Latest News

Thursday, December 8, 2016

ကိုယ်စားလှယ်များ လူကြီးလူကောင်းပီသကြရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး

ကိုယ်စားလှယ်များ လူကြီးလူကောင်းပီသကြရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်ကိုယ်စားလှယ်တွေ လူကြီးလူကောင်း ပီသစွာ ပြောဆိုလုပ်ကိုင်ကြဖို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက  သတိပေးလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အတွင်း ရခိုင်အမျိုးသားကိုယ်စားလှယ်တဦးရဲ့ မီဒီယာမှာ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သတိပေး ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၈ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက သူလွှတ်တော်ကို တင်သွင်းတဲ့ အရေးကြီးအဆိုကို လွှတ်တော် ဥက္ကဋ္ဌက မေးခွန်းအဖြစ် ပြောင်းပြီး မေးခိုင်းလို့ မေးခွန်းပဲ မေးခဲ့ရတယ်လို့ မီဒီယာတချို့ကို ပြောခဲ့ပါ တယ်။

ဒီလို ပြောဆိုချက်ဟာ မဟုတ်မမှန်ပြောဆိုချက်ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး မန်းဝင်းခိုင်သန်းက လွှတ်တော်နည်းဥပဒေနဲ့ ထောက်ပြပြောဆိုပါတယ်။

အဲ့ဒီနောက် လူကြီးလူကောင်းပီသစွာ ပြောဆိုလုပ်ကိုင်ဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

“ကိုယ်စားလှယ်အနေနဲ့ နောက်တခါ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိစ္စတွေ ဆောင်ရွက် မယ်ဆိုရင် ဥပဒေကို ကြေကြေညက်ညက် ဖတ်ပါ၊ ညီညွတ်မှ တင်ပါ၊ မညီညွတ်လို့ရှိရင်တော့ ဥက္ကဋ္ဌအနေနဲ့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး၊ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူကြီးလူကောင်းပါ၊ လူကြီးလူကောင်း စာရင်းဝင်တွေပါ၊ ဒီလို ပြည်သူလူထု အထင်အမြင် မှားသွား နိုင်တဲ့ ဥက္ကဋ္ဌ မပြောတဲ့စကားကို အပြော လုပ်ပြောတယ်။ ပြောတဲ့စကား ထိန်ချန်တယ် ဆိုတာ ဒါ လူကြီးလူကောင်းတွေရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ နောက်နာင် လူကြီးလူကောင်းပီသစွာ ပြောဆို လုပ်ကိုင်ဖို့ သတိပေးပါတယ်။”

ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ရခိုင်ကိုယ်စားလှယ် ဒီနေ့ တင်သွင်းမယ့် မောင်တောအရေးအဆို မတင်သွင်းခင် ကိုယ်စားလှယ်ရဲ့ မီဒီယာတွေမှာ ပြောကြားချက်တွေကို ဖတ်ပြပြီး သတိပေးခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌရဲ့ သတိပေးစကားပြောပြီးတဲ့နောက် အဆိုတင်မယ့် ရခိုင်ကိုယ်စားလှယ်ကလည်း သူ့အဆိုကို မတင်တော့ဘဲ ရုပ်သိမ်းသွားခဲ့ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်လွှတ်တော်အတွင်း ရခိုင်ကိုယ်စားလှယ်တွေ အဆိုနဲ့ အရေးကြီးအဆို တင်သွင်းတဲ့အခါတိုင်းလိုလို လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အငြင်းပွားမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment