သတ်မှတ်ထားသောနေရာများတွင် ရောင်းချခြင်းမရှိသည့်လမ်းဘေးဈေးသည်များ၏ ကုန်ပစ္စည်းများကို ရန်ကုန်မြို့တော်စည်ပင် သိမ်းဆည်း
သတ်မှတ်ထားသော နေရာများတွင် ရောင်းချခြင်းမရှိသည့် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးဈေးသည်များ၏ ပစ္စည်းများကို ရန်ကုန်မြို့တော်စည်ပင်မှ ဒီဇင်ဘာ ၁၄ ရက် မွန်လွဲပိုင်းတွင် လိုက်လံ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ကျောက်တံတားမြို့နယ်အတွင်းရှိ မဟာဗန္ဓု လလမ်းနှင့် အနော်ရထာလမ်းမရှိ လမ်းဘေးတွင် ဈေးရောင်းချနေသည့် ဈေးသည်များ၏ ပစ္စည်းများ၊ ပလက်ဖောင်းပေါ်တွင် ရှိနေသည့် ဆိုင်းဘုတ်များအား သိမ်းဆည်းခဲ့သည့်အပြင် လမ်းဘေးရှိ ဆိုက်ကားများကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
“စီမံချက်ရယ်တော့ မဟုတ်ဘူး။ အရင်ကလည်း ဖမ်းတာပဲ။ အခုအစိုးရ လက်ထက်မှာတော့ မြို့တော်ကြီး သာယာလှပရေးအတွက် လမ်းဘေးဈေးသည်တွေကို ညဈေးတန်းမှာ နေရာချပေးထားတယ်။ ပြီးတော့ ဒီနေရာတွေမှာ ဈေးမရောင်းဘူးလို့လည်း ကြေညာပြီးသားပါ။ ကျွန်တော်တို့အနေနဲ့ ညဈေးတန်းတွေမှာ ရေရော၊ မီးရော ပေးထားပါတယ်။ အဲဒါကိုမှ အဲဒီနေရာတွေမှာက ဈေးရောင်းမကောင်းဘူး ဆိုပြီးတော့ ပြောတဲ့သူလည်းရှိတယ်။ တချို့တွေက မိသားစုသုံးယောက်ကို ဆိုင်သုံးဆိုင်ခွဲပြီးတော့ ရောင်းချင်တဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ က တာဝန်အရရယ်၊ မြို့တော်ကြီး စည်ပင်သာယာလှပဖို့ရယ်အတွက် အခုလိုလုပ်ရတာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အနောက်ပိုင်းခရိုင်စီမံရေးရာဌာန၊ လက်ထောက်ဌာနမှူး (ခရိုင်အုပ်ချုပ်ရေးမှူး) က ပြောကြားသည်။
ထိုသို့ သိမ်းဆည်းထားသည့် ပစ္စည်းများအား ထိန်ပင်သုသာန်တွင် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ သိမ်းဆည်းခဲ့သည့်အတွက် အနှေးယာဉ်လုပ်သားများနှင့် စည်ပင်ဝန်ထမ်းအချို့ စကားများခဲ့ကြပြီး အနှေးယာဉ်လုပ်သားအချို့မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
“စည်ပင်နဲ့ ရဲတွေ အများကြီးပဲ။ လမ်းဘေးဈေးသည်တွေကို လာဖမ်းကြတယ်။ အဲဒီမှာ လမ်းထိပ်မှာရှိတဲ့ ဆိုက်ကား တစ်စီးကို စည်ပင်က ကားပေါ်တင်တော့ ဆိုက်ကားသမားက သူ့ဆိုက်ကားကို ပြန်လုတယ်။ အဲဒီမှာပဲ စည်ပင်ဝန်ထမ်းတွေနဲ့ ရဲတွေက ဆိုက်ကားသမားကို ဖမ်းမယ်လုပ်တော့ ဆိုက်ကားသမားက ထွက်ပြေးတယ်။ ပြီးတော့ ဆိုက်ကားသမားကို မိပြီးတော့ သူတို့တွေ ဖမ်းခေါ်သွားတာကို တွေ့လိုက်ရတယ်”ဟု အဆိုပါအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယင်းသို့ လာရောက် သိမ်းဆည်းခဲ့သည့် စည်ပင်ဝန်ထမ်းနှင့် ရဲများမှာ အယောက်၄၀ ကျော်ခန့်ရှိပြီး ပစ္စည်းများ တင်ဆောင်မည့် မော်တော်ယာဉ် လေးငါးစီးခန့် ပါရှိကြောင်း အဆိုပါ ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။
ရောင်းချသည့် ပစ္စည်းများ သိမ်းဆည်းခံရသည့် အနော်ရထာလမ်းမပေါ်မှ ဈေးသည်တစ်ဦးက “ကျွန်တော်က သစ်သီးရောင်းတဲ့ အထမ်းသည်ပါ။ ဖမ်းတာကတော့ အခုရက်ပိုင်း နေ့တိုင်းဖမ်းတယ်။ မနေ့ညကနဲ့ ဒီနေ့မနက်မှာတော့ လော်စပီကာနဲ့ အော်မယ်ပြီးတော့ သိမ်းမယ့်အကြောင်း ကြေညာနေတာ ကြားရတယ်။ ကျွန်တော်တို့အနေနဲ့ ရောင်းချရတာ ညဈေးတန်းတွေမှာ အဆင်မပြေဘူး။ ဒီနေရာမှာလည်း အခုလို လိုက်ဖမ်းဆီးနေတယ်ဆိုတော့ စားဝတ်နေရေးက တော်တော်ခက်ခဲနေပါပြီ။ ပြီးတော့ မိသွားရင် ပစ္စည်းတွေကို သူတို့က ပြန်မပေးတော့ဘူး။ တစ်ခါတည်း သိမ်းသွားတာပါ။ အဲဒါက အရမ်းကို အခက်တွေ့ရပါတယ်”ဟု ပြောကြားသည်။ နေ၀န်းထက်
Writer:
နေ၀န်းထက်
Copyright © 2015 Eleven Media Group Co., Ltd
Wednesday, December 14, 2016
သတ်မှတ်ထားသောနေရာများတွင် ရောင်းချခြင်းမရှိသည့်လမ်းဘေးဈေးသည်များ၏ ကုန်ပစ္စည်းများကို ရန်ကုန်မြို့တော်စည်ပင် သိမ်းဆည်း
သတ်မှတ်ထားသောနေရာများတွင် ရောင်းချခြင်းမရှိသည့်လမ်းဘေးဈေးသည်များ၏ ကုန်ပစ္စည်းများကို ရန်ကုန်မြို့တော်စည်ပင် သိမ်းဆည်း
Reviewed by Ar Ti
on
11:18 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment