Latest News

Thursday, December 22, 2016

လူသတ်သမားကနိုင်ငံ့ခေါင်းဆောင်ဖြစ်သောအခါ

လူသတ်သမားကနိုင်ငံ့ခေါင်းဆောင်ဖြစ်သောအခါ


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မိမိသည်သမ္မတမဖြစ်ခင်မြို့တော်ဝန်ဘ၀က ဒုစရိုက်နှိမ်နှင်းရေးလုပ်ရင်းလူသုံးယောက်ကို သတ်ဖူးသည်ဆိုသောစကားကိုဂုဏ်ယူစွာပြောကြားလိုက်သောအခါ တကမ္ဘာလုံးပွက်လောရိုက်သွားလေသည် ။ ထိုစကားမျိုးကို တေလေကြမ်းပိုးတစ်ယောက်ကပြောသော်ကိစ္စမရှိ ၊ နိုင်ငံ့ခေါင်းဆောင် သမ္မတတစ်ဦး၏နှုတ်မှဤသို့သော တရားလက်လွတ်စကားများထွက်လာသောအခါ အားလုံးကအံ့သြမဆုံးရှိကြသည် ။ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၏ခေါင်းဆောင်ဖြစ်သူက ဒူတာတေးကိုလူသတ်မှုဖြင့် စွဲချက်တင်ကာစုံစမ်းစစ်ဆေးဖို့  ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကိုတောင်းဆိုသည် ။ ဥပဒေအထက်တွင်မည်သူမျှမရှိကြောင်းသက်သေပြရန် သမ္မတဒူတာတေး၏လူသတ်မှုကိုစံစမ်းစစ်ဆေးပေးပါဟု ဖိလစ်ပိုင်အာဏာပိုင်များနှင့်ပြည်သူလူထုကိုတောင်းဆိုခဲ့သည် ။ ဟုတ်လည်းဟုတ်သည် သာမန်ပြည်သူတစ်ယောက်ကလူတစ်ယောက်ကိုသတ်မိသောအခါ လူသတ်မှုဟုသတ်မှတ်ပြီး ရုံးတင်စစ်ဆေးအပြစ်ပေးသည် ။ သမ္မတတစ်ယောက်ကလူသုံးယောက်ကိုသတ်ခဲ့ကြောင်း ခပ်ပေါ့ပေါ့ပြောခဲ့ပြီးဘာမှမဖြစ်သလိုနေနိုင်သည်ဆိုလျှင်ထိုနိုင်သည် ဥပဒေကအုပ်ချုပ်သောနိုင်ငံမဟုတ်တော့ပြီ ။ လူကအုပ်ချုပ်သောနိုင်ငံဖြစ်သွားပေပြီ ။ ဥပဒေကအုပ်ချုပ်သောနိုင်ငံများတွင် ဥပဒေသည် အားလုံး၏အထက်တွင်ရှိသည် ။ မည်သူတစ်စုံတစ်ယောက်မျှ ဥပဒေ၏အထက်တွင်နေ၍မရ ၊ သို့ သော် အာဏာ၇ှင်တစ်စုံတစ်ဦးကအုပ်ချုပ်သောနိုင်ငံများတွင် ထိုအာဏာရှင်သည် ဥပဒေဖြစ်သည် ။ သူပြောသမျှ သူလုပ်သမျှ သူကြံစည်အားထုတ်သမျှသည် တရားဝင်သည် ။ သူမနှစ်သက်သည့်အရာမှန်သမျှ ၊ သူ့ ကိုဆန့်ကျင်သည့်သူမှန်သမျှသည် ဥပဒေကိုချိုးဖောက်သောကိစ္စများဖြစ်ပေ၏ ။ ဥပဒေကိုရှေ့ တန်းတင်သောနိုင်ငံများတွင် သမ္မတလည်းဥပဒေအထက်တွင်နေ၍မရ ၊၀န်ကြီးချုပ်လည်းဥပဒေအထက်တွင်နေ၍မရ ။ သူတောင်းစားနှင့်သမ္မတသည် နိုင်ငံသားတစ်ဦးချင်းရရှိသည့် ဥပဒေအရာတွင်အတူတူပင်ဖြစ်သည် ။ ဒါသည် ဥပဒေစိုးမိုးသောနိုင်ငံ၏အဓိကအားသာချက်ဖြစ်သည် ။

   အာဏာရှင် မြောက်ကိုရီးယားနိုင်ငံတွင် နိုင်ငံ၏အကြီးအကဲ ဖြစ်သူ သမ္မတကင်ဂျုံအန်က သူ၏ဦးလေးဖြစ်သူ ကာကွယ်ရေးဝန်ကြီးကို ခွေးစာကျွေးပြီးသတ်ပစ်လိုက်သည်ဟုသတင်းများထွက်ပေါ်လာသည် ။ သို့ သော် မည်သည့်စုံစမ်းစစ်ဆေးမှုမှပြုလုပ်ခြင်းမရှိ ။ ပြုလုပ်ခွင့်မရှိပေ ။ မြောက်ကိုရီးယားတွင်၍သို့ရက်စက်သော သုတ်သင် ကွပ်မျက်မှုမျိုးသည် အဆန်းမဟုတ် ။သတင်းများမကြာခနထွက်ပေါ်လေ့ရှိသည် ။သို့ သော် မည်သူမျှထိုပြစ်မှုများအတွက် ဥပဒေအရအရေးယူအပြစ်ပေးခံသည်ဟူ၍ကားမရှိခဲ့ ။ဟစ်တလာလက်ထက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကိုလူမျိုးတုန်းသတ်ဖြတ်ခဲ့သည် ။ထိုအတွက် ထိုစဉ်ကအာဏာရနေသောဟစ်တလာ၏လုပ်ရပ်မှာ မှန်ကန်သယောင်ရှိခဲ့ကာ အမျိုးသားရေးလိုလို ၊မျိုးချစ်လိုလိုပုဂ္ဂိုလ်ကြီးဖြစ်နေခဲ့ပါသည် ။ လူသတ်သမားများအာဏာရလာသောအခါ နိုင်ငံအတွက်ကံဆိုးမိုးမှောင်ကျတော့သည် ။ ကမ္ဘောဒီးယားမှပိုပေါ့ လက်ထက်ကလည်း မိမိနိုင်ငံသားသန်းပေါင်းများစွာ၏အသက်ကိုဖက်ရွက်ပမာစတေးခဲ့သည် ။
       မြန်မာနိုင်ငံတွင်လည်း လူသတ်သမားတို့ခေါင်းဆောင်ဖြစ်သောအခါ ဖွတ်မိချောင်းဖြစ်မြစ်မချမ်းသာဆိုသလို တိုင်းပြည်ဖွတ်သထက်ညစ်တော့သည် ။ပဒေသရာဇ်ခေတ်က သိုဟန်ဘွားဆိုသူသည် ဗုဒ္စဘာသာရဟန်းတော်များစွာကို သတ်ဖြတ်ခဲ့သည် ။ ထိုဟိုဟန်ဘွားလည်းနောက်ဆုံးတွင်ဇာတ်သိမ်းမလှပဲဘ၀နိဂုံးချုပ်ရသည် ။ ဆင်ဖြူမရှင်နှင့် စုဖုရားလတ်လက်ထက်တွင် မန္တလေးနန်းတော်အတွင်း၌ ဆွေတော်မျိုးတော် မင်းညီမင်းသားပေါင်းခြောက်ဆယ်ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်သုတ်သင်ခဲ့ခြင်းမှာ မြန်မာ့ရာဇ၀င်တွင်ဖျက်မရသောအမည်းစက်ကြီးဖြစ်ခဲ့သည် ။ထိုပြစ်မှုအတွက် စုဖူရာလတ်သည်လည်းကောင်း ၊ ဆင်ဖြူမရှင်သည်လည်းကောင်း တရားဥပဒေ၏တိုက်ရိုက်အပြစ်ပေးခြင်းမခံခဲ့ရပါ ။ အဘယ့်ကြောင့်ဆိုသော် ပဒေသရာဇ်ခေတ်တွင် ရှင်ဘုရင်နှင့်မိဖုရားသည် ဥပဒေအထက်တွင်ရှိကြသောကြောင့်ဖြစ်သည် ။ မြန်မာနိုင်ငံသားအချို့က မြန်မာ့မြေမှပဒေသရာဇ်စနစ်နိဂုံးချုပ်သွားခြင်းကိုဝမ်းမြောက်ဝမ်းသာရှိကြသည် ။အဘယ့်ကြောင့်ဆိုသောပဒေသရာဇ်စနစ်၌ဥပဒေအထက်တွင် လူတစ်ဦးတစ်ဖွဲ့ကထင်ရာစိုင်းခွင့်ရနေသောကြောင့်ဖြစ်သည် ။ ထိုထင်ရာစိုင်းစနစ်ကိုယောမင်းကြီးဦဘိုးလှိုင်က ရာဇဓမ္မသင်္ဂဟကျမ်းခေါ် စည်းမျဉ်းခံဘုရင်စံနစ်ဖြင့်အစားထိုးရန်ရေးသားထားသောကျမ်းတစ်စောင်ဘုရင်နှင့်မိဖုရားကိုဆက်သဖူး၏ ။ သို့ သော် ဘုရင်ကသူ့ ကိုဆရာလုပ်သည်ဟုထင်ကာ ကျမ်းစာကိုပင်လွင့်ပစ်ခံခဲ့ရသည်။ ဦးဖိုးလှိုင်လည်းရာဇဒဏ်သင့်အမျက်ရှခြင်းခံရသေး၏။ ဥပဒေကိုရှေ့တန်းတင်လိုသူနှင့်အာဏာကိုရှေ့တန်းတင်လိုသူနှစ်ဦးအားပြိုင်ပွဲတွင် ဥပဒေကိုရှေ့တန်းတင်လိုသူဦးဘိုးလှိုင်အရေးနိမ့်ခဲ့ခြင်းဖြစ်သည် ။

လွတ်လပ်ပြီး မြန်မာနိုင်ငံတွင်လည်း အာဏာရနိုင်ငံ့ခေါင်းဆောင် ၊အာဏာမရ လက်နက်ကိုင်ခေါင်းဆောင်တို့အထဲတွင် သွေးဆာနေသူလူသတ်သမားများလည်း ပါဝင်နေခဲ့သည်ကိုတွေ့ ရမည် ။ ဂဋ္ဌုန်ဦးစောလို နန်းရင်းဝန်အထိအာဏာရဖူးသူပင်လျှင် လူသတ်မှုကြီးတစ်ခုကိုအကွက်ချစီစဉ်ပြီးနိုင်ငံတော်လုပ်ကြံမှုကိုကျူးလွန်ခဲ့၏ ။သို့ သော် ဦးစောကိုဗြိတိသျှအစိုးရက တရားဥပဒေ၏လက်အောက်သို့ ပို့ ဆောင်နိုင်ခဲ့၏ ။ ဦးစောနည်းတူ သခင်သန်းထွန်းသည်လည်းကောင်း ၊ ဦးနေ၀င်းသည်လည်းကောင်း လူတွေသတ်ခဲ့တာအတူတူဖြစ်သည် ။ သို့ သော် ထိုသူနှစ်ဦးသည်ကားဥပဒေအရလူသတ်မှုဖြင့်တရားစွဲမခံခဲ့ရပေ ။ သခင်သန်းထွန်း၏ဖြုတ်ထုတ်သတ်လူသတ်လမ်းစဉ်မှာ ထိတ်လန့်ဖွယ်လူသတ်ပွဲများဖြစ်သည် ။အလုပ်သမားအရေးအခင်း ၊ကျောင်းသားသမဂ္ဂကိုဒိုင်းနမိုက်ဖြင့်ဖြိုခွဲခြင်း ၊ဦးသန့်အရေးအခင်း၊ ၁၉၈၈ ဘုန်းမော်အရေးအခင်း၊ အင်းလျားကန်ဘောင်တံတားနီအရေးအခင်း၊ တို့တွင် ဦးနေ၀င်းလက်ချက်ဖြင့် အသက်ပျောက်ရသော လူငယ်လူရွယ် အလုပ်သမား ကျောင်းသား များမနည်းပေ ။ သို့သော် ထိုစဉ်က နိုင်ငံတော်သမ္မတဖြစ်နေသော၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဖြစ်နေသော ဦးနေ၀င်းကို ဥပဒေကတို့ထိ၍မရခဲ့ပေ ။ဦးနေ၀င်းဘာပဲလုပ်လုပ် ဖိလစ်ပိုင်သမ္မတဒူတာတေးကဲ့သို့  ဥပဒေအထက်တွင်ရောက်နေပေ၏ ။ ဒူတာတေးကမှ ပြည်သူလူထုအတွက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုလုပ်ရင်းလူသုံးယောက်သတ်မိခြင်းဖြစ်သဖြင့်တော်သေးသည်ဟုပြောရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှအာဏာရှင်ကြီးကမူ သူနှင့်သူ၏ မိသားစု ၊ သူ့ အသိုင်းအ၀ိုင်းအာဏာမြဲရေးအတွက်လူများစွာကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ။ လူသတ်မှုကျူးလွန်ရာတွင် သခင်သန်းထွန်းနှင့်ဦးနေ၀င်းသည် အဆင့်အတူတူပင်ဖြစ်သည် ။ ဦးနေ၀င်းကပင်သတ်သည့်အရေအတွက်များနိုင်ပေ၏ ။

    နောက်ပိုင်းခေတ်များတွင်မြန်မာနိုင်ငံတွင် လက်သည်မပေါ်သောလူသတ်မှုများစွာဖြစ်ခဲ့၏ ။ ဒီပဲယင်းလူသတ်မှုကြီး ၊ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှု ၊ကချင်ဆရာမလေးနှစ်ယောက်အသတ်ခံရမှု ၊ ပြည်မြို့န၀ဒေးတံတားအောက်မှစုံတွဲတွင်ယောက်ကျားလေးအသတ်ခံရမှု ၊ တောင်သူဒေါ်ခင်ဝင်းအသတ်ခံရမှု၊သတင်းထောက်ကိုပါကြီးအသတ်ခံရမှု ၊မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှု  မုံရွာသတင်းထောက်ကိုစိုးမိုးထွန်းအသတ်ခံရမှု ၊စသည်တို့မှာထင်ရှားသောအမှုများဖြစ်သည်။ အခြားမထင်မရှားအချုပ်ခန်းများ ၊စစ်ကြောရေးစခန်းများ ၊အကျဉ်းထောင်များ ၊ရဲဘက်စခန်းများ ၊ နယ်စွန်နယ်ဖျားဒေသများတွင်သေဆုံးသွားရှာသူတို့မှာလည်း မနည်းပေ ။ထိုအမှုများမှလူသတ်တရားခံကိုယနေ့တိုင်ဥပဒေ၏ဆုံးမမှုအလင်းရောင်အောက်သို့ မခေါ်ဆောင်နိုင်ခဲ့သေးပါ ။
     ကမ္ဘာမှာရောမြန်မာမှာရော လူသတ်သမားများစွာရှိသည် ။ သင်သည်လူသတ်မှုကို သာမန်အရပ်သားတစ်ယောက်အနေနှင့်ကျူးလွန်လျှင် လူတစ်ယောက်ကိုသတ်မိသည်နှင့် လူသတ်သမား ၊လူသတ်ကောင် ၊လူမဆန်စွာရက်စက်သူ စသည့် ဆိုးရွားယုတ်မာလှသောအမည်များဖြင့် သတင်းစာ ဂျာနယ် စာမျက်နှာထက်တွင်ဖော်ပြခံရပြီးလက်ထိပ်တန်းလန်းဖြင့် တရားခွင်သို့ပို့ ဆောင်ခံရပါလိမ့်မည် ။ သို့ သော်လူသတ်ကောင်သည် အာဏာလက်ကိုင်ရထားသော နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့လျှင် လူသတ်ခြင်းနှင့်ဘုရားတည်ခြင်းမှာ အတူတူပင်ဖြစ်လျက်ဘာမှမခြားနားသောအလုပ်တစ်ခုသဖွယ် သက်တောင့်သက်သာ စည်းစိမ်ဥစ္စာတိုး၍ အနေအစားမပျက် ဇိမ်ကျကာနေနိုင်မည်ဖြစ်ကြောင်း ဒူတာတေး၊ကင်ဂျုံအန်နှင့်အာဏာရှင်အပေါင်းတို့က နည်းပေးလမ်းပြ၊ငရဲသို့ သွားမည့်လမ်းကိုပြလျက်ရှိပါကြောင်း။

သရ၀ဏ်(ပြည်)

No comments:

Post a Comment