Latest News

Sunday, December 18, 2016

စစ်အာဏာသိမ်းမှုနှင့် စိုးရိမ်စိတ်များ

စစ်အာဏာသိမ်းမှုနှင့် စိုးရိမ်စိတ်များ

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ အကြမ်းဖက် တိုက်ခိုက်မှုများ သီတင်းပတ်များစွာ ကြာမြင့်လာခြင်း၊ တရုတ်နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်နေခြင်းတို့သည် ဒေါ်အောင်ဆန်းစုကြည်အတွက် စစ်တပ်အာဏာသိမ်းမည့် ပြဿနာနှင့် ရင်ဆိုင်နေရသည် ဟူသော လူအချို့၏ ယူဆမှုကို ဖြစ်ပေါ်လာစေခဲ့သည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များကို လူမျိုးတုံး သတ်ဖြတ်နေသည် ဟူသော မလေးရှား ဝန်ကြီးချုပ်နှင့် အခြားသူတို့၏ စွပ်စွဲမှုများ၊ NLD ပါတီအတွင်းမှ တင်းမာမှုများ၊ ရန်ကုန်မြို့တွင် လူမသေသော ဗုံးခွဲမှုများနှင့် စီးပွားရေး စွမ်းဆောင်ရည် မပြည့်ဝမှု အစရှိသော ပြဿနာများကြောင့် အစိုးရ၏ အာဏာတည်မြဲရေးနှင့် ပတ်သက်၍ မရေရာသော အတွေးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

တပ်မတော်သည် အာဏာသိမ်းရန် အကြောင်းပြချက်အဖြစ် ပြဿနာများကို ဖန်တီးလေ့ ရှိသည်ဟု မြန်မာနိုင်ငံမှ အကဲခတ်အများစုက ယခင်ကပင် ယုံကြည်ခဲ့ကြသည်။ ယခုလည်း နိုဝင်ဘာလတွင် ကာကွယ်ရေးဦးစီးချုပ်က အခြေခံဥပဒေ စည်းကမ်းအရ အရေးပေါ်အခြေအနေ ကြေညာမှု အကြောင်းအရာကို ကိုးကားပြောဆိုခဲ့ပြီးနောက် စိုးရိမ်မှုများ ပေါ်ထွက်လာခြင်းဖြစ်ပြီး တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖယ်ရှားရန် ရည်ရွယ်နေသလား ဟူသော မှန်းဆမှုများ ထွက်ပေါ်လာခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ကြံ့ခိုင်ရေးပါတီနှင့် အခြားပါတီ ၁၂ ခုတို့က သမ္မတအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် တိုက်တွန်းခဲ့ပြီးနောက် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ NLD အစိုးရသစ် အာဏာရလာသည့် ဧပြီလ နောက်ပိုင်း သမ္မတက ၎င်းကောင်စီကို ခေါ်ယူစည်းဝေးခဲ့ခြင်း မရှိပေ။

သို့ရာတွင် အဆိုပါ ကြေညာချက်များသည် တပ်မတော်နှင့် မဟာမိတ်များက အာဏာပြန်သိမ်းရန် အကြောင်းပြချက် ဖန်တီးခြင်း မဟုတ်ဘဲ အခြေခံဥပဒေဆိုင်ရာ စည်းကမ်းတစ်ခုကို ဖွင့်ဆိုပြောကြားခြင်းသာ ဖြစ်သည်ဟုလည်း ရှုမြင်နိုင်သည်။

၂ဝဝ၈ အခြေခံဥပဒေ၏ အရေးကြီးသော ပုဒ်မများအပေါ် ပြည်သူလူထု၏ မကျေနပ်မှုများ ရှိနေသော်လည်း ပြီးခဲ့သော ၆ နှစ်တာ ကာလအတွင်း ကာကွယ်ရေး ဦးစီးချုပ်၏ ထုတ်ပြန်ကြေညာချက်များက ၎င်းအငြင်းပွားဖွယ် ဥပဒေကို တစ်သမတ်တည်း ဆုပ်ကိုင်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြသလျက်ရှိသည်။ အခြေခံဥပဒေ၏ ဘောင်ဝင်မှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းမည့် ၎င်း၏ ဆုံးဖြတ်ချက်ကြောင့် စစ်အုပ်ချုပ်ရေးသို့ ပြန်လှည့်သည့် ကိစ္စမှာ ဖြစ်နိုင်ခြေမရှိသော အရာဟု ဆိုနိုင်သည်။

အခြေခံဥပဒေအရ အကယ်၍ အရပ်ဘက်အစိုးရက ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိဟု သမ္မတက ဆုံးဖြတ်ပါက သက်ဆိုင်ရာ နယ်မြေများတွင် စစ်ဘက်အုပ်ချုပ်ရေး ဖြစ်စေ၊ အစိုးရနှင့် စစ်ဘက်တွဲ၍ အုပ်ချုပ်ခြင်းဖြစ်စေ လုပ်ဆောင်နိုင်ရန် ဥပဒေပိုင်းဆိုင်ရာ ခွင့်ပြုထားသော စည်းကမ်းချက်များ ရှိသည်။

ဒေသဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာမှုအရ နယ်မြေအတွင်း တပ်မတော်၏ လုပ်ဆောင်မှုများကို ရွေးချယ်တင်မြှောက်ခံ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက စစ်ဆေးကြားနာမှု ပြုလုပ်နိုင်သည်။ ယင်းအချက်သည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် ပြုလုပ်နေသော သောင်းကျန်းမှု နှိမ်နင်းရေး စီမံချက်များနှင့် အကျုံးမဝင်ပေ။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ဒုက္ခပတ်လည် ဝိုင်းနေသည့် တိုင်းရင်းသားလူထုကို အကာအကွယ်ပေးရေး အစီအစဉ်များကို NLD အစိုးရက လုပ်ဆောင်မှု မရှိခြင်းသည် အာဏာသိမ်းမှု ဖြစ်နိုင်ခြေ မှန်းဆမှုများကို ကြီးထွားလာစေခဲ့သည်။ အစိုးရ၏ တိတ်ဆိတ်မှုသည် တိုင်းရင်းသားလူထုကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ လုံခြုံရေး အခြေအနေနှင့် ပတ်သက်သော အစိုးရ၏ ထုတ်ပြန်ကြေညာချက်များမှာ တပ်မတော်နှင့် တစ်လေတည်း (တစ်ပုံစံတည်း) ဖြစ်နေသည်။

အစိုးရသည် အခြေခံဥပဒေမှ အရေးပေါ်အခြေအနေစာပုဒ်တွင် ဖော်ပြထားသော တာဝန်ယူမှုများကို ဆောင်ရွက်ရန် ပျက်ကွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ခြင်းငှာ မစွမ်းသာ ဖြစ်နေပုံရသည်။ ရခိုင်ပြည်နယ်မှ မွတ်ဆလင် အများစု နေထိုင်သော မောင်တောတစ်မြို့တည်းမှာပင် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုများ နောက်ပိုင်း သံသယရှိသူ ၅၇၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် ၆ ဦးမှာ အချုပ်ခန်းအတွင်း သေဆုံးခဲ့ခြင်းသည် မည်သည့်ဒီမိုကရေစီ အစိုးရမှ ဖြေရှင်းလိုခြင်း မရှိသည့် အရေးပေါ်အခြေအနေ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုကို ရှင်းလင်းပြသခြင်းဟု ရှုမြင်ရပေလိမ့်မည်။

လက်ရှိမှန်းဆမှုများသည် အခြေအနေ လွဲမှားအကဲခတ်ခြင်းကို ထင်ဟပ်နေ

အာဏာသိမ်းမည့် အလားအလာကို အချို့က စိုးရိမ်နေကြသော်လည်း အမှန်တကယ်တွင် အာဏာသိမ်းမည့် အရိပ်အယောင် မတွေ့ရပါ။ အာဏာသိမ်းရန် နေပြည်တော်သို့ စစ်တပ်များ ချီတက်လာခြင်း မရှိသကဲ့သို့ ကြိုတင်ပြင်ဆင်ရန် အရာရှိများကို ရာထူး အရွှေ့အပြောင်း လုပ်ခြင်းလည်း မရှိပါ။ လူထုကို ဟန့်တားရန် လုံခြုံမှု ထိန်းသိမ်းရေးတပ်များကို ဖြန့်ကြက်ထားသည်ကိုလည်း မတွေ့ရပါ။ နိုင်ငံမြောက်ပိုင်းတွင် ဝါရင့်သမ္ဘာရင့် သူပုန်အုပ်စုများနှင့် စစ်ပွဲကြီး ဆင်နွှဲနေချိန်တွင် အာဏာသိမ်းရန် ကြိုးစားပါက တပ်မတော်အတွက် ရင်နာစရာ အလွမ်းဇာတ် ဖြစ်သွားပေလိမ့်မည်။ လုံခြုံရေးဆိုင်ရာ ပြဿနာများအပြင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော ခက်ခဲနက်နဲ ရှုပ်ထွေးသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံရေး ပြဿနာပေါင်းစုံသည် ယခုအချိန်မျိုးတွင် မြန်မာစစ်ခေါင်းဆောင်များ လိုချင်မည့် အရာများ မဟုတ်ပေ။

ကြေညာချက်များကို လွဲမှားကောက်ယူခြင်း

အာဏာသိမ်းမည့် အရေးကို မီဒီယာနှင့် အကဲခတ်အချို့က တွေးပူခြင်းသည် ကာကွယ်ရေးဦးစီးချုပ်၏ နိုဝင်ဘာလ မိန့်ခွန်းနှစ်ခုနှင့် အငြင်းပွားဖွယ် ၂ဝဝ၈ အခြေခံ ဥပဒေတို့ကို လွဲမှားကောက်ယူရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ပထမမိန့်ခွန်းမှာ မကြုံစဖူး ဖိတ်ကြားခံရသော နိုဝင်ဘာလ ၈ ရက် ဘရပ်ဆဲလ်စ်တွင် ကျင်းပသည့် ဥရောပသမဂ္ဂ စစ်ရေးကော်မတီ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှည်လျားသော သမိုင်းကြောင်းဖြင့် အစချီသော မိန့်ခွန်းတွင် ၎င်းက တပ်မတော်သည် ၂ဝဝ၈ အခြေခံဥပဒေနှင့်အညီ မြန်မာနိုင်ငံနှင့် ကိုက်ညီသော ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် တိုင်းပြည်ကို တပ်မတော်က ကိုယ့်အားကိုယ်ကိုး ထိန်းကျောင်းနေသည်ဟု ပြောကြားခဲ့သည်။ အခြေခံဥပဒေ အခန်း ၁၁ တွင် ပါဝင်သော အရေးပေါ်အခြေအနေ ကြေညာမှု စည်းကမ်းများကို ကိုးကားပြောဆိုရာတွင် အခြေခံဥပဒေကို လျစ်လျူရှုရန် ခြိမ်းခြောက်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာကို အလွယ်တကူ မသိမ်းစေရန်နှင့် အချိန်ကြာမြင့်စွာ သိမ်းမထားစေရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရန် စည်းကမ်းများ ဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒုတိယမိန့်ခွန်းမှာ နိုဝင်ဘာ ၂၆ ရက်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး မသွားမီ မှာကြားပြောဆိုခြင်း ဖြစ်သည်။ ယင်းမိန့်ခွန်းကို နိုင်ငံပိုင်သတင်းစာနှင့် အင်္ဂလိပ်ဘာသာ မီဒီယာက လွဲမှားကောက်ယူ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မိန့်ခွန်းတွင် အာဏာသိမ်းရန် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပါဝင်ဘဲ တပ်မတော်၏ အမျိုးသားရေးကဏ္ဍနှင့် ပတ်သက်သော ယခင်ပြောဆိုနေကျ သဘောထား အမြင်များကိုသာ ထပ်မံပြောကြားသွားခြင်း ဖြစ်သည်။

အင်္ဂလိပ်ဘာသာ မြဝတီ သတင်းစာတွင်မူ “တပ်မတော်သည် နိုင်ငံရေး တည်ငြိမ်ရေးနှင့် အမျိုးသားရေးအတွက် အမျိုးသားနိုင်ငံရေး ကဏ္ဍမှ ဆက်လက်ပါဝင်နေမည် ဖြစ်ပြီး ပါတီစွဲနိုင်ငံရေးကို စိတ်ဝင်စားခြင်းမရှိ” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောကြားကြောင်း မှန်ကန်စွာ ဖော်ပြခဲ့သည်။

အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ကိုးကားမှုသည် အရေးကြီးသော အချိန်မျိုးတွင် ပါတီနိုင်ငံရေးထက် အမျိုးသားနိုင်ငံရေးကို ဦးစားပေးသင့်ကြောင်း နိုင်ငံသားများကို သတိပေးရန် ပြောကြားသွားခြင်း ဖြစ်သည်။

အရေးပေါ် အခြေအနေ

အငြင်းပွားဖွယ် ၂ဝဝ၈ အခြေခံဥပဒေ၏ နားလည်ရန် အခက်ဆုံးအပိုင်းမှာ အရေးပေါ်အခြေအနေ အကြောင်း ဖော်ပြထားသော အခန်း ၁၁ ဖြစ်သည်။ ဤအခန်းတွင် ယခင်အခြေခံဥပဒေထက် အချက်သုံးချက် ထပ်တိုးထားသည်။ ပထမအချက်မှာ ဒေသန္တရအဆင့်နှင့် အမျိုးသားအဆင့် အရေးပေါ်အခြေအနေများ အကြား ခွဲခြားထားခြင်း ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ နေရာတွင် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်က ဝင်ရောက်အစားထိုးခြင်းဖြင့် နယ်မြေကန့်သတ်၍ ဝင်ရောက်ဆောင်ရွက်ရန် ပထမဆုံး ခွင့်ပြုထားခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အရေးပေါ်အခြေအနေ ကြေညာသည့် ကာလကို ကန့်သတ်ထားခြင်း ဖြစ်ပြီး တစ်ချိန်က စိတ်ကူးရန် မဖြစ်နိုင်ခဲ့သော စည်းကမ်းချက် ဖြစ်သည်။ နောက်ဆုံးအချက်မှာ အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်ကို ရှင်းလင်းဖော်ပြထားခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်တွင်းပဋိပက္ခနှင့် ပြည်ပကျူးကျော်မှု ဖြစ်လာသည့် အခြေအနေတွင် အခြေခံဥပဒေကို လျစ်လျူရှုခြင်း သို့မဟုတ် တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး ချမှတ်ခြင်းတို့ ပြုလုပ်စရာ မလိုတော့ဘဲ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ သို့ရာတွင် ပဋိပက္ခ အကျပ်အတည်း ကြုံလာသည့် အခြေအနေများတွင် တပ်မတော်က အစိုးရအပေါ် အကန့်အသတ်မရှိ ပြန်လည်လွှမ်းမိုးလာနိုင်သည့် ခြိမ်းခြောက်မှု ရှိသည်ဟု မကြာခဏ လွဲမှားစွာ ကောက်ယူနေကြသည့် အခြေခံဥပဒေ၏ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးတွင် အဆိုပါ လုပ်ငန်းစဉ်ကို စီမံအုပ်ချုပ်ရမည့် အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအချက်များမှာ ရှင်းလင်းတိကျမှု မရှိပါ။

ယခင်ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အရေးပေါ်အခြေအနေ ကြေညာမှုသုံးကြိမ် (၂ဝ၁၂ တွင် ရခိုင်၊ ၂ဝ၁၃ တွင် မိတ္ထီလာ၊ ၂ဝ၁၅ တွင် လောက်ကိုင်) ပြုလုပ်ခဲ့ပြီး မရှေးမနှောင်း ရုပ်သိမ်းပေးခဲ့သည်။ ပထမနှစ်ကြိမ်မှာ တပ်မတော် ခေါင်းဆောင်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များနှင့် တိုင်ပင်ညှိနှိုင်း၍ ထုတ်ပြန်ခြင်းဖြစ်ဖွယ် ရှိပြီး စစ်အုပ်ချုပ်ရေး ကျင့်သုံးခြင်း မဟုတ်ဘဲ အရပ်ဘက် အုပ်ချုပ်ရေး ထိရောက်မှု ရှိစေရန် အထောက်အကူပေးခဲ့ခြင်း ဖြစ်သည်။ တတိယအကြိမ် လောက်ကိုင်တွင်မူ တရုတ်နယ်စပ် အနီးမှ ပြည်ပအားကိုး ခြိမ်းခြောက်မှုဟု ရှုမြင်သောကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ အရပ်ဘက် အုပ်ချုပ်ရေးကို ရပ်ဆိုင်းကာ စစ်အုပ်ချုပ်ရေးကို ချမှတ်ကျင့်သုံးခဲ့သည်။

အဆိုပါ နယ်မြေများမှ ဒေသခံလူထုက တပ်မတော်၏ ဆောင်ရွက်ချက်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု ပြစ်တင်ဝေဖန်ခဲ့သော်လည်း သုံးကြိမ်စလုံးတွင် ဥပဒေ ပြဋ္ဌာန်းထားသည့် အချိန်ကာလနှင့် နယ်မြေကန့်သတ်ချက်များကို ဘောင်ကျော်၍ အစိုးရ၏ လုပ်ငန်းတာဝန်များအပေါ် စွက်ဖက်မှု မရှိခဲ့ပေ။ သုံးကြိမ်စလုံးကို လွှတ်တော်တွင် ကြားနာစစ်ဆေးခဲ့ပြီး ဖြစ်ရာ အနာဂတ်တွင် ကွဲပြားခြားနားမှု ရှိနိုင်သည်ဟု စဉ်းစားရန် အကြောင်းရင်း မရှိခဲ့ပါ။ နှစ်ကြိမ်ကို လွှတ်တော် ခွင့်ပြုချက်ဖြင့် သက်တမ်းတိုးခဲ့သော်လည်း သုံးကြိမ်စလုံးကို ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် ယခင်ကဲ့သို့ ဖြစ်လာမည် မဟုတ်ဟုလည်း ယူဆစရာ အကြောင်းရင်း တစ်ခုမှ မရှိပါ။

အာဏာသိမ်းရန် ကြံစည်မှု မဟုတ်လျှင် ဘာများဖြစ်နေသလဲ

အာဏာသိမ်းမည်ဟု မှန်းဆမှုများသည် အယူအဆ သုံးမျိုးအပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ ပထမအချက်မှာ တပ်မတော်သည် အမျိုးသားနိုင်ငံရေးခွင်မှ ထွက်မသွားသေးသောကိစ္စ ဖြစ်သည်။ ဒုတိယအချက်မှာ NLD နှင့် တပ်မတော်သည် ၂ဝဝ၈ အခြေခံဥပဒေအပေါ် ကွဲပြားသောအမြင်များ ရှိခဲ့ကြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက်ဖိအားပေးနေပြီး ကာကွယ်ရေးဦးစီးချုပ်ကလည်း အခြေခံဥပဒေကို အလောတကြီး ပြင်ဆင်ခြင်း မပြုသင့်ဟူသော ရပ်တည်ချက်ကို ဖက်တွယ်ထားရာ ယင်းကွဲလွဲမှုကို အချိန်တိုအတွင်း ဖြေရှင်းနိုင်စရာ မရှိသော်လည်း ထိပ်တိုက်ရင်ဆိုင်နေသော အခြေအနေမျိုး မဟုတ်ပေ။ ထိုအချက်သည် NLD နှင့် တပ်မတော်အကြား အဆင်မချောလှသော်လည်း အပြုသဘော ယှဉ်တွဲရပ်တည်မှုကို ဆက်လက်ဖြစ်ပေါ်နေစေသည်။

တတိယအချက်မှာ နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းမှ လက်ရှိပဋိပက္ခများအပေါ် တူညီသော စိုးရိမ်ပူပန်မှုများ ရှိနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် အကြား ဆက်ဆံရေး ယိုယွင်းလာပုံရခြင်း ဖြစ်သည်။ လွန်ခဲ့သောလပေါင်း အတန်ကြာက ခေါင်းဆောင်နှစ်ဦးအကြား ပြသခဲ့သော သင့်မြတ်မှုသည် ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တုံ့ပြန်မှု မရှိသော စီမံပုံကို ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခြင်းနှင့် Facebook တွင် မှတ်ချက်ပေးခြင်း အဆင့်သို့ လျော့ကျသွားပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ အခိုက်အတန့်၏ အရေးပေါ်အခြေအနေ လိုအပ်မှုကို မသိနားမလည်ခြင်း ဖြစ်နိုင်သကဲ့သို့ အများမသိနိုင်သော နည်းဗျူဟာ၊ မဟာဗျူဟာ အကြောင်းရင်းများကြောင့် မတုံ့ပြန်ဘဲ တောင့်ခံထိန်းသိမ်းနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့အပြင် ဘဝသက်တမ်း တစ်လျှောက် ကိုယ်ရေးကိုယ်တာနှင့် နိုင်ငံရေး ခရီးကြမ်းကို ဖြတ်သန်းခဲ့ရသော သူမအနေနှင့် ဗမာတို့၏ မြေပြန့်မှ အလှမ်းဝေးသော တိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် ပတ်သက်သည့် ပြဿနာ အကျပ်အတည်းများကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံအချို့ လိုအပ်ပေလိမ့်မည်။

SOURCES THE VOICE : Nikkei Asia Review ပါ ဆောင်းပါးကို NLM ဘာသာပြန်သည်။

No comments:

Post a Comment