Latest News

Sunday, December 18, 2016

ပုဂံဘုရား အဆူ ၄ဝ ကျော် ဇန်နဝါရီလမှစ၍ အကြီးစား ပြုပြင်မည်




ပုဂံဘုရား အဆူ ၄ဝ ကျော် ဇန်နဝါရီလမှစ၍ အကြီးစား ပြုပြင်မည်

မန္တလေး၊ ဒီဇင်ဘာ ၁၈

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံဘုရားများအနက် လူသိများသည့် ဘုရားများ အပါအဝင် ဘုရားအချို့ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကစ၍ အကြီးစား ပြုပြင်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လ အတွင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပုဂံဒေသရှိ စေတီ၊ ပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ပျက်စီးမှုပေါ် မူတည်၍ အချို့ဘုရားများကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အကြီးစား ပြုပြင်ထိန်းသိမ်းရမည့် ဘုရားများကို ဇန်နဝါရီလမှစ၍ ပြု ပြင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

“အကြီးစား ပြုပြင်မှုအတွက် ပြည်တွင်းပညာရှင်တွေရဲ့ လမ်းညွန်ချက်၊ ယူနက်စကို ပညာရှင်တွေရဲ့ လမ်းညွန်ချက်တွေအတိုင်း ပြုပြင်မယ်။ အားလုံး အဆူလေးဆယ်ကျော်မယ်။ ဒီထဲမှာ သဗ္ဗညု၊ ကန်တော့ပလ္လင်။ စူဠာမဏိတို့လို နာမည်ကြီး ဘုရားတွေ ပါမယ်။ ပြင်တာတော့ ရှေးဟောင်းရယ်၊ ဆောက်လုပ်ရေး အထူးအဖွဲ့ရယ်ပေါ့” ဟု ၎င်းက ရှင်းပြသည်။

ငလျင်ဖြစ်ပွားပြီးချိန်မှ လက်ရှိအချိန်အထိ သုံးလတာ ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက်ဖြင့် ထပ်မံမပျက်စီးစေရန် အမိုးအကာပြုလုပ်ခြင်း ၄၈ ဆူ၊ ငြမ်းဆင်၍  ညှပ်ထိန်းခြင်း ၅၉ ဆူ၊ အတွင်း၊ အပြင်ထောက်များဖြင့် ထောက်ကူ ထိန်းခြင်း ၁ဝ ဆူ၊ ခါးပတ် (နိုင်လွန်ခါးပတ်နှင့် သံနန်းကြိုး ခါးပတ်များ အပါအဝင်) ပတ်၍ ထိန်းခြင်း ၁၅ ဆူ၊  အက်ကြောင်းများ ဖာထေးခြင်း၊ ကြားသိပ်ခြင်း  ၅၅ ဆူ၊ အလေးချိန်လျော့စေရန် ပျက်စီးအစိတ်အပိုင်းများ လျှော့ချရှင်းလင်းခြင်း ၁၈ ဆူ၊ ရေပိတ်လွှာလောင်းခြင်း ၂ဝ ဆူ၊ သဲ၊ ခဲ ရှင်းလင်းခြင်း ၁၉၆ ဆူ၊ မြေကြောဖြတ်ခြင်း တစ်ဆူ၊ နံရံဆေးရေးပန်းချီများ ကြံ့ခိုင်မှု ထိန်းသိမ်းခြင်း ရှစ်ဆူတို့ကို အရေးပေါ်  ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

M 05

SOURCES THE VOICE

No comments:

Post a Comment