Latest News

Wednesday, December 21, 2016

သုံးလသားကလေးငယ်ဝမ်းဗိုက်အတွင်း သုံးမြွှာပူးသန္ဓေတည်မှု ခွဲစိတ်အောင်မြင်

သုံးလသားကလေးငယ်ဝမ်းဗိုက်အတွင်း သုံးမြွှာပူးသန္ဓေတည်မှု ခွဲစိတ်အောင်မြင်



ခွဲစိပ်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ခွဲစိတ်အထူးကု ဆရာဝန်ကြိး ပါမောက္ခ ဒေါက်တာနော်မာသေးကို တွေ့ရစဉ်(ဓာတ်ပုံ−ပိုင်စိုးသူ)
သုံးလသားအရွယ် ယောက်ျားလေး၏ ဝမ်းဗိုက်အတွင်း မှားယွင်းသန္ဓေတည်ခဲ့သည့် သုံးမြွှာကို နေပြည်တော်ခုတင်၁၀၀၀ ဆေးရုံတွင် အောင်မြင်စွာခွဲထုတ်နိုင်ပြီး ကျန်း မာရေးကောင်းမွန်ကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးက ပြောကြားသည်။

 ရှားပါးဖြစ်စဉ် ကြုံတွေ့ခဲ့ သော ကလေးငယ်သည် လွန်ခဲ့ သည့်တစ်ပတ် တနင်္လာနေ့ကစ၍ ဆေးရုံသို့ တက်ရောက် စစ်ဆေး ကုသမှု ခံယူခဲ့ပြီး ဒီဇင်ဘာ ၁၉ရက်က ခွဲစိတ်ကုသမှုအောင်မြင် ခဲ့ကြောင်း သိရသည်။

 ‘‘ဗိုက်ထဲမှာ သန္ဓေတည်နေ တဲ့ သုံးမြွှာကို ခွဲထုတ်တာပါ။ ဒါက ရှားပါးတာပေါ့။ ဒါပေမဲ့ ရှားပါးတဲ့ ဆေးပညာမှတ်တမ်းတစ်ခုပဲပေါ့။ အခုခွဲစိတ်ပြီးတော့လည်း နို့တွေလည်း ကောင်းကောင်းစို့တယ်။ ကျန်တာတွေလည်း ကောင်းပါတယ်’’ဟု နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနော်မာသေးက ပြောသည်။


ယခုကဲ့သို့ ထူးခြားဖြစ်စဉ် သည် ပုံမှန်မွေးဖွားသူ ငါးသိန်း တွင် တစ်ဦးသာ ကြုံတွေ့ရနိုင် ကြောင်း သိရသည်။

မိခင်၏ သန္ဓေသားဘဝက စ၍ အမြွှာများသည် ကလေးငယ် ၏ ဝမ်းဗိုက်အတွင်း သန္ဓေသား လောင်းအဖြစ် ဝင်ရောက်နေခြင်း ဖြစ်နိုင်ကြောင်း  ခွဲစိတ်ဆရာဝန် ကြီးက ဆိုသည်။

 ရေမြွှာအိတ်သုံးခုအနက် တစ်ခုအတွင်း၌ ခေါင်း၊ လက်၊ ခြေထောက်၊ စအိုနှင့် အမွေးအမှင်များပါရှိပြီး   ကျန်နှစ်အိတ်၌ ခန္ဓာကိုယ်အစိတ်အပိုင်းမျှသာ ပါဝင်သည်။

ယခုကဲ့သို့ ခွဲထုတ်ပြီးချိန်တွင်အားလုံးကို အသားစများအဖြစ်သာ ဆေးပညာအရ သတ်မှတ်ကြောင်း ဒေါက်တာနော်မာသေးက ရှင်းပြသည်။

ခွဲစိတ်ကုသမှု မပြုလုပ်မီကသုံးလသားအရွယ် ကလေးငယ်ကို မန္တလေးကလေးဆေးရုံကြီး၊ ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံနှင့် မိတ္ထီလာဆေးရုံတို့တွင် ပြသစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 ‘‘ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံမှာက ငါးရက်ကြာခဲ့တယ်။ အဲဒါလည်း ကလေးက မသက် သာဘူး။ မိတ္ထီလာမြန်မာ-ဂျပန် ဆေးရုံမှာသုံးရက်၊ ပြီးတော့ မန္တ လေးမှာ ခြောက်ရက်ပြသခဲ့တယ်’’ဟု ကလေး၏မိခင် ဒေါ်သန်းသန်း ဦးက ပြောသည်။

ယင်းသို့ ဆေးရုံများ ပြောင်းလဲပြသသော်လည်း ရောဂါကိုတိတိကျကျ သိရှိခဲ့ရခြင်းမရှိဘဲ ခုတင် ၁၀၀၀ ဆေးရုံရောက်မှဖြစ်ရပ်ကို သိရှိကာ ခွဲစိတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ပျဉ်းမနားမြို့နေ မိခင်ကပြောသည်။

‘‘ကျွန်တော်တို့က ရိုးရိုး ရောင်တယ်ပဲထင်တာ။ သူ့အတွင်း ထဲမှာ သန္ဓေတည်တယ်ဆိုတာ မသိဘူး။ ဒီရောက်တော့မှ ကလေးဗိုက်ထဲမှာ သန္ဓေတည် တယ်ဆိုတာသိရတာ’’ဟု ကလေး ၏ဖခင် ဦးမြင့်အေးက ဆိုသည်။

ယခုဖြစ်စဉ်ကဲ့သို့ ၂၀၁၁ ကလည်း  တွေ့ကြုံခဲ့ပြီး ခွဲစိတ်ကုသပေးခဲ့ရကြောင်း ဆရာဝန်ကြီးနော်မာသေးက ဆိုသည်။

ခွဲစိတ်ကုသမှု ခံယူခဲ့သော ကလေးငယ်သည် နေပြည်တော်ခုတင် ၁၀၀၀ ခွဲစိတ်ကုသဆောင်(၁)တွင်ရှိပြီး ၎င်းကိုတစ်ပတ်ခန့် စစ်ဆေးစောင့်ကြပ်ရန် လိုအပ် ကြောင်း ဆရာဝန်ကြီးက ဆိုသည်။


Sources : 7Day

No comments:

Post a Comment