Latest News

Monday, December 12, 2016

ချစ်တဲ့သူကို သတိရတဲ့အခါ( အလွန်ကောင်းတဲ့စာလေးမို့ ဖတ်ကြည့်လိုက်ပါ)

ချစ်တဲ့သူကို သတိရတဲ့အခါ( အလွန်ကောင်းတဲ့စာလေးမို့ ဖတ်ကြည့်လိုက်ပါ)

' တချွတ်ချွတ်' အသံကြားလို့ သရဲခြောက်တယ်လို့ ထင်တဲ့အခါ ဘုရားစာရွတ်ကြ မေတ္တာပို့ကြ ပြီးတော့ အမျှဝေပေးလိုက်။ သာဓုခေါ်ပြီးကျွတ်သွားလိမ့်မယ်။

ဒါကတော့ အားလုံးနားလည်ထားတဲ့ လုပ်ငန်းစဉ်လေးပါ။

မေတ္တာပို့တယ်ဆိုတာ သေသူတွေ၊ မမြင်ရသူတွေကိုသာ ကိုယ့်ကို မနှောင့်ယှက်ရအောင် လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်တယ်။

ကိုယ်မုန်းတဲ့ သူတစ်ယောက် မေတ္တာစူးစေဖို့ မေတ္တာပို့ရတယ်လို့လည်း ထင်နေကြသူအချို့ရှိပါတယ်။

သေသူကို မေတ္တာ ပို့လို့မရပါဘူး၊ လားရာလို့ ထင်တာသာ ရည်စူးအမျှဝေလို့ရပါတယ်။

ကိုယ့်ကိုမနှောက်ယှက်ရအောင် မေတ္တာပို့တဲ့အခါ ကြောက်စိတ်(ဒေါသ) ပါနေတတ်တယ်။ ပြီးတော့ မုန်းသူကို မေတ္တာစူးစေဖို့ ပို့တဲ့ မေတ္တာဟာ မေတ္တာမဟုတ်ပါဘူး၊ အဲ့ဒါ ဒေါသပါ။

တကယ်တော့ မေတ္တာပို့ခြင်းဆိုတာ ရင်ထဲက လာတဲ့ ကြည်နူးမှုနဲ့ ဖြစ်စေချင်တာလေးကို လှိုက်လှိုက်လှဲလှဲဆုတောင်းပေးတာပါပဲ။

ဒါကြောင့် ကုသိုလ်တွေ ရစေချင်လို့ ပေးပို့လို့ရသလို အေးချမ်းမှုတွေရဖို့လည်း ပေးပို့လို့ရပါတယ်။

' ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့
' မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။

ကိုယ်ချစ်တဲ့ သူတစ်ယောက်
~ အေးချမ်းပါစေ။
~ ဘေးအန္တာရယ်တွေက ဝေးပါစေ။
~ စိတ်မဆင်းရဲပါစေနဲ့။
~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။
~ လုပ်ငန်းတွေ အောင်မြင်ပါစေ။
~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။
~ လူမိုက်တွေ ရန်က ဝေးပါစေ။
~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။
စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။

ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။

ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။

' အချစ်' ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။

ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။
မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။
မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။

မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။

အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။

ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။

ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ' မေတ္တာပို့ပါ'

လေးစားလျက်

ဒေါ်ကရုဏာ

Credit - Khin Hnin Kyi Thar
Credit-ဓမ္မရတနာ

No comments:

Post a Comment