Latest News

Tuesday, December 27, 2016

ရုပ်ရှင်သမား အယောက် ၁၀၀ မှာ ၉၀ လောက်က စာမဖတ်ကြဘူးဆိုတဲ့ ဇာဂနာ

ရုပ်ရှင်သမား အယောက် ၁၀၀ မှာ ၉၀ လောက်က စာမဖတ်ကြဘူးဆိုတဲ့ ဇာဂနာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အနုပညာလောကမှာ လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွေ မဲပြာပုဆိုးထဲက မထွက်နိုင်တာက ရုပ်ရှင်သမား အယောက် ၁၀၀ မှာ  ၉၀ လောက်က စာမဖတ်ကြလို့ပါလို့ စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဇာဂနာက The Voice ကို ပြောကြားပါတယ်။

“ကျွန်တော် ဥပမာ ပြောရရင် ဆရာမ ပုညခင်ရဲ့ အနောက်တောင်အရပ်မှ လာခဲ့သူ ဝတ္ထုဆိုရင် သူတို့ မသိဘူး။ အဲ့ဒီဇာတ်လမ်းဟာ ဘယ်လိုရုပ်ရှင်ရိုက်ရင် နိုင်ငံခြားအထိ သွားပြလို့ရလဲ ဆိုတာကို သူတို့မသိဘူး။ ဆရာမြေမှုန်လွင်ရဲ့ ကျောက်စာကို ခဲဖျက်နှင့် ဖျက်လို့မရဆိုတဲ့ စာအုပ်ဟာ ရုပ်ရှင်ရိုက်ရင် ဘယ်လောက်ကောင်းမယ်ဆိုတာ သူတို့မသိဘူး” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

စာဖတ်အား နည်းပါးတဲ့အတွက် ဘယ်သူတွေက ဘယ်လိုစာအုပ်မျိုးတွေ ရေးနေကြတယ် ဆိုတာကို မသိကြဘဲ ဇာတ်လမ်းအဟောင်းတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေကြပြီး ဆန်းသစ်တဲ့ ဇာတ်လမ်းမျိုးတွေကို ဖန်တီးနိုင်စွမ်း မရှိကြတော့တာ ဖြစ်ကြောင်း ဦးဇာဂနာက ပြောကြားပါတယ်။

“၂၀၁၇၊ စက်တင်ဘာလထဲမှာ လုပ်မယ့် မြန်မာ့ရုပ်ရှင် ဒီမိုကရေစီ ရက်သတ္တပတ်အတွက် ကျွန်တော်တို့ဆီကို ပို့ထားတဲ့ ဇာတ်လမ်းတွေဆို အရမ်းကောင်းတယ်။ စာရေးဆရာ သူရဿဝါတို့၊ ချမ်းထက်ဟန်တို့၊ ဆူးခက်မင်းတို့ ရေးပြီးတင်လာတဲ့ ဇာတ်လမ်းတွေဟာ ကျွန်တော်တို့ ကြက်သီးထလောက်အောင်ကို ကောင်းပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ်အတွက် ဇာတ်လမ်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ နောက်ဆုံးပေးပို့ဖို့ ဖိတ်ခေါ်ထားပြီး ရွေးချယ်ခံရရင်တော့ အနုပညာ ဉာဏ်ပူဇော်ခကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

Sources; The Voice

No comments:

Post a Comment