ဒုက္ခသည်စခန်းထဲ လိုက်လာတဲ့ အသံတိတ်ရာဇ၀တ်မှု
‘‘အိမ်ထောင်ဖက်ရဲ့ အနိုင်ကျင့်မှုခံနေရတဲ့ စစ်ရှောင်စခန်းရောက် အမျိုးသမီးအများအပြားအတွက် ပညာပေးသင်တန်းတွေပြုလုပ်နေပါတယ်’’
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ပြင် ဒုက္ခသည် စခန်းတစ်ခုမှာ ခိုလှုံနေသူ (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်ကြီးနှစ်ခုရှိခဲ့ပါတယ်။ တစ်ခုကတော့ သူတို့ရွာနားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေပါ။ နောက်တစ်ခုကတော့ အရက်သမား၊ ဆေးသမားခင်ပွန်းသည်အနိုင်ကျင့်တဲ့ဒဏ်ကို ၁၆ နှစ်ကြာခံရခြင်းပါပဲ။
အမည်မဖော်လိုတဲ့ ဒီအမျိုးသမီးက သတ္တမမြောက်ကလေးကို ကိုယ်ဝန်လွယ်ပြီးချိန်မှာတော့ ကြိမ်ဖန်များစွာ အော်ဟစ်ဆဲဆို၊ ရိုက်နှက်ခံရတဲ့ဘဝကနေ လွတ်မြောက်ဖို့အတွက် ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲလိုက်ပါတယ်။
‘‘သူက ကျွန်မ အသားနာအောင်အကြိမ်ကြိမ် နှိပ်စက်ခဲ့ သလိုစိတ်ဓာတ် ဒဏ်ရာရအောင်လည်းနှိပ်စက်ခဲ့တဲ့ သူတစ်ယောက်ပါ။ ကျွန်မ သူ့ကို လုံးဝခွင့်မလွှတ်နိုင်ဘူး’’လို့ သူက ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်စတွေကိုသုတ်ရင်း ပြောလိုက်ပါတယ်။
ကွတ်ခိုင်မြို့ပြင်က KBC စခန်းထဲ သူ့ကိုတွေ့ရချိန်မှာ ဒီအမျိုးသမီးက သုံးလ အရွယ် ကလေးအပါအဝင် ကလေး ခုနစ်ယောက်ကို ပြုစုပျိုးထောင်၊ ပြန်ရောင်းနိုင်တဲ့ ဝက်တစ်ကောင်ကို လွှတ်ကျောင်းမွေးမြူရင်းနဲ့ မိသားစုကို ဦးဆောင်နေတာတွေ့ရပါတယ်။
စစ်ဒဏ်သင့်ရွာပေါင်း ကိုးရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူ ၃ဝဝ နီးပါး စုဝေးခိုလှုံတဲ့ အဲဒီရွာအပြင် မကြာသေးခင်က ကွတ်ခိုင်မြို့ပြင် စစ်ရှောင် ဒုက္ခသည်စခန်းတချို့ကို ရောက်ရှိစဉ် တွေ့ခဲ့ရတဲ့အမျိုးသမီး အများအပြားဟာ သူ့လိုပဲ အိမ်ထောင်ဖက်တွေရဲ့ အနိုင်ကျင့်တာကို ခံနေရသူတွေပါ။ စခန်းတွေထဲ မိသားစုတွင်း အကြမ်းဖက်မှု အထူးသဖြင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု လျော့နည်းလာစေဖို့တွက် လတ်တလော အထောက်အကူပေးနေတာကတော့ အသိပညာပေး သင်တန်းများပါပဲ။
ပညာပေးခြင်း
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) ကတော့ အမျိုးသမီးများကို အကြမ်းဖက်မှု အထူးသဖြင့် အိမ်တွင်း အကြမ်းဖက်မှုတွေက မြန်မာနိုင်ငံမှာ တော်တော်လေးဖြစ်ပေါ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ရှိလာတဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
ဒီအဖွဲ့ရဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ အရာရှိ Alexandra Robinsonက ကျား၊မအခြေပြု အကြမ်းဖက်ခံရခြင်းတွေမှာ ကာကွယ်မှုလုပ်ငန်းတွေက အရေးကြီးတယ်လို့ ပြောပါတယ်။
‘‘ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုတာ အမျိုးသမီးတွေကို နှိပ်စက်မှု အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု အကြီးစားဖြစ်လို့ အသံတိတ်ရာဇ၀တ်မှုလို့ ပြောနိုင်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာတောင် ဒီပြဿနာတွေ ဖြစ်နေပါတယ်’’ လို့ သူက ဆိုပါတယ်။
သင်တန်းတွေ ပြုလုပ်ခြင်း၊ ပိုစတာနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်းအစရှိတဲ့ သတိပေးလုပ်ငန်းစဉ်ဟာ ပြည်သူတွေအတွက် နည်းမျိုးစုံနဲ့ အများကြီး အထောက်အကူပြုတယ်လို့ သူက ရှင်းပြပါတယ်။
ဒီလို အသိပေးခြင်းအားဖြင့် အကြမ်းဖက်မှုကြုံတွေ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် ကာကွယ်စောင့်ရှောက်မှု အစီအစဉ်တွေ ဘယ်လိုရနိုင်မလဲ၊ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီတွေ ဘယ်လိုရနိုင်မယ်ဆိုတာ သိလာနိုင်မှာပါလို့ သူက ဆက်ပြောပါတယ်။ KBC စခန်းမှာ နေထိုင်သူဒေါ်ဇေနန်းကတော့ သင်တန်း မတက်ခင်မှာ အမျိုးသားက အမျိုးသမီးကိုရိုက်နှက် နှိပ်စက်တာ မြင်ဖူးတယ်၊ ဒါဟာအမျိုးသားတွေရဲ့ လုပ်ပိုင်ခွင့်လို့ ယူဆမိခဲ့ကြောင်းပြောပြပါတယ်။ ‘‘ကျွန်မကိုယ်တိုင်ကလည်း အမျိုးသားနဲ့အမျိုးသမီးက တန်းမတူဘူး၊ အမျိုးသားကို ဦးစားပေးရမယ်ဆိုပြီး ထင်ထားတာ။ အခုနောက်ပိုင်း သင်တန်းတွေ တက်ပြီးတော့မှ အကြမ်းဖက်မှု ဘာလဲဆိုတာကို ကိုယ်ကိုယ်တိုင်သိခဲ့ရတာပါ’’လို့ သူကဆိုပါတယ်။
RC Camp လို့ ခေါ်ကြတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူ ဒေါ်ဇောင်ယမ်းက ခန္ဓာကိုယ်ပိုင်း နာကျင်အောင် ပြုလုပ်တာဟာ အကြမ်းဖက်မှုဖြစ်တယ်။ စိတ်ကိုနာကျင် အောင်လုပ်ရင်လည်း အကြမ်းဖက်မှုမြောက်တယ်ဆိုတဲ့ အသိပညာတွေပို့ချတဲ့ သင်တန်း တက်ရောက်ရတာကြောင့် ကျေနပ်မိတယ်လို့ ဆိုပါတယ်။
‘‘ သူစိမ်းယောက်ျား တစ်ယောက် အဓမ္မကျင့်တာ မပြောနဲ့၊ ကိုယ်နဲ့လက်ထပ်ထားတဲ့ အမျိုးသားကိုယ်တိုင် ဖြစ်စေကာမူ ဇနီးသည်အလိုမတူဘဲ လိင်ဆက်ဆံတယ်ဆိုတာ အကြမ်းဖက်မှုမြောက်တယ်၊ မုဒိမ်းမှုမြောက်တယ် ဆိုတာကို သိခွင့်ရခဲ့ပါတယ်’’လို့ လူဦးရေ ၁၀၀ ကျော်ရှိတဲ့ RC စခန်းမှာ ခိုလှုံနေသူ ဒေါ်ဇောင်ယမ်းက ပြောပြပါတယ်။
စစ်ရှောင် ၉၅၂ ဦး ခိုလှုံနေတဲ့ ZUP AUNG စခန်းမှာ ရောက်နေသူ ဒေါ်ကော့လွမ်ကတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ စခန်းတာဝန်ခံတွေဆီမှာ တိုင်ကြားတာ၊ ဆွေးနွေးတာ မရှိသေးဘူး။ ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုများ စခန်းတွေထဲ ရောက်လာပေမယ့် ဒုက္ခသည်တွေထဲမှာ အမျိုးသမီး၊အမျိုးသား တန်းတူအခွင့်အရေးရှိရမယ်ဆိုတဲ့ အချက်ကို လက်မခံသူတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
‘‘ကျား ၊ မ ရေးရာ အခြေပြုအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အသိပေးလုပ်ရတဲ့အပေါ်မှာ အခုချိန်မှာတော့သိပ်ပြီး အားရမှုမရှိသေးပါဘူး’’လို့ ဒေါ်ကော့လွမ်က ပြောပါတယ်။
စခန်းမှာ ခိုလှုံကြတဲ့ မိသားစုတွေအတွင်း အမျိုးသားအများအပြားဟာ ဝင်ငွေရှာဖွေဖို့ အခက်အခဲရှိခြင်း၊ စိတ်ဖိစီးခြင်းတို့ကြောင့် ကိုယ့်အိမ်ထောင်ဖက်ကို ရိုက်နှက်ကြပါတယ်။ တချို့ကလည်း သောက်စားမူးယစ်ပြီး နှိပ်စက်တာလည်း ရှိပါတယ်။
ခင်ပွန်းသည်က ဇနီးဖြစ်သူကို ရိုက်နှက်နှိပ်စက်ခြင်းဟာ နာကျင်စေမှု၊ အပြင်းအထန်နာကျင်စေမှု စတဲ့ ပုဒ်မများနဲ့ ငြိစွန်းပေမယ့် မြို့ပြဒေသတွေမှာလည်း ဒီလိုတိုင်ကြားတရားစွဲဆိုတဲ့ အမျိုးသမီး ရှားပါးတယ်လို့ အထက်တန်းရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။
ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတရှိတဲ့ အမျိုးသမီးတွေကလည်း တိုင်ကြားတဲ့အတွက် ခင်ပွန်းသည် အထိန်းသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး ပြဿနာတွေကို ကြိုတင်စိုးရိမ်တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တွန့်ဆုတ်နေကြတာ ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အမျိုးသားများရဲ့ ပါဝင်မှု
အမျိုးသမီးများအပေါ်နည်းမျိုးစုံ နှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးခဲ့တာ အနှစ် ၂ဝ ပြည့်ပါတော့မယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အသိပညာပေး လှုပ်ရှားမှုတွေကတော့ ဒီမိုကရေစီ ဖော်ဆောင်တဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာမှ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာတာပါ။
သုံးနှစ်ကြာ ရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်နေပါတယ်။ ပြင်ဆင်ပြီးရင် ဥပဒေကြမ်းက လွှတ်တော်ကို ရောက်သွားမှာပါ။
UNFPA နဲ့ ပူးပေါင်းပြီး ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ သင်တန်းပေးနေတဲ့ အဖွဲ့တစ်ခုကတော့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်သင်တန်းနှစ်ခု ကို ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်တွေက ရဲဝန်ထမ်းများ တက်ရောက်ခဲ့တယ်လို့ အသင်းရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ အငြိမ်းစားရဲမှူးကြီး ဦးသိန်းကြည်က ပြောပါတယ်။
‘‘ကျား ၊ မ ရေးရာ အကြမ်းဖက်မှုဆိုတဲ့အဓိပ္ပာယ်က ပြည်သူလူထုအပြင် ရဲ၊ တရားသူကြီး၊ ရှေ့နေတွေလည်း ကျယ်ကျယ်ပြန့်ပြန် သိရှိဖို့လိုပါတယ်’’လို့ ဦးသိန်းကြည်က ပြောပါတယ်။
အကြမ်းဖက်မှုဖြစ်ပေါ်ရခြင်းက မူးယစ်ဆေးဝါးပြဿနာနဲ့ ဆက်စပ်နေတယ်။ မူးယစ်ဆေး သုံးစွဲမှုကို ဆန့်ကျင်ဖို့ လူထုကြားမှာ အသိပညာ များများပေးရမယ်၊ မူးယစ်ဆေးသုံးစွဲမှုကနေ မိသားစု၊ မိတ်ဆွေများအကြား ပြစ်မှုကျူးလွန်တာတွေ အများအပြား ဖြစ်ပေါ်နေတယ် လို့ ဦးသိန်းကြည်က ရှင်းပြပါတယ်။
ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကလည်း ကျား ၊ မ ရေးရာအခြေပြုအကြမ်းဖက်မှုဆိုင်ရာ သင်တန်းတွေမှာ အမျိုးသားရော အမျိုးသမီးပါ ပါဝင်သင့်တယ်လို့ ပြောပါတယ်။
‘‘သင်တန်းတွေက အသိပညာပေးတာပါ။ အသိပညာ ဘယ်လောက်တိုးတိုး တကယ်လိုက်မလုပ်ဘူးဆိုရင်တော့ အလကားပါပဲ’’လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
KBC စခန်းကော်မတီ တာဝန်ခံ ဒေါ်ဒီဒီထန်းနန်က စခန်းထဲမှာ ခင်ပွန်းသည်က သူ့ဇနီးသည်ကို ရိုက်နှက်တာကို တွေ့မြင်ကြသူ အများစုက ဒါဟာ အိမ်တွင်းရေး ပြဿနာသက်သက်လို့ ယူဆကြတယ်။ ဝင်ရောက်ဖြေရှင်းပေးလိုမှု မရှိကြဘူးလို့ ပြောပါတယ်။
ရန်ကုန်အခြေစိုက် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဒေါ်သက်သက်အောင်ကတော့ ဒါဟာ မိမိအိမ်ထောင်ရေး၊ မိသားစုအရေးနဲ့ပတ်သက်ပြီး တခြားသူတွေကို အသိမပေးသင့်ဘူး ဆိုတဲ့ အရိုးစွဲနေကြတဲ့ အမူအကျင့် ဖြစ်တယ်လို့သုံးသပ်ပါတယ်။
‘‘ဒီနိုင်ငံက အမျိုးသားအများစုက ဇနီးသည်တွေကို သူတို့ပိုင်တဲ့ပစ္စည်းလို သဘောထားကြတယ်။ ဒါဟာလွဲမှားနေတဲ့ အတွေးအခေါ်ပါပဲ’’ လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။
အကြမ်းဖက်မှုပြဿနာများ လျော့နည်းလာစေဖို့ အသိပညာပေးရေးလုပ်ငန်းများ ပိုမိုထိရောက်ဖို့ အစိုးရရဲ့ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှု ရသင့်တယ်။အစိုးရကလည်း အမျိုးသမီးများကိုကာကွယ် စောင့်ရှောက်မှုပေးတဲ့အခန်းကဏ္ဍမှာ မူဝါဒများ ချမှတ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
ကျား၊မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ရဲ့ လူမှုဆက်ဆံရေးညှိနှိုင်းရေးမှူး ဒေါ်အေးသဒ္ဓါလှကတော့ စစ်ရှောင်စခန်းတွေမှာ အနေအထိုင်ဆင်းရဲတဲ့အတွက် အမျိုးသမီးအများစုက ကလေးယူဖို့ငြင်းတယ်။ တချို့ အမျိုးသားတွေက ဒီလိုငြင်းဆန်မှုကို သဘောမကျတဲ့အတွက် ဇနီးသည်ကို ရိုက်နှက်ကြတယ်လို့ ဆိုပါတယ်။
နေရထိုင်ရမလွတ်လပ်တဲ့ စခန်းတွေမှာ အပျိုဖော်ဝင်ခါစတွေကို အိမ်ထောင်ချပေးတာကလည်းမှန်ကန်တဲ့ ဖြေရှင်းချက် မဟုတ်တဲ့အပြင် ဒါဟာ မိသားစုအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်နေတယ်လို့ ထောက်ပြပါတယ်။
‘‘အနည်းစုသော အမျိုးသားတွေက အကြမ်းဖက်ပြီး အများစုသော အမျိုးသားတွေက လက်ပိုက်ကြည့်နေတာ’’လို့ ဒေါ်အေးသဒ္ဓါလှက ပြောလိုက်ပါတယ်။ ။
Sources : 7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment