Latest News

Thursday, December 15, 2016

လူကြီးအကြိုက် မရေးတတ်သူ

လူကြီးအကြိုက် မရေးတတ်သူ
========
တင်သိန်း(ကြို့ပင်ကောက်)

စာတွေရေးတဲ့ စာရေးဆရာမဖြစ်ခင်က ကျွန်တော်က ကျောင်းဆရာပါ။ စာရေးတာနဲ့ စာသင်တာပဲ ကွာပါတယ်။ ဆရာကတော့ ဆရာပါပဲ။ ကျွန်တော် ကျောင်းဆရာစဖြစ်တာက ၁၉၅၈ ခုနှစ်။
၁၉၅၈ ခုနှစ် ဆိုတာက မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးကြီးတဲ့ နှစ်တစ်နှစ်လို့ မှတ်ထားရင် ရပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်သမိုင်းမှာ ဒီမိုကရေစီဆိုတဲ့ 'လဝန်းကြီး'ကို 'ငပုပ်'လို့ မှတ်ယူရမယ့် စစ်အာဏာရှင်တစ်စုက နိုင်ငံအာဏာကို လုယူတဲ့ နှစ်ပါ။ 'လဝန်း'ကို 'ငပုပ်' ဖမ်းတယ်ဆိုရင်လည်း ရပါတယ်။

ဝန်ကြီးချုပ်ဦးနုက စစ်ခေါင်းဆောင် ဗိုလ်နေဝင်းကို အိမ်စောင့်အစိုးရ ဖွဲ့ပေးလိုက်တဲ့ကာလလည်း ဖြစ်ပါတယ်။ အိမ်စောင့်အစိုးရလက်ထက်မှာ ရန်ကုန် မြို့တွင်းမှာရှိသမျှ ကျူးကျော်ရပ်ကွက်ကို ဖျက်သိမ်းပြီး တောင်ဥက္ကလာပ၊ သာကေတ၊ မြောက်ဥက္ကလာပစတဲ့ မြို့သစ်တွေကို ဖန်တီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ပထမဦးဆုံး တောင်ဥက္ကလာပမြို့သစ် ပေါ်လာပါတယ်။

မြို့သစ်တောင်ဥက္ကလာပမှာ အထကနှင့် အလက ကျောင်းတွေကို ၇ ရပ်ကွက်မှာ အထက၊ ၅ ရပ်ကွက်နှင့် ၁၂ ရပ်ကွက်တွေမှာ အလကတွေ ဖွင့်ပေးခဲ့ပါတယ်။ မြို့သစ်ကို ပြောင်းလာရတဲ့ ကျောင်းသားဦးရေနဲ့ ကျောင်းအရေအတွက်နဲ့ မမျှပါဘူး။ ဒါကြောင့် လည်း ရပ်ကွက်တိုင်းလိုလိုမှာ ကိုယ်ပိုင်အလွတ်ပညာသင်ကျောင်းတွေ ပေါ်လာပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဥပစာတန်းအတူတက်နေတဲ့ ကျွန်တော့်မိတ်ဆွေ ကိုဘာဘာ (မြင်းမူ NLD ခေါင်းဆောင်)က ၆ ရပ်ကွက်ထဲမှာ တက္ကသိုလ်ဝင်သစ်ဆိုတဲ့ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့ပါတယ်။ တစ်နေ့မှာ သူ့ကျောင်းမှာ သင်နေတဲ့ ဆရာမ တစ်ယောက်က ခွင့်ယူသွားတော့ ကျွန်တော့်ကို ခေတ္တဝင် ကူညီပေးဖို့ ပြောတာနဲ့ ကျွန်တော်က တက္ကသိုလ်ဝင်သစ်ဆိုတဲ့ ကျောင်းကိုဝင်ပြီး စာသင်ပေးခဲ့ပါတယ်။ အမှန်ကတော့ ခေတ္တဆရာအဖြစ် သင်ပေးခဲ့တာပါ။

ကျွန်တော် သင်ပေးရတဲ့ ဘာသာရပ်က ကျောင်းသားတိုင်း စိတ်မဝင်စားတဲ့ သမိုင်းဘာသာရပ်ပါ။ ကျောင်းတွေမှာဆိုရင် သမိုင်းချိန်ရောက်ရင် ကျောင်းသားတွေ ငိုက်တတ်ကြပါတယ်။ ဆိုလိုတာက စိတ်မဝင်စားကြဘူးပေါ့။ ကျွန်တော်က သမိုင်းမသင်ခင် ကျောင်းသားတွေ စိတ်ဓာတ်တက်ကြွလာအောင်၊ မြူးကြွလာအောင် လုပ်ပြီးမှ သမိုင်းကို သင်ပါတယ်။ အဲဒီတော့ ကျွန်တော်သင်သမျှကို ကျောင်းသားတွေ စိတ်ဝင်တစား နားထောင်ကြပါတယ်။ ခွင့်ယူသွားတဲ့ ဆရာမ ပြန်လာတော့ ကျွန်တော်က အလုပ်ထွက်တော့မယ်လို့ ပြောတော့ ကိုဘာဘာတို့က လက်မခံပါဘူး။ ကျောင်းသားတွေကလည်း ကြိုက်နေပြီ။ ကျုပ်တို့ကလည်း ကြိုက်နေပြီဆိုပြီး သူတို့ကျောင်းမှာ ဆက်သင်ရပါတော့တယ်။ မမျှော်လင့်ဘဲ ကျောင်းဆရာ ဖြစ်လာတာပါ။ တက္ကသိုလ်ဝင်သစ် အပြင် ၆ ရပ်ကွက်ထဲက ပညာ့ပန်းတိုင် တက္ကသိုလ်ကလည်း ကျွန်တော့်ကို စာလာပြဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ပညာ့ပန်းတိုင်တက္ကသိုလ်တည်ထောင်တဲ့ ကိုဝင်းမောင်က ကျွန်တော်တို့ သာယာဝတီခရိုင်က စစ်ကွင်းမြို့သား၊ ကျောင်းတုန်း က သူက DSO ၊ ကျွန်တော်က တပ်ဦး၊ မတည့်ကြပေမယ့် အခုလို အကူအညီတောင်းတော့ ကျွန်တော် ခေါင်းညိတ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်ဟာ မြန်မာနိုင်ငံကို မိုးမှောင်ကျစေမယ့်နှစ်လို့ ဆိုနိုင်ပါတယ်။ ဗိုလ်နေဝင်းက နိုင်ငံတော် အာဏာကို ပထစ အစိုးရလက်ထဲကနေပြီး လက်နက်အားကိုးနဲ့ သိမ်းယူလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် စတည်ထောင်ဆိုရင်လည်း မမှားပါဘူး။ အဲဒီနှစ်မှာ ကျွန်တော်က ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အတွင်းရေးမှူးလုပ်နေတဲ့ အချိန်ပဲဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းသမိုင်းမှာ ဖောက်ဖျက်လို့မရတဲ့ ဇူလိုင် ၇ ရက် အရေးအခင်းဖြစ်ပြီး ကျောင်းသားရာနဲ့ချီပြီး အသက်ပေးသွားသလို ကျောင်းသားသမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း မိုင်းခွဲပြီး အုတ်ပုံဘ၀ရောက်အောင် လုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းသားတိုင်းရဲ့ ရင်ထဲစွဲရစ်နေတဲ့ ဇူလိုင်အရေးအခင်းကို အာဏာပိုင်တွေဖျောက်ဖျက်လို့မရခဲ့ပါဘူး။

အာဏာပိုင်တွေကကျွန်တော့်ကို ကျောင်းထုတ်လိုက်ပါတယ်။ အဲဒီအချက်ကလည်း ကျွန်တော့်ကို ကျောင်းဆရာဖြစ်ဖို့ တွန်းပေးလိုက်တဲ့ တွန်းအားတစ်ခုပါပဲ။ ကျွန်တော့်ကို စစ်အစိုးရ အာဏာပိုင်တွေနဲ့ စစ်အစိုးရဲ့ လိုတာမှန်သမျှ စိတ်တိုင်းကျ ဖြစ်ရအောင် လုပ်ပေးတဲ့ တက္ကသိုလ်အာဏာပိုင်တွေက ကျွန်တော့်ကိုတွန်းထုတ်ခဲ့ပေမယ့် အလွတ်ကိုယ်ပိုင်သင်ကျောင်းတွေက နွေးထွေးစွာ ကြိုဆိုကြပါတယ်။

တောင်ဥက္ကလာပ ၆ - ရပ်ကွက်မှာ ကိုယ်ပိုင်ကျောင်းနှစ်ကျောင်း၊ နောက် ၁၀-ရပ်ကွက်မှာ ဒဂုံတိုင်းနဲ့ အောင်ကျော်ဆိုတဲ့ ကျောင်းတွေက ကျွန်တော့်ကို သမိုင်းဆရာအဖြစ် ခန့်ခဲ့ကြပါတယ်။

အာဏာကို သိမ်းယူခဲ့တဲ့ စစ်အစိုးရက ပြည်သူတွေကို သူတို့ကို မလိုလားမှန်းသိတဲ့အတွက် စစ်ယူနီဖောင်းအပေါ်မှာ ဆိုရှယ်လစ်အရေကို ခြုံလိုက်ပါတယ်၊၊ လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပါတယ်။ ပြည်သူပိုင်လုပ်ငန်းကရတဲ့ အကျိုးအမြတ်မှန်သမျှ သူတို့ အိတ်ထဲပဲ ရောက်သွားပါတယ်။ ဆိုရှယ်လစ်အရည်ခြုံထားတဲ့ စစ်အစိုးရက ၁၉၆၆ခုနှစ်မှာ ကိုယ်ပိုင်ကျောင်းတွေအားလုံးကို ပြည်သူပိုင်သိမ်းလိုက်ပါတယ်။ ကျွန်တော် စာသင်နေတဲ့ ကျောင်းတွေလည်း ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွားပါတယ်။

ကျွန်တော်လည်း မူလတန်းပြဆရာ၊ အလယ်တန်းပြဆရာ၊ အထက်တန်းပြဆရာအဖြစ် ခန့်လိုက်တဲ့ခန့်စာ ၃ ခု နဲ့ ပြည်သူပိုင်ဆရာဖြစ်သွားပါတယ်။ ကျွန်တော်စာသင်နေတဲ့ ပညာ့ပန်းတိုင် တက္ကသိုလ်ကလည်း အထက ၂ တောင်ဥက္ကလာ ဖြစ်သွားပါတယ်။

ကျွန်တော် ဆရာဖြစ်လာတော့ ကျောင်းသားတွေကို စာသင်တဲ့အခါမှာ သင်ရိုးမာတိကာ မရှိပါဘူး။ အဲဒီတော့ ပညာရေးဌာနက သင်ရိုးသစ်လုပ်ဖို့ ဘာသာရပ်ဆိုင်ရာ ဆရာတွေကို အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ အဲဒီ အစည်းအဝေးတွေမှာ ပြည်သူပိုင်ဆရာ ဖြစ်လာတဲ့ ကျွန်တော်လည်း တက်ရပါတယ်။ သူတို့ တင်ပြသမျှ သမိုင်းသစ် သင်ရိုးထဲက အမှားတွေ ထောက်ပြပါတယ်။ အဲဒီမှာတင် ပညာရေးဌာနက လူကြီးဆိုတဲ့သူတွေနဲ့ ကျွန်တော် ထိပ်တိုက်တွေ့ခဲ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာ ပညာရေးဌာနက ညွှန်ကြားရေးမှူးတစ်ဦးက ကျွန်တော့်ကို ပြည်သူပိုင်ဆရာမို့ စကားပြောခွင့် ပိတ်ပင်ခဲ့ပါတယ်။ သင်ရိုးကို တင်ပြတဲ့အခါမှာ ဘာသာရပ်ကို ကျွမ်းကျင်ပြီးသားဖြစ်မှ စစ်မှန်တဲ့ သင်ရိုးကို သွားနိုင်မယ်ဆိုတာ အာဏာပိုင်တွေ မသိကြပါဘူး။ သူတို့သိတာက ပြည်သူပိုင်ဆရာနဲ့ သူတို့ကျောင်းတွေက ဆရာတွေနဲ့ ခွဲခြားပြီး ဆက်ဆံပါတယ်။

ဆရာအချင်းချင်း ယှဉ်လိုက်ရင် ဒီပလိုမာဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘီအီးဒီဘွဲ့ရမှ ဆရာလို့ သူတို့က သတ်မှတ်ပါတယ်။ အဲဒီ ဆရာဖြစ် လက်မှတ်မပါတဲ့ ဆရာဆိုရင် သူတို့က ဆရာမဟုတ်သလို ဆက်ဆံပါတယ်။ ကျွန်တော်ကလည်း ဆရာဖြစ်တော့ ဆရာဖြစ် လက်မှတ်ရအောင် ပညာရေးတက္ကသိုလ်တက်ဖို့ လျှောက်လွှာအမျိုးမျိုး တင်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တရားဝင် ကျောင်းဆရာဖြစ်လို့ တစ်နှစ်မပြည့် ခင်မှာပဲ အခြေခံပညာရေး ဦးစီးဌာနက သင်ရိုးညွှန်း တမ်း သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော် မတီမှာအဖွဲ့ဝင်အဖြစ် ခန့်လိုက်တဲ့စာကို ရန်ကုန်တိုင်းပညာရေးမှူးကိုယ်တိုင် ကျွန်တော့်ကျောင်းကို လာပြီး ပေးပါတယ်။

ပညာရေးဘွဲ့ မရှိတဲ့ ကျောင်းဆရာတွေထဲက ကျောင်းသုံးစာအုပ်ကော်မတီမှာ အဖွဲ့ဝင်ဖြစ်ခဲ့ရတာဟာ ကျွန်တော်တစ်ယောက်တည်းပဲ ရှိပါတယ်၊၊ တကယ်တော့ ပညာရေးဌာနက အောင့်သည်းအောင့်သက်နဲ့ ခန့်လိုက်ရတာပါ။

ကျွန်တော် ကျောင်းသုံးစာအုပ်ကော်မတီ စတင် ဖြစ်ပြီး မကြာခင်မှာပဲ အထက်တန်းအဆင့် ကျောင်း သားတွေအတွက် ကျောင်းသုံးစာအုပ်ရေးဖို့ ဖြစ်လာ ပါတယ်။ ကျွန်တော်တို့ကော်မတီရဲ့ ဥက္ကဋ္ဌက ရန်ကုန် တက္ကသိုလ်သမိုင်းဌာနက ပါမောက္ခဦးတင်အုန်း၊ သူက ကျွန်တော့် ဆရာအရင်း၊ အတွင်းရေးမှူးက ပညာရေး သုတေသနက ကိုဇော်ဝင်း၊ ကျွန်တော်နဲ့ တက္ကသိုလ် မှာ ကျောင်းသားအရေးနဲ့ပတ်သက်လို့ နှစ်ပေါင်းများ စွာ တွဲလုပ်ခဲ့တဲ့ ရဲဘော်။

စာအုပ်ရေးဖို့ ပညာရေး သုတေသနအဖွဲ့ကို သွားရပါတယ်။ ပညာရေးသုတေသန အဖွဲ့ရုံးက ပညာရေး မဟာဌာန လက်ထက်တုန်းက ကထိကဦးကြည် နေတဲ့အိမ်ကို ရုံးလုပ်ထားတာ။ ကျောင်းသုံးစာအုပ်ရေးမယ့် ကျွန်တော်တို့အဖွဲ့အတွက် နေရာက ကျဉ်းတယ်။ စားပွဲတစ်လုံးတည်းမှာ သုံးယောက်ထိုင်ပြီး ရေး ရမယ်ဆိုတာ မလွယ်လှပါဘူး။ ပြီးတော့ ကျောင်းသုံး စာအုပ်အတွက် ဖတ်ရမယ့်၊ ကိုးကားရမယ့် သမိုင်း ဆိုင်ရာ စာအုပ်စာတမ်းကလည်း မရှိသလောက်နည်း ပါတယ်။

ပါမောက္ခဦးတင်အုန်း ကို ပြောပြီး သမိုင်းဌာန လုပ်ထားတဲ့ အမရဆောင်ကိုပြောင်းခဲ့ပါတယ်။ ကျွန် တော် န၀မတန်း မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်းကို စပြီး ရေးပါတယ်။ အဲဒီတုန်းကတော့ အမရ ဆောင်မှာ နေရတဲ့ အခန်းမှာ ကျွန်တော်တစ်ယောက်တည်းပါပဲ။ အခု စရေးမယ့် ကျောင်းသုံးစာအုပ်တွေမှာ မြန်မာ့သမိုင်း ဆိုရင် မင်းစဉ်မင်းဆက်အတိုင်း ရေးရတာမျိုး မဟုတ် ပါဘူး။ ခေတ်အလိုက် ခွဲခြားပြီး နိုင်ငံရေးသမိုင်း၊ စီးပွားရေးသမိုင်း၊ လူမှုရေးသမိုင်းဆိုပြီး ရေးရတာပါ။ ကျွန်တော် တာဝန်ယူရေးရမယ့် စာအုပ်က လေးအုပ် ဆိုတော့ ရေးရမှာများပါတယ်။ ဒါကြောင့် ကော်မတီ အတွင်းရေးမှူး ကိုဇော်ဝင်းက ယဉ်ကျေးမှု သမိုင်းရေးဖို့ မန္တလေးက ဆရာဦးဝင်းဖေ ကို ခေါ်လိုက်ပါတယ်။ ဦးဝင်းဖေ ဆိုတာက နာမည်ကျော် ကဗျာဆရာ မောင် စွမ်းရည်ပါ။ နောက်ရောက်လာတဲ့သူက ပညာရေး တက္ကသိုလ် သမိုင်းသင်ပြနည်းဌာနက ဒေါက်တာ ဒေါ်တင်ဝင်းပါ။ သူက ဆိုဗီယက်ရုရှားမှာ ကျောင်းသုံးစာအုပ် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပါရဂူဘွဲ့ယူလာသူပါ။ သူ ရောက်လာတော့ ကျွန်တော့် ရေးလက်စ နဝမတန်း သမိုင်းစာအုပ်ကို သူ့ကို ပေးလိုက်ပါတယ်။

ကျွန်တော်ရေးတဲ့ ပုဂံသမိုင်းထဲမှာ ပုဂံ အုတ် ခွက်ဘုရား အကြောင်းတွေပါပါတယ်။ ခက်နေတာက ဒေါက်တာဒေါ်တင်ဝင်း အုတ်ခွက်ဘုရား မမြင်ဖူးဘူး ဆိုတဲ့ ပြဿနာပဲ။ ဒီတော့ ကျွန်တော် ရေးလက်စသမိုင်းကို ခဏချပြီး သူ့ကို အုတ်ခွက်ဘုရားပြဖို့ ဗိုလ်တထောင်ဘုရားကို သွားခဲ့ရပါတယ်။

သမိုင်းစာအုပ်တွေကို ပညာရေးဝန်ကြီး ဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာညီညီက ခြောက်လအတွင်း အပြီးရေးလို့ ဆိုတဲ့စကားကြောင့် ကျွန်တော်တို့အဖွဲ့ အချိန်မီပြီးစီးရေးကို အားသွန်ခွန်စိုက် လုပ်ကြရပါတယ်။

ရေးပြီးသမျှ စာမူတွေကို လက်နှိပ်စက်နဲ့ အမြန် ရိုက်၊ စာကူးစက်နဲ့ လှည့်ပြီး ကျောင်းသုံးစာအုပ် ကော် မတီဝင်တွေဆီကို အမြန်ပို့ရပါတယ်။ ပြီးတော့ စာမူ တွေကို အဖွဲ့ဝင်အစည်းအဝေးမှာ တင်ပြရပါတယ်။ ဒီ အလုပ်တွေက အေးအေးဆေးဆေး လုပ်လို့မရပါဘူး။ ဖုတ်ပူမီးတိုက် လုပ်ရတာပါ။

ကျောင်းသုံးစာအုပ်ကော်မတီမှာ ပညာရှင် တွေသာမကပါဘူး၊ လမ်းစဉ်ပါတီက လူတွေပါ ပါပါတယ်။ သမိုင်းတတ်သည်၊ မတတ်သည်ကို ကျွန်တော်မသိပါဘူး။ အဲဒီလူတွေကို ဦးဆောင်လာတဲ့သူကတော့ ဗိုလ်မှူးကြီးလှမိုးပါ။ ဗိုလ်မှူးကြီးလှမိုးကိုတော့ အောင် ဆန်းကွင်းမှာတွေ့နေကြမို့ မျက်နှာမစိမ်းလှပါဘူး။ သမိုင်းနဲ့ပတ်သက်လို့ ပါတီဌာနချုပ်က ထုတ်တဲ့ အခြေပြ နိုင်ငံရေးသမိုင်းမှာ ပါဝင်ရေးသားတဲ့ ကိုတင်မြသိန်းကိုတော့ ကျွန်တော်သိပါတယ်။ ကျန်တဲ့ပါတီက လူတွေကို ကျွန်တော်မသိပါဘူး။
ကျွန်တော့်အနေနဲ့ ကျောင်းသုံးစာအုပ်ရေးတဲ့အခါမှာ သက္ကရာဇ်စဉ်မမှားဖို့ သတိထားရပါတယ်။ သက္ကရာဇ်နဲ့ ဖြစ်စဉ်လွဲမှားလို့ မဖြစ်ပါဘူး။ ကျောင်းသားကိုလည်း ကိုယ်ပေးချင်တဲ့ အချက်အလက်တွေ ပါရပါမယ်။ ကျောင်းသား အသက်အရွယ်ကြည့်ပြီး သူ လက်ခံနိုင်တဲ့ သမိုင်းဖြစ်စဉ်တွေကို ပေးရပါတယ်။ ကိုယ်သိသမျှ ပြောလို့မရပါဘူး။

ကျောင်းသုံးစာအုပ် ကော်မတီမှာက ကျောင်းနဲ့ ပတ်သက်တဲ့ လူတွေအပြင် ကျောင်းနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတော့ သူတို့ ကန့်ကွက်လိုက်တဲ့ အချက်ဟာ ဘယ်လောက်ထိမှားသလဲ၊ မှန်သလဲဆိုတာ မသိကြပါဘူး။ ဥပမာ ဒုတိယ ကျောင်းသားသပိတ် ဆိုကြပါစို့။ တက္ကသိုလ်မှာရှိနေတဲ့ တက္ကသိုလ် အာဏာပိုင်တချို့နဲ့ ကျောင်းဆရာတချို့ရဲ့ ဖောက်ပြန်မှုကို သိစေချင်တဲ့အတွက် စာရေးသူ ညိုမြက 'ငရဲခွေးကြီး လွတ်နေပြီ' ဆိုတဲ့ ဆောင်းပါးကို တကသရဲ့ကြွေးကြော်သံဖြစ်တဲ့ အိုးဝေမဂ္ဂဇင်းမှာဖော်ပြပါတယ်။ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာက ကိုအောင်ဆန်း၊ တကသရဲ့ ဥက္ကဋ္ဌက ကိုနု၊ ကျောင်းအုပ်ကြီးက ဆောင်းပါးရေးတဲ့ ကလောင်ရှင်ကို ဖော်ထုတ်ပေးပါလို့ပြောတော့ ကိုအောင်ဆန်းနဲ့ ကိုနုတို့ကို ကျောင်းထုတ်လိုက်တယ်။ အဲဒါက ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်ရခြင်း ရဲ့ အခြေခံ အကြောင်းအရင်းပါပဲ။ ကော်မတီကို တင်ပြတဲ့အခါမှာ ပါတီဌာနချုပ်က ကိုယ်စားလှယ်တွေက ကိုနုနဲ့ ကိုအောင်ဆန်း အမည်ကို ထည့်မရေးဖို့ တောင်းဆိုကြတယ်။ ကျွန်တော်တို့က ကိုနု ကိုအောင်ဆန်း မပါဘဲ သပိတ်မပေါ်ပေါက်နိုင်ဘူး။ ဒါကြောင့် ထည့်ရမယ်။ အဲဒီတော့ သူတို့က လူကြီးမကြိုက်ဘူးဆိုပြီး ပယ်လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ လူကြီးကြိုက် ရေးရမှာလား၊ ကျောင်းသားကိုအဖြစ်မှန်သမိုင်းပေး သိရမလားဆိုတာ ပြဿနာဖြစ်လာပါ တယ်။

ကျွန်တော်က လူကြီးအကြိုက် မရေးတတ်ဘူး။ လူ့ဘောင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုသာ ရေးတတ်တယ်။ အမှန်ကို အမှန်အတိုင်း ရေးချင်တယ်။ အမှန်အတိုင်း ကျောင်းသားသိစေရမယ်။ ဒါက ကျွန်တော့် ဆန္ဒအမှန်။ ဖြစ်နေတာက လူကြီးအကြိုက် ရေးရမယ်ဆိုတော့ သမိုင်းကို ကျွန်တော် မလိမ်ရဲဘူး၊ သမိုင်းမှန်ကို မဖုံးကွယ်ချင်ဘူး။ ဒီတော့ ဆုံးဖြတ်ရမှာက ဒီကော်မတီမှာ ဆက်နေသင့်၊ မနေသင့်ဘဲ။ နောက်ဆုံး ဥက္ကဋ္ဌလုပ်တဲ့ ပါမောက္ခ ဦးတင်အုန်းကို အကျိုးအကြောင်းပြောပြီး ကော်မတီက နုတ်ထွက်ခဲ့ပါတယ်။ အမှန်ကတော့ လူကြီးကြိုက် လန်ကြုတ်သမိုင်းကို မရေးနိုင်ဘူးလေ။

တင်သိန်း(ကြို့ပင်ကောက်)

No comments:

Post a Comment