာကျင်ထိခိုက်အောင် ပြုမူခြင်းသည်လည်း အကြမ်းဖက်ခြင်းဖြစ်သောကြောင့် အထူးဥပဒေကို ပြဋ္ဌာန်းရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာစန်းစန်းအေးက ပြောသည်။

နီနီ
Photo - ရွှေဖီး (***For illustration purpose only)

Sources; News Watch

No comments:

Post a Comment