ဆရာကြီးဦးသုခ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်တွင် သစ္စာစကားဆိုခဲ့ဟု ဦးကျော်သူဆို
မြန်မာ့စာပေနှင့် မြန်မာ့ရုပ်ရှင် လောကအတွက် အကောင်းဆုံး ပေးဆပ်ခဲ့ သူ ဆရာကြီး ဦးသုခ ကွယ်လွန်ခြင်း ၁၁ နှစ်မြောက်နှစ်ပတ်လည်ပွဲသို့ တက်ရောက်ကာ ဂါရ၀ပြုသစ္စာစကား ဆိုခဲ့ကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။
အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကို ပန်းခွေ၊ ပန်းခြင်းချပြီး အမှတ်တရလုပ်တာထက် ဆုံးမခဲ့တဲ့ စကားကို လိုက်နာကျင့် သုံးဖို့ လိုတယ်။ ကျေးဇူးရှင်ဆရာကြီးရဲ့ အုတ်ဂူရှေ့မှာ သစ္စာဆိုခဲ့တယ်"ဟု ၎င်းက ဆိုသည်။
အောင်မြင်သည့် အနုပညာရှင် တစ်ဦးသည် အများအကျိုး အတွက် လုပ်ဆောင်ရမည်ဟု ဆရာကြီးက ဆုံးမစကား ဆိုခဲ့ပြီး ယနေ့ကျော်သူနာရေး ကူညီမှုအသင်း စတင် တည်ထောင်ချိန်မှ ကိုယ်ကျိုးအတွက် မလုပ်ဆောင်ဘဲ အများအကျိုး အတွက် လုပ်ဆောင် ခဲ့သည်မှာ မှန်ကန်ပါက ပရဟိတလုပ်ငန်း အောင်မြင်ပါစေကြောင်း သစ္စာပြုခဲ့သည်ဟု ဦးကျော်သူက ပြောကြားသည်။
ဆရာဦးသုခ ကွယ်လွန်သည့် ဒီဇင်ဘာလ ၇ ရက်တွင် ဆရာကြီး အုတ်ဂူရှိရာ ရေဝေးသုသာန်သို့ နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ အသင်း သူ၊ အသင်းသားများ၊ ၀န်ထမ်းများနှင့် ကိုယ့်အမှိုက် ကိုယ်ရှင်း အဖွဲ့များ သွားရောက်ပြီး အုတ်ဂူကို သန့်ရှင်း လုပ်ပေးသည့် အပြင် ပန်းများ၊ အမွေးတိုင်တွေနဲ့ ရှိခိုး ကန်တော့ခဲ့ကြခြင်း ဖြစ်သည်။
နှစ်စဉ်ဆရာကြီးအုပ်ဂူကို သန့်ရှင်းရေးများ လုပ်ခဲ့ပြီး ယခုနှစ်တွင် ရုံးအစည်းအဝေး တက်ရောက်ခဲ့ရသည့် အတွက် ဦးသုခအုတ်ဂူသို့ တက်ရောက် ဂါဝရ မပြုနိုင်ကြောင်း နာရေးကူညီမူ အသင်း(ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌလဲဖြစ် လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၅ ဖြစ်သူ ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။
အဆိုပါအဖွဲ့များသည် ဆရာကြီး ဦးသုခ၏ အုတ်ဂူကို သာမက စာရေးဆရာ ဦးအောင်သင်း၊ ဟံသာဝတီ ဦးဝင်းတင် နှင့် စာရေးဆရာဗေဒင်လက္ခဏာ ဂမ္ဘီရ ဆရာကြီး မင်းသိင်္ခတို့၏ အုတ်ဂူများကိုလည်း သန့်ရှင်းရေးများ လုပ်ကာ ဦးခိုက်ကန်တော့၍ ပရဟိတ သစ္စာဆိုခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) မဖွဲ့စည်းခင်က မန္တလေး ဗြဟ္မာစိုရ်အသင်းကြီးက နာရေးကို စတင်ခဲ့ခြင်းဖြစ်ပြီး ဆရာဦးသုခက ရန်ကုန်တွင်လည်း နာရေးကူညီမှု အသင်းဖွဲ့လျှင် ကောင်းမည်ဆိုကာ မတည်ငွေများ ထည့်ဝင်ပြီး အသင်းကို စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဥက္ကဋ္ဌ ကျော်သူနှင့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တို့ ဦးဆောင်သည့် ရန်ကုန်မြို့ နာရေးကူညီမှု အသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်တွင် ဗြဟ္မ၀ိဟာရပရိယတ္တိ စာသင်တိုက်၊ ၁၆/၂ ရပ်ကွက်၊သင်္ဃန်ကျွန်းမြို့နယ်၌ စတင်ဖွဲ့စည်း တည်ထောင်ပြီး ပထမဦးဆုံး နာရေးကူညီမှုပြုခြင်း အထိမ်းအမှတ် အဖြစ် မြန်မာ့ပန်းပု ပညာရှင် ဆရာကြီး ဦးဟန်တင်၏ ဈာပနကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးဆောင်ပဓာန နာယကကြီး ဒါရိုက်တာ စာရေးဆရာ ဦးသုခသည် အသင်းဖွဲ့ပြီး လေးနှစ်အကြာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၁နာရီ ၃၀ မိနစ် တွင် အမှတ် (၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။
ဆရာကြီးကို ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာစုတွင် ဦးစံခိုင်နှင့်ဒေါ်မျှင်တို့ ၁၉၁၀ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်း လေးဦးအနက် အကြီးဆုံးသားဖြစ်ကာ ငယ်မည်မှာ မောင်သိန်းမောင်ဖြစ်သည်။
မြန်မာ့ရုပ်ရှင်အကယ်ဒီမီဆု ခြောက်ဆုရရှိခဲ့သော ဆရာဦးသုခသည် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက် အဖြစ် သာမကဘဲ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာ၊ ရုပ်ရှင်မင်းသား တစ်ယောက်လည်း ဖြစ်သည်။
မြန်မာရုပ်ရှင် လောကတွင် ရုပ်ရှင်ဒါရိုက်တာအဖြစ် ဇာတ်ကားပေါင်း ၃၃ကား ရိုက်ကူးခဲ့ပြီး မြန်မာ့ရုပ်ရှင် လောက၏ အအောင်မြင်ဆုံးဒါရိုက်တာအဖြစ် အများ၏ သတ်မှတ်ခြင်းကို ခံခဲ့ရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment