Latest News

Wednesday, December 28, 2016

ရုရှားစစ်လေယာဉ်ပျက်ကျမှုက တောင်ပံချွတ်ယွင်းချက်ကြောင့်ဖြစ်

ရုရှားစစ်လေယာဉ်ပျက်ကျမှုက တောင်ပံချွတ်ယွင်းချက်ကြောင့်ဖြစ်



ပင်လယ်နက်အတွင်း တနင်္ဂနွေနေ့က ပျက်ကျခဲ့သော ရုရှစစ်လေယာဉ်မှ တွေ့ရှိသည့် ပျံသန်းမှုမှတ်တမ်းတင်ရီကော်ဒါအား စစ်ဆေးချက်အရ   လေယာဉ်သည်   တောင်ပံတွင် ချွတ်ယွင်းချက်ဖြစ်ပေါ်၍ ပျက်ကျခြင်းဖြစ်ကြောင်း ရုရှမီဒီယာက ဖော်ပြသည်။

လေယာဉ်တောင်ပံရှိ လေယာဉ်အား ဦးမော့တင်ပေးသည့် flaps ပြား မပွင့်ခဲ့ခြင်းကြောင့် လေယာဉ်ပျက်ကျခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က Interfax သတင်းအေဂျင်စီသို့ ပြောသည်။

ထိုကြောင့် လေယာဉ်မှူးဖြစ်သူက ထိန်းချုပ်နိုင်စွမ်းမဲ့ကာ ပျက်ကျရခြင်းဖြစ်သည်ဟု သတင်းတစ်ရပ်၌ ဖော်ပြသည်။

အဆိုပါ ရီကော်ဒါစစ်ဆေးမှုတွင် လေယာဉ်မှူးဖြစ်သူ၏ နောက်ဆုံးပြောလိုက်သော "flaps ပြားတော့ ပြဿနာပေါ်---"ဟူသော တစ်ပိုင်းတစ်စ စကားသံကိုလည်း ကြားရသည်ဆိုသည်။

အဆိုပါ သက်တမ်းကြာမြင့်ပြီဖြစ်သော Tu-154 လေယာဉ်သည် စစ်သားများ၊ တပ်မတော်စစ်တီးဝိုင်းနှင့် သတင်းထောက်များ လိုက်ပါလျက် ဆီးရီးယားသို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၅ ရက်က ရုရှကမ်းလွန်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါသူ ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၉၂ ဦးစလုံး သေဆုံးခဲ့သည်။

အဆိုပါ စစ်လေယာဉ်သည် ယင်းနေ့ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၅ မိနစ်က ဆိုချီမြို့ရှိ အက်ဒဲလာလေဆိပ်မှ ပျံတက်ပြီး နှစ်မိနစ်တွင် ရေဒါမှ ပျောက်ကွယ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်

ဒီဇင်ဘာ ၂၆ ရက်တွင် ရုရှနိုင်ငံတစ်ဝှမ်း အမျိုးသားဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။


Sources; Mizzima

No comments:

Post a Comment